ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲလျက်ရှိသည့် YBS အများပြည်သူသုံး ခရီးသည်တင်ယာဉ်များ၏ ယာဉ်ကြံ့ခိုင်မှုများကို အပတ်စဉ် သို့မဟုတ် လစဉ် စစ်ဆေးရန်နှင့် Global Positioning System (GPS) စနစ်များ တပ်ဆင်ထိန်းကျောင်းရန် အစီအစဉ်ရှိ၊ မရှိကို ကျောက်တံတားမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဦးကျော်မင်းထက်က ဇွန် ၁၆ ရက်တွင် ကျင်းပသည့် တတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၌ မေးမြန်းခဲ့သည်။
ဦးကျော်မင်းထက်က YBS ယာဉ်များ၏ ကြံ့ခိုင်မှုအားနည်းခြင်းကြောင့် ရန်ကုန်မြို့တွင်း လမ်းမများပေါ်တွင် ယာဉ်မတော်တဆမှုများ မကြာခဏဖြစ်ပွားနေပြီး ခရီးသည်များနှင့် လမ်းလျှောက်သွားလာသူအချို့ အသ-က်ဆုံးရှုံးမှုများ ရှိနေကြောင်း ထောက်ပြခဲ့သည်။ ထို့ပြင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာမှု အားနည်းခြင်းကြောင့် ယာဉ်ကြောပိတ်ဆို့မှုများနှင့် ယာဉ်တို-က်မှုများလည်း ဖြစ်ပေါ်နေကြောင်း ဆွေးနွေးခဲ့သည်။
ထို့အပြင် YBS ယာဉ်များ၏ သွားလာမှု၊ အရှိန်ပြင်းမောင်းနှင်မှုနှင့် ယာဉ်မောင်းများ၏ စည်းကမ်းလိုက်နာမှုကို အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်ထိန်းကျောင်းနိုင်ရန် GPS စနစ်များ တပ်ဆင်သင့်ကြောင်း၊ ယင်းစနစ်များသည် အနာဂတ် Smart City ဖော်ဆောင်ရေးနှင့် Intelligent Transportation System (ITS) တည်ဆောက်ရေးအတွက်လည်း အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အဆိုပါ မေးခွန်းနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင့်က YBS ခရီးသည်တင်ယာဉ်များတွင် ITS နည်းပညာအသုံးပြု Telematics GPS စနစ်နှင့် CCTV ကင်မရာများ တပ်ဆင်ထားပြီးဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။
၎င်းက အဆိုပါစနစ်များကို အသုံးပြု၍ ဒဂုံမြို့နယ် အလုံလမ်းရှိ ပြည်သူ့ဥယျာဉ်ဝင်းအတွင်း ဖွင့်လှစ်ထားသည့် Control Center မှတစ်ဆင့် YBS ယာဉ်များ၏ နေ့စဉ်ပြေးဆွဲမှု၊ မောင်းနှင်မှု၊ ယာဉ်စည်းကမ်းဖေ-ာက်ဖျ-က်မှုများ၊ ထူးခြားဖြစ်စဉ်များနှင့် ယာဉ်မတော်တဆမှုများကို စောင့်ကြည့်စစ်ဆေးလျက်ရှိကြောင်း ပြောကြားခဲ့သည်။
ယင်းသို့ စောင့်ကြည့်စစ်ဆေးမှုများမှတစ်ဆင့် စည်းကမ်းဖေ-ာက်ဖျ-က်သည့် ယာဉ်များအား စုစုပေါင်း ၁၇,၇၈၁ မှုအထိ အရေးယူဆောင်ရွက်ထားပြီးဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
ထို့ပြင် YBS ယာဉ်များတွင် CCTV နှင့် GPS စနစ်များ တပ်ဆင်ရေးလုပ်ငန်းကို ၂၀၂၂ ခုနှစ် နိုဝင်ဘာလမှ စတင်ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွင် CCTV Data Server စမ်းသပ်တပ်ဆင်ခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ် ဇွန်လတွင် Server တပ်ဆင်မှု ပြီးစီးခဲ့ကာ ယာဉ်များတွင် CCTV နှင့် ဆက်စပ်စက်ပစ္စည်းများ တပ်ဆင်ခြင်းကို ၂၀၂၃ ခုနှစ် မတ်လမှ စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် အပြီးသတ် တပ်ဆင်နိုင်ခဲ့ကြောင်း သိရသည်။
ယာဉ်ကြံ့ခိုင်မှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း YBS ပြေးဆွဲနေသည့် အများပိုင်ကုမ္ပဏီ ၂၁ ခုနှင့် ယာဉ်လိုင်း ၁၃၅ လိုင်းရှိပြီး ယာဉ်ကြံ့ခိုင်မှုများကို စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်ရန် တရားဝင်ညွှန်ကြားထားပြီးဖြစ်ကြောင်း ဗိုလ်မှူးကြီး ဝင်းတင့်က လွှတ်တော်တွင် ဖြေကြားခဲ့သည်။
