3:01 pm

၂၀၂၅ ခုနှစ်ရောက်ရင် စက်တွေဟာ လူတွေရဲ့နေရာကို လက်ရှိအချိန်မှာထက် ပိုပြီးနေရာယူလာကြလိမ့်မယ်ဆိုပေမယ်လို့ ပြီးခဲ့တဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာတင်သွင်းတဲ့ အစီရင်ခံစာတစ်ခုကတော့ လာမယ့် ၅ နှစ်အတွင်းမှာ လူတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းအသစ်တွေ ၅၈ သန်းလောက်အထိ ပေါ်လာဦးမှာပါလို့ ဆိုထားပါတယ်။
အလိုအလျောက်အလုပ်လုပ်တဲ့စက်တွေဖန်တီးမှုနည်းပညာနဲ့ အသိဥာဏ်တုနည်းပညာတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ လက်ရှအချိန်မှာလူသားတွေလုပ်နေကြတဲ့ အလုပ်အကိုင် ၇၅သန်းလောက်ကို အစားထိုးနေရာယူကြလာမယ်လို့လဲ “၂၀၁၈ အလုပ်ကိုင်တွေရဲ့ အနာဂတ်”ဆိုတဲ့ အဲဒီ အစီရင်ခံစာကဆိုထားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် နောက်ထပ် အလုပ်အကိုင်အခွင့်အလမ်းသစ်ပေါင်း ၁၃၃ သန်းဟာလဲ လူတွေအတွက် ထပ်ပြီးပေါ်လာဦးမယ်ဆိုတော့ကာ နည်းပညာတွေတိုးတက်လာတာကြောင့် စက်တွေကနေရာဝင်ယူကြမယ့် အလုပ်အကိုင် ၇၅ သန်းကိုအဲဒီအထဲက နုတ်ချလိုက်ရင် ၂၀၂၂ ခုနှစ်ရောက်ရင် လူသားတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းသစ်ပေါင်း ၅၈သန်းပေါ်လာနေဦးမှာလို့ ဆိုနိုင်တာပါပဲ။
တစ်ချိန်ထဲမှာပဲ ကဏ္ဍသစ်တွေရဲ့ အလုပ်အကိုင်တွေကြောင့် အရည်အသွေးပိုင်းဆိုင်ရာမှာလဲ အင်မတန်သိသာထင်ရှားတဲ့ အရွေ့တွေပေါ်ပေါက်လာကြဦးမှာဖြစ်ပြီး၊ အချိန်ပြည့်ဝန်ထမ်းဆိုတာဟာ ပျောက်ကွယ်သွားမယ့် အလားအလာရှိတယ်လို့လဲ အဲဒီအစီရင်ခံစာကဆိုထားပြန်ပါတယ်။
တစ်ချို့သော ကုမ္ပဏီတွေဟာ ယာယီလုပ်သားတွေ၊ အလွတ်သဘောဝန်ထမ်းတွေနဲ့ အထူးအချိန်ပိုင်းဝန်ထမ်းတွေကို အလုပ်နေရာတွေအတွက်ရွေးချယ်လာကြမှာဖြစ်ပြီး အဲဒီအလုပ်တွေရဲ့အပ,ကိုတော့ အလိုအလျောက်နည်းပညာတွေက နေရာယူသွားကြမှာဖြစ်ပါတယ်။
လူသားဝန်ထမ်းတွေအတွက် အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုအသစ်ကတော့ လုပ်သားတွေနဲ့စက်တွေအကြားဆက်သွယ်ဆောင်ရွက်ရမယ့် လုပ်ငန်းတွေကို ကျွမ်းကျင်ပိုင်နိုင်ဖို့ပါပဲ။
အခု ၂၀၁၈ မှာ စက်တွေဟာ လူသားအလုပ်အကိုင်တွေရဲ့ ၂၉ ရာခိုင်နှုန်းအထိနေရာယူထားကြတာဖြစ်ပေမယ့် ၂၀၂၂ ခုနှစ်ရောက်ရင်တော့ လက်ရှိအလုပ်အကိုင်တွေရဲ့ ၄၂ ရာခိုင်နှုန်းကို စက်တွေကပဲ နေရာယူလုပ်ကိုင်သွားကြမယ်လို့မျှော်လင့်ထားတယ်လို့လဲ အဲဒီအစီရင်ခံစာဆိုထားပြန်ပါတယ်။ ဒါကြောင့်မို့လို့ ၂၀၂၂ ခုနှစ်ရောက်ရင် လူသားတွေလုပ်ကိုင်မှုဟာ ၅၈ ရာခိုင်နှုန်းပဲရှိတော့မှာဖြစ်ပြီး လက်ရှိအလုပ်ချိန်တွေရဲ့ ၇၁ ရာခိုင်နှုန်းလောက်ပဲ အလုပ်လုပ်ရတော့မှာလဲဖြစ်ပါတယ်။
အသိဥာဏ်တုနည်းပညာနဲ့ အလုပ်အကိုင်တွေအပေါ် သူ့ရဲ့ သက်ရောက်မှုကတော့ ဒီဘိတ်တွေမှာ ကျွမ်းကျင်သူပညာရှင်တွေ ငြင်းခုန်ဆွေးနွေးနေကြတဲ့ ပွဲဆူသောအကြောင်းအရာတစ်ခုဖြစ်နေပြီး လာမယ့် ဆယ်စုနှစ်မှာ သန်းနဲ့ချီတဲ့ အလုပ်အကိုင်တွေကို နေရာယူသွားကြမှာလို့လဲ ဟောကိန်းထုတ်နေကြပါတယ်။ ဒါပေမယ့် များစွာသော စီးပွားရေးလုပ်ငန်းဆိုင်ရာ အမှုဆောင်ကြီးတွေအကြား လက်ရှိအစဉ်အလာအသိပညာအရတော့ အဲဒီ အသိဥာဏ်တုနည်းပညာကပဲ အလုပ်အကိုင်သစ်တွေကို ဖန်တီးပေးလာဦးမှာလို့ဆိုနေဆဲပါပဲ။
ကမ္ဘာမှာထင်ရှားတဲ့ စာရင်းစစ်အဖွဲ့ကြီးတစ်ခုရဲ့ ဆန်းစစ်လေ့လာမှုကလဲ အဲဒီအတိုင်းပဲ ဟောကိန်းထုတ်ထားပါတယ်။ အသိဥာဏ်တုနည်းပညာ၊ စက်ရုပ်နည်းပညာနဲ့ အခြားအခြားသော တတ်သိလိမ္မာအလိုအလျောက်နည်းပညာတွေဟာ ကုန်ထုတ်လုပ်ရေးတွေကို မြှင့်တင်ပေးမှာဖြစ်သလို ပိုမိုကောင်းမွန်တဲ့ထုတ်ကုန်တွေနဲ့ ၀န်ဆောင်မှုတွေကိုလဲ ဖန်တီးပးမှာဖြစ်ပါတယ်။ အဲဒီလိုနဲ့ လက်ရှိအလုပ်အကိုင်နေရာတွေကို သူတို့က နေရာဝင်ယူသွားစဉ်မှာပဲ သဘာဝရဲ့ အခြေခံပြောင်းလဲမှုသဘောအရ အလုပ်အကိုင်သစ်တွေကိုလဲ အလိုအလျောက်ပေါ်ပေါက်လာစေမှာဖြစ်ပြီး ရေရှည်အကျိုးအမြတ်အနေနဲ့ အားလုံးအတွက် ကောင်းတဲ့ဖက်ကို အကျိုးသက်ရောက်လာမှာဖြစ်ပါတယ်။
အဲဒီ ကမ္ဘာ့စီးပွားရေးဖိုရမ်က အစီရင်ခံစာဟာ လူသားအရင်းအမြစ်အရာရှိတွေ၊ စီးပွားရေးမဟာဗျူဟာပညာရှင်တွေနဲ့ တကမ္ဘာလုံးမှာရှိတဲ့ နာမည်ကြီး ကုမ္ပဏီ ၃၀၀ကျော်က အမှုဆောင်အရာရှိချုပ်တွေရယ် စက်ရုံပေါင်းများစွာက ၀န်ထမ်းတွေဆီရယ်ကနေ ရရှိတဲ့ စစ်တမ်းကောက်ယူချက်တွေကို အခြေခံထားတာဖြစ်ပါတယ်။ ဖြေကြားသူဝန်ထမ်းပေါင်း ၁၅သန်းထက်မနည်းဖြစ်ပြီး၊ ဖွံ့ဖြိုးတိုးတက်နေတဲ့ စီးပွားရေးလုပ်ငန်းကဏ္ဍပေါင်း ၂၀ နဲ့ ကမ္ဘာ့စီးပွာရေးကဏ္ဍတစ်ခုလုံးရဲ့ ၇၀ ရာခိုင်နှုန်းလောက်ကို ကိုယ်စားပြုတဲ့ စစ်တမ်းဖြစ်ပါသတဲ့။
အလုပ်အကိုင်အခွင့်အလမ်းတွေဖန်တီးမှုဆိုင်ရာနဲ့ပတ်သက်လို့ အပြုသဘောရှုမြင်ကြမှုရှိနေဆဲဖြစ်ပြီး ကမ္ဘာတစ်ဝန်းက ကုမ္ပဏီအားလုံးရဲ့ တစ်ဝက်လောက်ကတော့ သူတို့ရဲ့ လက်ရှိ အချိန်ပြည့်ဝန်ထမ်းတွေကို လာမယ့်နှစ်တွေအတွင်းမှာ လျှော့ချကြနိုင်ကြလာမယ်လို့လဲ မျှော်လင့်ထားကြကြောင်း အဲဒီ အစီရင်ခံစာက ဆိုထားပြန်ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် အလုပ်အကိုင်အခွင့်အလမ်းအသစ်တွေကို နည်းပညာတွေက ဘယ်လိုဘယ်ပုံဖန်တီးပေးလာတယ်ဆိုတာကို သဘောပေါက်နားလည်လာကြမှာဖြစ်ပါတယ်။
အလိုအလျောက်နည်းပညာတွေက ကုန်ထုတ်လုပ်မှုကို မြှင့်တင်ပေးလာချိန်မှာ လုပ်ငန်းရှင်တွေအနေနဲ့ သူတို့ရဲ့ ၀န်ထမ်းတွေကို တခြားသူတွေနဲ့ ပြိုင်ဆိုင်ဖို့အတွက် ဆက်ပြီးထားကြဦးမှာပဲလို့ ကမ္ဘာ့စီးပွားရေးဖိုရမ်ရဲ့ စီးပွားရေးသစ်ဆိုင်ရာဗဟိုဌာနရဲ့ အကြီးအကဲကပြောပါတယ်။
“ဒါဟာ ကိုယ်ကျင့်တရားနဲ့ စီးပွားရေးဆိုင်ရာအရေးပါမှု နှစ်ခုစလုံးနဲ့သက်ဆိုင်နေပါတယ်။ ဖြစ်လာမှတုန့်ပြန်တာထက် ဖြစ်လာအောင် အခြေအနေကိုဖန်တီးယူတဲ့ ချဉ်းကပ်မှု၊ စီးပွားရေးဆိုင်ရာအမြင်နဲ့ လုပ်သားတွေ မရှိရင် အခုစတုတ္ထစက်မှုတော်လှန်ရေးကာလမှာ စီးပွားရေးဆိုင်ရာဆုံးရှုံးမှုကိုကြုံရမယ့် အလားအလာရှိနေပါတယ်”လို့လဲ သူကပြောပါတယ်။
စတုတ္ထစက်မှုတော်လှန်ရေးဆိုတာ နည်းပညာအသစ်တွေက ပြည်သူတွေရဲ့ ဘ၀နေထိုင်မှုလမ်းကြောင်း၊ အလုပ်အကိုင်နဲ့ တစ်ဦးနဲ့တစ်ဦး ဆက်သွယ်ပတ်သက်နေမှုတွေကို ပြောင်းလဲပစ်မယ့်အပေါ်မှာ အခြေခံအားဖြင့် ကိုးကားပြောဆိုတာဖြစ်ပါတယ်။
ကုမ္ပဏီတွေ၊ အစိုးရတွေနဲ့ ၀န်ထမ်းတွေဟာ အလိုအလျောက်နည်းပညာတွေကြောင့်ဖြစ်လာမယ့် ပြတ်လပ်မှုတွေကို အတူတကွ ပူးပေါင်းကိုင်တွယ်ကြဖို့ လိုအပ်တယ်လို့လဲ အစီရင်ခံစာက ထောက်ပြထားပါတယ်။
အဆုံးမတော့ အကယ်၍သာ ကုမ္ပဏီတွေဟာ လက်ရှိဝန်ထမ်းတွေရဲ့ ကျွမ်းကျင်မှုကို အဆင့်မြှင့်ဖို့ရယ်နဲ့ လူသားဝန်ထမ်းနဲ့ စက်တွေကြား လုပ်ငန်းတွေခွဲခြားလုပ်ကိုင်စေဖို့ရယ်တွေကို အကျိုးရှိရှိစီမံကိုင်တွယ်နိုင်မယ်ဆိုရတော့ သူတို့ရဲ့ ကုန်ထုတ်လုပ်မှုနှုန်း မြှင့်တင်ဖို့ အခွင့်အရေးကို ဖန်တီးနိုင်မှာဖြစ်ပါတယ်လို့ အစီရင်ခံစာက နိဂုံးချုပ်ထားပါတယ်။
ဟက်ကာ
Ref: A.I. and robotics will create almost 60 million more jobs than they destroy by 2022, report says
ကောက်စာ – အခု ၂၀၁၈ မှာ စက်တွေဟာ လူသားအလုပ်အကိုင်တွေရဲ့ ၂၉ ရာခိုင်နှုန်းအထိနေရာယူထားကြတာဖြစ်ပေမယ့် ၂၀၂၂ ခုနှစ်ရောက်ရင်တော့ လက်ရှိအလုပ်အကိုင်တွေရဲ့ ၄၂ ရာခိုင်နှုန်းကို စက်တွေကပဲ နေရာယူလုပ်ကိုင်သွားကြမယ်လို့မျှော်လင့်ထားတယ်လို့လဲ အဲဒီအစီရင်ခံစာဆိုထားပြန်ပါတယ်။ ဒါကြောင့်မို့လို့ ၂၀၂၂ ခုနှစ်ရောက်ရင် လူသားတွေလုပ်ကိုင်မှုဟာ ၅၈ ရာခိုင်နှုန်းပဲရှိတော့မှာဖြစ်ပြီး လက်ရှိအလုပ်ချိန်တွေရဲ့ ၇၁ ရာခိုင်နှုန်းလောက်ပဲ အလုပ်လုပ်ရတော့မှာလဲဖြစ်ပါတယ်။