ရွေးကောက်ပွဲ အတွက် ဆောင်ရွက်နေမှုအခြေအနေများ နှင့် နိုင်ငံတကာစောင့်ကြည့်လေ့လာရေးနှင့် ပတ်သက်ပြီး ဆွေးနွေး
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) ဥက္ကဌ ဦးသန်းစိုး သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Ms. Ma Jia ကို ယနေ့ နိုဝင်ဘာ(၁၈)ရက်နေ့၌ ရွေးကောက်ပွဲကော်မရှင်ရုံး တွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ဆောင်ရွက်နေမှု အခြေအနေများ ကြိုတင် ဆန္ဒမဲပေးခြင်းဆိုင်ရာ ကိစ္စရပ်များ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေး နှင့် ပတ်သက်ပြီး သိရှိလိုသည်များ၊ ရွေးကောက်ပွဲ အတွက် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ နှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရွေးကောက်ပွဲ ကော်မရှင် အနေနဲ့ လွတ်လတ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးပြင်ဆင်ဆောင်ရွက်နေမှုများ ပြည်တွင်းပြည်ပမှ မဲဆန္ဒရှင်ပြည်သူများ ဥပဒေနှင့်အညီ ကြိုတင်မဲပေးနိုင်ရေးဆောင်ရွက်နေမှုများ တရုတ်နိုင်ငံအပါအဝင် နိုင်ငံတကာက ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များ သံတမန်များ အား ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာနိုင်ရေး ဆောင်ရွက်နေမှုများ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြမည် နိုင်ငံရေးပါတီများ လွှတ်တော်ကိုယ်စားလှယ်လောင်းများ နှင့် မဲရုံများမှာ မဲဆန္ဒရှင်ပြည်သူများ လုံခြုံအေးချမ်းစွာ ဆန္ဒမဲပေးနိုင်ရေး စီစဉ်ဆောင်ရွက်ထားမှုအခြေအနေများကို ရှင်းလင်းပြောကြားပြီး ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
လာမည်ရွေးကောက်ပွဲ အပိုင်း(၁)ကို ဒီဇင်ဘာ(၂၈)ရက်နေ့ ၌ စတင်ကျင်းပမည်ဖြစ်ပြီး အပိုင်း(၂)ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီ(၁၁)ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်းလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က အသိပေးထုတ်ပြန်ထားသည်။
