ဖမ်းဆီးမယ့်ကိစ္စကြောင့် ပရဟိတအသင်းအဖွဲ့သုံး လိုင်စင်မဲ့ပရဟိတယာဉ်တွေ အများစု ရပ်နားနေ

ဖမ်းဆီးမယ့်ကိစ္စကြောင့် ပရဟိတအသင်းအဖွဲ့သုံး လိုင်စင်မဲ့ပရဟိတယာဉ်တွေ အများစု ရပ်နားနေ
June 26, 2018 Asian Fame

12:41 pm
ဖမ်းဆီးမယ့်ကိစ္စကြောင့် ပရဟိတအသင်းအဖွဲ့သုံး လိုင်စင်မဲ့ပရဟိတယာဉ်တွေ အများစု ရပ်နားနေ

red cross

ရန်ကုန်၊ ဇွန် ၂၆

လိုင်စင်မဲ့ နာကူယာဉ်/ ပရဟိတ ယာဉ်တွေကို ပါဖမ်းဆီးမယ်လို့ သက်ဆိုင်ရာဌာနတွေက တရားဝင်ထုတ်ဖော်ပြောဆိုလာပြီးနောက်မှာ ပရဟိတအသင်းအဖွဲ့သုံး လိုင်စင်မဲ့ပရဟိတယာဉ်တွေအများစု ရပ်နားလိုက်ကြတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ မြို့ကြီးတွေဖြစ်တဲ့ ရန်ကုန်-မန္တလေး စတဲ့ ဒေသတွေကလွဲရင် တစ်နိုင်ငံလုံးမှာရှိတဲ့ မြို့ငယ်/ကျေးရွာ / ခရိုင်အသီးသီးမှာ အသုံးပြုနေကြတဲ့ အခမဲ့ပရဟိတလူမှုယာဉ်တွေဟာဆိုရင် ထက်ဝက်ကျော်လောက်ဟာ လိုင်စင်မဲ့ ယာဉ်တွေဖြစ်ပါတယ်။

လိုင်စင်မဲ့ယာဉ်တွေဖမ်းဆီးမှုလုပ်တော့မယ်၊ အဲဒီအထဲမှာ ပရဟိတလူနာတင်ယာဉ် အလောင်းတင်ယာဉ်တွေလည်းပါတယ်ဆိုတဲ့ သတင်းတွေ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကျယ်ကျယ်ပြန့်ပြန့်ထွက်လာပြီးနောက်မှာ အချို့ဟာ ဖမ်းဆီးခံရမှာစိုးရိမ်တဲ့အတွက် လိုင်စင်မဲ့ယာဉ်အသုံးပြုမှုတွေကို ရပ်နားလိုက်ကြတာဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်ပြီး ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူး ဦးအောင်ရဲထွန်း က လိုင်စင်မဲ့ပရဟိတယာဉ်တွေအနေနဲ့ ဥပဒေအတိုင်း တရားဝင်ဖြစ်အောင်သာ ဆောင်ရွက်စေလိုကြောင်းနဲ့ တစ်ခြားအကြောင်းအရာအသေးစိတ်ကို ပြောဆိုနိုင်သေးခြင်းမရှိကြောင်း ပြောပါတယ်။

လက်ရှိ လိုင်စင်မဲ့ပရဟိတယာဉ်တွေ နဲ့ပတ်သက်ပြီးဖြစ်ပေါ်နေတဲ့ ပြဿနာကိုဖြေရှင်းဖို့ တစ်ခြားနည်းလမ်းတစ်ခုခုစီစဉ်ထားတာမျိုး မရှိဘူးလို့လည်း ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်တဲ့ ဒေါ်ခင်စံပယ် က ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွက်က လိုင်စင်မဲ့ပရဟိတယာဉ်တွေကိုအသုံးပြုပြီးသစ်မှောင်ခိုသယ်တဲ့မှုခင်ဖြစ်ရပ်အချို့ ထွက်ပေါ်လာခဲ့ပါတယ်။ ရဲတပ်ဖွဲ့ကစစ်ဆေးကြည့်တဲ့အခါ ပရဟိတအသင်းအဖွဲ့အမည်ခံပြီး လိုင်စင်မဲ့ယာဉ်တွေအသုံးပြု ဥပဒေနဲ့မလွတ်ကင်းတဲ့ကိစ္စတွေလုပ်ကိုင်နေတာကို စစ်ဆေးတွေ့ရှိခဲ့ရပါသေးတယ်။

တစ်ခြားပရဟိတအသင်းအဖွဲ့တွေကတော့ ဒီလိုဖြစ်စဉ်တွေက အမှန်တစ်ကယ်ကူညီလုပ်ကိုင်နေတဲ့ လမ်းကြောင်းမှန်ပေါ်က ပရဟိတအသင်းအဖွဲ့တွေကို အခက်အခဲဒုက္ခဖြစ်စေတယ်လို့ မှတ်ချက်ပြုကြပါတယ်။
လက်ရှိမှာဆိုရင်လည်း ရွှေဘိုခရိုင်ပရဟိတအသင်းချုပ် က ခရိုင်အတွင်းရှိ ပရဟိတအသင်းအဖွဲ့တွေအသုံးပြုနေတဲ့ လိုင်စင်မဲ့ယာဉ်တွေကို အသုံးမပြုဘဲ ရပ်နားထားဖို့ ညွှန်ကြားလိုက်ပါတယ်။

ရွှေဘိုခရိုင်အသင်းချုပ်ရဲ့ ပြန်ကြားရေးတာဝန်ခံ ဦးဝင်း က “ကားတွေရပ်လိုက်ရတော့ တစ်ကယ်တန်း ပြည်သူတွေအကူအညီလိုတဲ့အခါအခက်အခဲဖြစ်ကြတယ်။ ကြာရင် ပြည်သူတွေထံကနေ အသံတွေထွက်လာပါလိမ့်မယ်” လို့ မှတ်ချက်ပြုပါတယ်။

အဆိုပါ လိုင်စင်မရှိတဲ့ပရဟိတယာဉ်တွေကို စစ်ဆေးပြီး လိုင်စင်ထုတ်ပေးဖို့အစီအစဉ်ရှိ/မရှိ ဆိုတဲ့ ကိစ္စကို ပြည်ထောင်စုဝန်ကြီးဌာန တာဝန်ရှိသူအချို့ထံ ပေါ်ပြူလာနယူးစ်က မေးမြန်းရာ တိကျသေချာတဲ့ အဖြေမျိုးမပေးခဲ့ပါဘူး။

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ကညန) ညွှန်ကြားရေးမှူး ဦးသိန်းထွဋ် ကတော့ အဆိုပါယာဉ်အမျိုးအစားတွေအမှာလည်း လိုက်နာရမယ့်အချက်တွေရှိကြောင်းဆိုပါတယ်။

“အခုလည်း ဦးကျော်သူတို့ နိုင်ငံခြားကနေသွင်းလာပြီးတော့ ကျွန်တော်တို့ဆီမှာမှတ်ပုံတင် ထားတာတွေရှိပါတယ်။ လူနာတင်ယာဉ်ဆိုလည်း စက်မှု ၁ ကနေ ထုတ်ပြီး ကျွန်တော်တို့ဆီ လိုင်စင်တွေကလည်း သတ်မှတ်တဲ့ပါမစ်တို့ ကာစတန်statement တို့ပါရင် ထုတ်ပေးပါတယ်” လို့ သူကဆိုပါတယ်။

အခုဇွန်လ အစောပိုင်းကာလ အတွင်းမှာပဲ မြန်မာနိုင်ငံအတွင်းက တိုင်းဒေသကြီးပြည်နယ်တွေမှာ လိုင်စင်မဲ့ယာဉ်တွေဖမ်းဆီးမယ့်အကြောင်း ၊ ဖမ်းဆီးမယ့်လိုင်စင်မဲ့ယာဉ်တွေအထဲမှာ ဘုန်းကြီးကျောင်းတိုက်အသုံးပြုယာဉ်တွေ ၊ ပရဟိတအသင်းအဖွဲ့သုံးယာဉ်တွေပါ ပါဝင်တယ်ဆိုတဲ့ အမိန့်ကြေညာစာတွေ အသီးသီးထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

ဒီကိစ္စကို သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရက ညွှန်ကြားတာလား ၊ ပြည်ထောင်စုဝန်ကြီးရုံးက ညွှန်ကြားတာလားဆိုတာကိုတော့ တာဝန်ရှိသူတွေဆီက မသိရခဲ့ပါဘူး။


AF-178

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*