ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ (၁၀) ရပ်ကွက်၊ အင်းလျားရိပ်သာလမ်းရှိ အင်းလျားကန်အား ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန(ရေနှင့်သန့်ရှင်းမှု)မှ ဝန်ထမ်း ၂၀၀ ဦးဖြင့် ပြုပြင်ထိန်းသိမ်းမှုများပြုလုပ်လျက်ရှိပြီး ရန်ကုန် ဒု – မြို့တော်ဝန် ဦးညီညီမှ ဇွန် (၁) ရက်တွင် နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။
အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) မှ ဝန်ထမ်း (၂၀၀) ဦးသည် အင်းလျားကန်၏ ရေပိုလွှဲရေထိန်းတံခါးများ ကြံ့ခိုင်ကောင်းမွန်ရေး၊ ရေပိုလွှဲကြမ်းခင်း၊ မြေထိန်းနံရံရှိ မြက်ချုံများနှင့် ရေပိုလွှဲ ရေထုတ်မြောင်းအတွင်းရှိ အမှိုက်များအား ရှင်းလင်းခြင်းတို့ကို ဆောင်ရွက်နေခြင်းဖြစ်သည်။
ထို့ပြင် ရေပိုလွှဲနှင့် ရေမြောင်း ဝဲ/ယာ မြက်ပင်ချုံနွယ်များ၊ အန္တရာယ်ရှိ သစ်ပင်အကိုင်းအခက်များ ရှင်းလင်းခြင်း၊ အင်းလျားကန်စပ်နုန်းများ ပို့ချခြင်းကြောင့် ကန်တိမ်ကောသည့် နေရာများကို ယန္တရားအင်အား၊ လုပ်သားအင်အားများဖြင့် တူးဖော်ခြင်း၊ ရေညှိရေမှော်များဆယ်ယူခြင်းတို့ကိုလည်း ဆောင်ရွက်လျက်ရှိသည်။
အင်းလျားကန်သည် ရန်ကုန်မြို့၏ အဓိကကျသည့် အများပြည်သူ အပန်းဖြေရာ စိမ်းလန်းဧရိယာ တစ်ခုဖြစ်ပြီး ရန်ကုန်မြို့အတွက် လိုအပ်သော အရန်ရေသိုလှောင်ထားရာ ရေကန်ကြီးဖြစ်၍ ကန်ရေပြင်ကြည်လင်သန့်ရှင်းရေး၊ကန်ဝန်းကျင် သန့်ရှင်းသာယာသပ်ရပ်ရေးနှင့်အင်းလျားကန် ရေရှည်ကြံ့ခိုင်ရေးတို့အတွက် စဉ်ဆက်မပြတ် ပြုပြင်ထိန်းသိမ်းစောင့်ရှောက်လျက်ရှိကြောင်း YCDC မှ သိရသည်။