သမ္မတ ဒေါ်နယ်ထရမ့်က Tren de Aragua အကြမ်းဖက်ဂိုဏ်းရဲ့ ခေါင်းဆောင်ကို အမေရိကန်တပ်ဖွဲ့တွေက ချေမှုန်းနိုင်ခဲ့ကြောင်း ပြောကြားလိုက်ပါတယ်။
သမ္မတ ထရမ့်ရဲ့ အမိန့်ပေးချက်အရ၊ ဗင်နီဇွဲလားဘက်က တာဝန်ရှိသူတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး အမေရိကန် တောင်ပိုင်းစစ်ဌာနချုပ် ကနေ လျင်မြန်ပြတ်သားတဲ့ တိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့တာပါ။ ဒီတိုက်ခိုက်မှုကြောင့် “ကမ္ဘာပေါ်မှာ အရက်စက်ဆုံး အကြမ်းဖက်အဖွဲ့အစည်းတွေထဲက တစ်ခုဖြစ်တဲ့ Tren de Aragua ရဲ့ ခေါင်းဆောင် နီနို ဂွီရေရို(Nino Guerrero) ကို အောင်မြင်စွာ ရှင်းလင်းနိုင်ခဲ့တယ်” လို့ Truth Social မှာ ထရမ့်က ရေးသားထားပါတယ်။
“ဒီလုပ်ဆောင်ချက်ကို ကျွန်တော်တို့နဲ့ အလွန်ကောင်းမွန်တဲ့ ဆက်ဆံရေးရှိတဲ့ ဗင်နီဇွဲလားဘက်က မိတ်ဆွေတွေနဲ့ တိုင်ပင်ညှိနှိုင်းပြီး လုပ်ဆောင်ခဲ့တာပါ” လို့လည်း သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။ အမေရိကန်သမ္မတအနေနဲ့ ဒီဂိုဏ်းကို အမေရိကန်ရဲ့ အကြမ်းဖက်အဖွဲ့အစည်းများ စာရင်းထဲမှာ အရင်ကတည်းက သတ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။
