3:14 pm

နေပြည်တော်၊ ဇူလိုင် ၎
ပုဂ္ဂလိက စိုက်ခင်းထွက်သစ်တွေကို ပြည်ပသို့အလုံးလိုက်တင်ပို့ခွင့်ပြုပေးဖို့ ဆောင်ရွက်နေတယ်လို့ သယံဇာတနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ပြောပါတယ်။
အလိုအလျောက်သဘာဝသစ်တောတွေမှာ ပေါက်ရောက်နေတဲ့ သစ်တွေကို ပို့ခွင့်ပြုတာမဟုတ်ကြောင်းနဲ့ အစိုးရထံကနေ မြေဧကငှားရမ်းပြီး စိုက်ပျိုးထားတဲ့ ပုဂ္ဂလိကပိုင်စိုက်ခင်းတွေကထွက်ရှိတဲ့ ကျွန်းအပါအ၀င် အခြားသစ်မျိုးစုံကိုသာ တင်ပို့ခွင့်ပြုဖို့ဖြစ်တယ်လို့ ၀န်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။
သယံဇာတနဲ့သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာန ဒုညွှန်ချုပ် ဦးဇော်မင်း က “လောလောဆယ်တော့ Pass မဖြစ်သေးဘူး။ ပေးဖို့ဆောင်ရွက်နေပြီလို့ပဲပြောလို့ရတယ်။ ပေးလိုက်ပြီလို့ပြောလို့မရသေးဘူး။ အခုက ပုဂ္ဂလိကစိုက်ခင်းတွေမှာစိုက်ပျိုးထားတဲ့သစ်တွေက ထွက်တဲ့ကာလကိုရောက်လာပြီပေါ့နော်။ ပြည်ပကိုတင်ပို့ခွင့်ပြုဖို့ကိစ္စကို ၀န်ကြီးရုံးကိုတင်ပြပြီး ခွင့်ပြုမယ့် အမိန့်စာကို စီစစ်ဖို့ရှေ့နေချုပ်ရုံးကိုပို့ထားတယ်။ တစ်ကယ်လို့ အမိန့်စာမှာ လိုအပ်ချက်တွေ ရှိရင် ဥပဒေနဲ့ညီ/မညီစီစစ်ပြီး လိုအပ်တာပြင်ဆင်လိမ့်မယ်။ ပြီးရင် စီးပွားရေးကော်မတီကို တင်မယ်။ အဲဒီက ပြန်ကျတော့မှာ ခွင့်ပြုမှ လုပ်မှာပါ။ တစ်ကယ်လို့ ခွင့်ပြုပြီဆိုရင် အမိန့်ကြေညာစာနဲ့ထုတ်ပြန်မှာပါ ” လို့ ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။
ဒီကိစ္စဟာ သက်ရောက်မှုကြီးကြီးမားမားရှိတဲ့အတွက် သေသေချာချာ ဆောင်ရွက်နေရတဲ့ကိစ္စလည်းဖြစ်တယ်လို့ သူကဆိုပါတယ်။
ပုဂ္ဂလိကစိုက်ခင်းထွက်သစ်တွေ အလုံးလိုက်ပြည်ပတင်ပို့ခွင့်ပြုပြီးရင်တော့ နိုင်ငံတော်က အခွန်အကောက်ရမှာဖြစ်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ သဘာဝတောထွက် သစ်အလုံးလိုက် ပြည်ပသို့တင်ပို့ခွင့်ကို ၂၀၁၄ ခုနှစ် ကတည်းက ပိတ်ထားခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၁၆-၁၇ ခုနှစ်ကနေစပြီး ပုဂ္ဂလိကသစ်တောစိုက်ခင်း တွေ ဖော်ဆောင်ခဲ့တာဖြစ်ပါတယ်။
စတင်ဖော်ဆောင်ချိန်ကနေ ၂၀၁၇-၁၈ ခုနှစ်အထိ ပုဂ္ဂလိကစိုက်ခင်း ၁၃၈၄၃၄၈ ဒသမ ၇၁၅ ဧက ကိုခွင့်ပြုချထားပေးခဲ့ပြီး တစ်ကယ်စိုက်ပျိုးခြင်းမရှိတာ၊ မြေနေရာဦးတဲ့သဘောမျိုးနဲ့လျှောက်ထားတာတွေဖြစ်ကြောင်း စီစစ်တွေ့ရှိရတဲ့ ဧက ၆၄၆၇၈၉ ဒသမ ၅၉ ဧက ကိုတော့ အစိုးရက ပြန်လည်သိမ်းဆည်းခဲ့ပါတယ်။
ဒါကြောင့် ခွင်ပြုထားတဲ့ ပုဂ္ဂလိကစိုက်ခင်းဧက ၆၆၀၀၅၅ ဒသမ ၆၃ ရှိတယ်လို့ ဆိုရမှာဖြစ်ပါတယ်။
ဒီအထဲမှာ ဧက ၇၇၅၀၃ ဒသမ ၄၉၅ ဧက ဟာ စိုက်ပျိုးဖို့ကျန်နေတဲ့ ခွင့်ပြုပေးပြီးသားမြေဧကတွေဖြစ်ပြီးတစ်ကယ်စိုက်မလား/မစိုက်ဘူးလား ဆိုတာကို ၀န်ကြီးဌာနက စောင့်ကြည့်နေတယ်လို့ သိရပါတယ်။
မြေငှားခ အနေနဲ့ တော့ ခွင့်ပြုပေးတဲ့မြေလွတ်မြေရိုင်း ၁ ဧက ကို ကျပ် ၅၀၀၀၀ သွင်းရတယ်လို့ သိရပါတယ်။
Af-178