ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) က ပေးအပ်ချီးမြှင့်မယ့် ၂၀၂၂ ခုနှစ်အတွက် The Best FIFA Football Awards အကောင်းဆုံး ဆုပေးအပ်ပွဲအခမ်းအနားကို ပြင်သစ်နိုင်ငံ ပါရီမြိုမှာ ကျင်းပသွားမယ်လို့ သိရပါတယ်။
The Best FIFA Football Awards ဆုပေးပွဲအခမ်းအနားကို မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၂၈ ရက် နံနက် ၁၂ နာရီ ၃၀ မိနစ်မှာ စတင်ကျင်းပမှာဖြစ်ပြီး FIFA ရဲ့ တရားဝင် YouTube Channel မှ တိုက်ရိုက်ထုတ်လွှင့်ပြသမှာဖြစ်တယ်လို့သိရပါတယ်
အဲ့ဒီ ဆုပေးပွဲအခမ်းအနားမှာ အမျိုးသားကစားသမားဆု၊ အမျိုးသမီးကစားသမားဆု၊ အမျိုးသားနည်းပြဆု၊ အမျိုးသမီးနည်းပြဆု၊ အမျိုးသားဂိုးသမားဆု၊ အမျိုးသမီးဂိုးသမားဆု၊ အကောင်းဆုံးသွင်းဂိုးဆု၊ အကောင်းဆုံးပရိသတ်ဆုတွေအပြင် ကမ္ဘာ့အကောင်းဆုံးအမျိုးသားအသင်းနဲ့ အမျိုးသမီးအသင်းတို့ကို ရွေးချယ်ပေးသွားမယ်လို့ သိရပါတယ်။
အမျိုးသားကစားသမားဆုအတွက် စကာတင်သုံးဦးစာရင်းမှာ တိုက်စစ်ကစားသမားတွေဖြစ်ကြတဲ့ မက်ဆီ၊ ဘာပေနဲ့ ဘန်ဇီမားတို့ ပါ၀င်နေပါတယ်။
အဲ့ဒီအထဲမှာမှ အာဂျင်တီးနားအသင်းနဲ့အတူ လောလောလတ်လတ် ၂၀၂၂ ကမ္ဘာ့ဖလားချန်ပီယံဆုအပြင် ဆုများစွာ ရရှိထားတဲ့ မက်ဆီက The Best FIFA ဆုကို ဆွတ်ခူးမယ်လို့ ရေပန်းစားနေပါတယ်။
The Best FIFA Football Awards ဆုဟာ ၂၀၂၁ ခုနှစ် ဩဂုတ်လမှ ၂၀၂၂ ဒီဇင်ဘာလအတွင်း စွမ်းဆောင်ရည်တွေအပေါ် မူတည်ပြီး ဆုရွေးချယ်ချီးမြှင့်သွားမှာဖြစ်ပါတယ်။




