ကုန်သည်စက်မှုအသင်းချုပ်၊ အလုပ်ရှင်အဖွဲ့အစည်းဌာနမှ ၂၀၂၃ ခုနှစ်အတွင်း အလုပ်သမားရေးရာ သင်တန်းများ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်သည်။
ဖွင့်လှစ်မည့်သင်တန်းများမှာ (၁) ပုဂ္ဂလိကအလုပ်ရှင်များအတွက် မြန်မာနိုင်ငံအလုပ်ဥပဒေများ၊ နည်းဥပဒေများအား ကြိုတင်မိတ်ဆက်ခြင်း၊ (၂) လုပ်ငန်းခွင် အလုပ်သမားရေးရာအငြင်းပွားမှုများ ဖြေရှင်းဆောင်ရွက်ခြင်းစနစ်နှင့် လက်တွေ့ကျင့်သုံးဆောင်ရွက်နေမှုများ၊ (၃) အလုပ်ခန့်ထားမှုဆိုင်ရာသဘောတူညီချက် စာချုပ်ချုပ်ဆိုခြင်းနှင့် စာချုပ်ရပ်စဲခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ၊ (၄) ခွင့်ရက်နှင့် အလုပ်ပိတ်ရက်အက်ဥပဒေ၊နည်းဥပဒေများပြဋ္ဌာန်းချက်ကို လက်တွေ့ကျင့်သုံးမှုလမ်းညွှန်များ၊ (၅) အဆိုင်းစနစ်ဖြင့် အလုပ်လုပ်ကိုင်ခြင်းနှင့် အချိန်ပိုလုပ်ကိုင်ခြင်းဆိုင်ရာ လမ်းညွှန်ချက်များ၊ (၆) ကလေးအလုပ်သမားနှင့် အဓမ္မအလုပ်စေခိုင်းခြင်းဆိုင်ရာ ဥပဒေပြ၏ဋ္ဌာန်းချက်များ၊ (၇) အခကြေးငွေပေးချေခြင်းဆိုင်ရာအချက်အလက်များကို ပို့ချသွားမည်ဖြစ်သည်။
ယင်းတွင် ပုဂ္ဂလိကအလုပ်ရှင်များအတွက် မြန်မာနိုင်ငံအလုပ်ဥပဒေများ၊ နည်းဥပဒေများအား ကြိုတင်မိတ်ဆက်ခြင်းသင်တန်းကို ဇွန်လ ၁၉ ရက်နေ့၊ နေ့လည် ၁ နာရီမှ ညနေ ၄ နာရီအထိ ကုန်သည်စက်မှုအသင်းချုပ်ရုံး၌ UMFCCI မှတာဝန်ရှိသူများနှင့် အလုပ်ရှင်ကိုယ်စားလှယ် ခုံသမာဓိကောင်စီမှ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
အလားတူ ကျန်ရှိသည့်သင်တန်းများကို ဇွန်လ ၂၃ ရက်နှင့် ၂၉ ရက်၊ ဇူလိုင်လ ၇ ရက်၊ ၁၄ ရက်နှင့် ၂၁ ရက်နေ့များတွင် နေ့လည် ၁ နာရီမှ ၃ နာရီအထိ အွန်လိုင်းမှ အလုပ်ရှင်အဖွဲ့အစည်းဌာန၊ UMFCCI တို့မှ သင်ကြားပေးသွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါသင်တန်းအတွက် သင်တန်းကြေးမှာ EOD Subscriber ၃၀၀၀၀ ကျပ်၊ EOD Non – Subscriber ၆၀၀၀၀ ကျပ်သတ်မှတ်ထားကြောင်း၊ ဖော်ပြပါ သင်တန်း၏ ဘာသာရပ်အားလုံးကို အချိန်ပြည့်တက်ရောက်ပြီး သင်တန်းမှချမှတ်ပေးသည့် အစီရင်ခံစာများတင်ပြပြီးစီးပါက သင်တန်းတက်ရောက်မှုလက်မှတ် ထုတ်ယူရရှိနိုင်မည်ဖြစ်ကြောင်းသိရသည်။
ယင်းအပြင် သင်တန်းဖွင့်လှစ်ပို့ချမည့် ZOOM Link အား စာရင်းပေးသွင်းသူများထံသင်တန်းတစ်ခုချင်းအလိုက် သီးခြားအကြောင်းကြားပေးသွားမည်ဖြစ်ကြောင်း၊ မှတ်ပုံတင်စာရင်းပေးသွင်းရာတွင်လည်း ကုမ္ပဏီအမည်၊ လုပ်ငန်းအမည် မမှန်မကန် ပေးပို့ခြင်းမပြုရဘဲ အမည်စာရင်းပေးသွင်းထားသူအစား အခြားသူများအား အစားထိုးတက်ရောက်စေခြင်း လုံးဝမပြုရ၊ သင်တန်းမှ အခါအားလျော်စွာ ထုတ်ပြန်သည့် အချက်များအား မပျက်မကွက်လိုက်နာဆောင်ရွက်ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။