မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် ဖိတ်ခေါ်ကြောင်း ချုံချင့်-ရန်ကုန်လေကြောင်းလိုင်းမြှင့်တင်ခြင်းအခမ်းအနားသို့ တက်ရောက်မိန့်ခွန်းပြောကြားစဉ် တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးတင်မောင်ဆွေက ပြောကြားခဲ့သည်။
ချုံချင့်မြို့သည် ရပ်ဝန်းနှင့် ပိုးလမ်းမစီမံကိန်းနှင့် ယန်ဇီမြစ်စီးပွားရေးခါးပတ်လမ်းကြောင်းတို့ ဆုံမှတ်နေရာတွင် တည်ရှိသည့်အတွက် Chengdu-Chongqing Twin Cities Economic Circle နှင့် New Western Land-Sea Corridor တို့ကဲ့သို့သော တရုတ်နိုင်ငံ၏ အရေးပါသည့် မဟာဗျူဟာမြောက်စီမံကိန်းများ အကောင်အထည်ဖော်နိုင်မည့် အားသာချက်များ ရှိကြောင်း၊ အဆိုပါစီမံကိန်းများသည် နိုင်ငံတကာထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်ကို မြှင့်တင်နိုင်ပြီး စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ပြည်သူအချင်းချင်းဖလှယ်မှုများကို တိုးမြှင့်ဆောင်ရွက်နိုင်ကြောင်း သံအမတ်ကြီး ဦးတင်မောင်ဆွေက ပြောသည်။
ထို့ပြင် West Airline ဖြင့် ချုံချင့်-ရန်ကုန်လေကြောင်းလိုင်းသစ် ပြေးဆွဲနိုင်မည်ဆိုပါက မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံကြား စီးပွားဆက်ဆံမှု၊ ပြည်သူအချင်းချင်း ချစ်ကြည်ရင်းနှီးမှု၊ ယဉ်ကျေးမှုဖလှယ်ရေးတို့ကို ခိုင်မာအားကောင်းစေနိုင်သည့် အရေးပါသော မှတ်တိုင်တစ်ခု ဖြစ်လာမည်ဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေးတွင် အခွင့်အလမ်းသစ်များ ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်းဖြင့် ၎င်းက ဆက်လက်ပြောကြားခဲ့သည်။
ထို့နောက် မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် ဖိတ်ခေါ်ခဲ့သည်။
အခမ်းအနားသို့ ချုံချင့်မြူနီစီပယ် ပြည်ပရောက်တရုတ်နိုင်ငံသားများရုံး ညွှန်ကြားရေးမှူး Mr. Wang Jianguo ၊ ချုံချင့်မြူနီစီပယ် လေကြောင်းဌာနညွှန်ကြားရေးမှူး Mr. Hu Xiaofeng၊ ချုံချင့်နိုင်ငံခြားရေးရုံး ဒုတိယညွှန်ကြားရေးမှူး Mr. Feng Zi-min၊ International Airport Co., Ltd. ဒုတိယအထွေထွေမန်နေဂျာ Mr. Shao Jin၊ Jiangbei၊ Western Airlines ဥက္ကဋ္ဌ Mr. Wang Ke နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရသည်။
