4:47 pm

ရန်ကုန်၊ဇူလိုင် ၉
ပညာရေးဝန်ကြီးဌာနက ယခုနှစ်အတွက် စာသင်ကျောင်းအသစ်ဆောက်ရန်၊ဟောင်းနွမ်းကျောင်းများအားပြင်ဆင်ရန် ချထားပေးမည်ဆိုသော အသုံးစရိတ်ဘက်ဂျက်များထဲမှ အချို့ကို မပေးတော့ဘဲလျှော့ချလိုက်သည့်အတွက် ပြင်ဆင်ရန်လိုနေသည့် တိုင်းဒေသကြီး၊ပြည်နယ် အချို့မှ ကျောင်းများကို မပြင်ဆင်ဘဲ မူလအတိုင်းထားလိုက်ရကြောင်း သိရသည်။
ဘက်ဂျက် လျှော့လိုက်သည့်အတွက် ပဲခူးတိုင်းဒေသကြီးအတွင်း ပြင်ဆင်ရန်၊အသစ်ဆောက်ရန်ရှိသည့် ကျောင်းပေါင်း ၆၀၉ကျောင်းထဲမှ ၄၁၂ကျာင်းကိုသာ ပြင်ရ၊ဆောက်ရလုပ်ရတော့မည်ဟု ပဲခူးတိုင်းဒေသကြီးပညာရေး၊ကျန်းမာရေး၊လူမှုရေးနှင့် အလုပ်သမားရေးရာကော်မတီအဖွဲ့ ဥက္ကဌ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ကျော်က Popular News ကိုပြောသည်။
”ပဲခူးတိုင်း ၂၈မြို့နယ်အတွင်းမှာ အသစ်/ပြင်ဆင်ဆောက်လုပ်ရမယ့် အခြေခံပညာကျောင်းပေါင်း ၆၀၉ကျောင်းကို ဘက်ဂျက်ငွေကျပ်သန်း ၄၁၀၀နဲ့အသစ်ပြင်ဆင်တည်ဆောက်ဖို့တောင်းခံထားပြီးဖြစ်ပါတယ်။ခု ရတဲ့ ဘက်ဂျက်က ကျပ်သန်း ၁၉၀၀ပဲ ရှိတယ်။ဒါ့ကြောင့် ကျန်တဲ့ ကျောင်းတွေဘာမှ လုပ်လို့ မရတော့ဘူး”ဟု ၎င်းက ပြောသည်။
ပဲခူးတိုင်းနည်းတူ အခြားသော တိုင်းဒေသကြီး၊ပြည်နယ် အချို့တွေမှာပါ အလားတူ ဖြစ်စဉ်မျိုး ရှိနေကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့က ပြောသည်။
ပဲခူးတိုင်းဒေသကြီးအတွင်းမှ ပြင်ဆင်ရန်၊အသစ်ဆောက်ရန် လိုအပ်နေသည့် ကျောင်းများအတွက် ပြည်ထောင်စုအစိုးရအဖွဲ့မှ ဘက်ဂျက် လျှော့လိုက်သည့်အပေါ် တိုင်းအစိုးရအဖွဲ့မှ စည်ပင်နှင့် လူမှုရေးဝန်ကြီး ဒေါ်ညွှန့်ညွှန့်ဌေးက ”ဒါကျွန်မတို့ လုပ်တာမဟုတ်ဘူး။ပြည်ထောင်စုက လုပ်တာ။ ဘာကြောင့် လျှော့လိုက်တာလဲဆိုတာ ပြည်ထောင်စုမှပဲ သိမယ်”ဟု ပြောသည်။
ပြည်ထောင်စုအစိုးရအဖွဲ့မှ စာသင်ကျောင်းများကိစ္စနှင့်ပါတ်သတ်၍ ဘက်ဂျက်လျှော့လိုက်သည့်အပေါ် ပညာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူများနှင့် အခြေခံပညာဦးစီးဌာနထံ ဆက်သွယ်မေးမြန်းရာ ယင်းကိစ္စကို ကိုင်တွယ်စီမံသည်မှာ ဘဏ္ဍာရေးဌာနကသာ ကိုင်တွယ်ဆောင်ရွက်သည် ဆိုပြီး မည်သည့်မှတ်ချက်မှ မပေးခဲ့ပေ။
သို့သော်လည်း ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီဥက္ကဌ ဒေါက်တာတင်အောင်ကမူ ပညာရေးဝန်ထမ်းများအား လစာတိုးပေးလိုက်ရသဖြင့် ကျောင်းပြင်၊ကျောင်းဆက်မည့် ဘက်ဂျက်ကို ပညာရေးဝန်ကြီးဌာနက လျှော့လိုက်ခြင်းဖြစ်သည်ဟု ရှင်းပြသည်။
“သမ္မတအသစ်တက်လာတော့ ၀န်ထမ်းတွေကိုလစာတိုးပေးတယ်။အဲ့တာကြောင့် ပြင်ဆင်၊အသစ်ဆောက်မယ့် ဘတ်ဂျက်ထဲကပေးလိုက်ရတာ။အဲ့တာကြောင့် ပြင်ဆင်ရမယ့်စရိတ်ကိုလျော့ချလိုက်တာပါ “ဟု ဒေါက်တာတင်အောင်က ပြောသည်။
လစာတိုးလိုက်ခြင်းဆိုသည်ကား တစ်နေ့ အနည်းဆုံးလုပ်ခလစာ တစ်နေ့ ၃၆၀၀ကျပ်ကို ၄၈၀၀ကျပ်အဖြစ် တိုးမြှင့် ပြောင်းလဲ ပြင်ဆင်လိုက်ခြင်းပင် ဖြစ်သည်။
ဒေါက်တာတင်အောင်က”လစာတိုးပေးဖို့ဘတ်ဂျက်ကမရှိဘူးလေ”ဟု ပြောသည်။
သီဟ