မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) သည် ဂျပန်နိုင်ငံ၌ ကျင်းပမည့် U-12 Junior Soccer World Challenge 2026 ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ ယူ-၁၂ အသင်းအတွက် ကစားသမားရွေးချယ်ပွဲကို ဇူလိုင် ၁၁ ရက်နှင့် ၁၂ ရက်တွင် ရန်ကုန်နှင့် မန္တလေးမြို့တို့၌ တစ်ပြိုင်နက်တည်း ကျင်းပမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။
အဆိုပါ ပြိုင်ပွဲသည် ဂျပန်နိုင်ငံက နှစ်စဉ်အိမ်ရှင်အဖြစ် ကျင်းပသည့် နိုင်ငံတကာ လူငယ်ဘောလုံးပြိုင်ပွဲဖြစ်ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် လူငယ်ကစားသမားများ နိုင်ငံတကာအတွေ့အကြုံ ရရှိစေရန် ရည်ရွယ်၍ ၂၀၂၃ ခုနှစ်မှစတင်ကာ နှစ်စဉ် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိပြီး ယခုနှစ်မှာ စတုတ္ထအကြိမ်မြောက် ပါဝင်ယှဉ်ပြိုင်ခြင်းဖြစ်သည်။
ရွေးချယ်ပွဲကို ရန်ကုန်မြို့ရှိ အမျိုးသားဘောလုံးအကယ်ဒမီနှင့် မန္တလေးမြို့ရှိ မြန်မာဘောလုံးအကယ်ဒမီတို့တွင် ကျင်းပမည်ဖြစ်ပြီး နိုင်ငံတစ်ဝန်းမှ သတ်မှတ်အသက်အရွယ်နှင့် ကိုက်ညီသည့် လူငယ်ကစားသမားများ လာရောက်ရွေးချယ်ခံနိုင်ကြောင်း သိရသည်။
MFF သည် ၂၀၂၆ ခုနှစ်အတွက် FIFA-MFF TDS Scouting Tour အစီအစဉ်ကို ဧပြီလနှင့် မေလအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ကျင်းပကာ ယူ-၁၁/၁၂၊ ယူ-၁၃၊ ယူ-၁၄ နှင့် ယူ-၁၅ အကယ်ဒမီကစားသမားများကို ရွေးချယ်ထားပြီးဖြစ်သော်လည်း ဒေသအသီးသီးရှိ အရည်အချင်းရှိ လူငယ်များကို ထပ်မံအခွင့်အရေးပေးနိုင်ရန် ယခုရွေးချယ်ပွဲကို ထပ်မံစီစဉ်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
ရွေးချယ်ပွဲတွင် ပါဝင်လိုသူများသည် သတ်မှတ်ထားသည့် လျှောက်လွှာကို ဖြည့်စွက်၍ ဇူလိုင် ၉ ရက် ရုံးချိန်မတိုင်မီ သတ်မှတ်ထားသည့် အီးမေးလ်လိပ်စာသို့ ပေးပို့လျှောက်ထားရမည်ဖြစ်သည်။
လျှောက်ထားသူများသည် ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၁ ရက်နှင့် နောက်ပိုင်းတွင် မွေးဖွားသူများ ဖြစ်ရမည်ဖြစ်ပြီး ရွေးချယ်ပွဲနေ့တွင် ကျောင်းထောက်ခံစာ၊ အိမ်ထောင်စုစာရင်းနှင့် မွေးစာရင်းတို့ကို ယူဆောင်လာရမည်ဖြစ်ကြောင်း၊ အသက်အတည်ပြုခြင်းကို MFF ဆေးအဖွဲ့၏ စစ်ဆေးအတည်ပြုချက်ဖြင့်သာ ဆုံးဖြတ်မည်ဖြစ်ပြီး သတ်မှတ်ရက်အတွင်း လျှောက်ထားသူများထဲမှသာ ရွေးချယ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
