အွန်လိုင်း”ရှမ်းကိုးမီး”လောင်းကစားဖို့ချိတ်ဆက်ပေးသူ၊ လောင်းကြေငွေကိစ္စ ဆောင်ရွက်ပေးသူများကို ဖမ်းတော့မည်

အွန်လိုင်း”ရှမ်းကိုးမီး”လောင်းကစားဖို့ချိတ်ဆက်ပေးသူ၊ လောင်းကြေငွေကိစ္စ ဆောင်ရွက်ပေးသူများကို ဖမ်းတော့မည်
June 13, 2018 Fame Asian

4:07 pm
အွန်လိုင်း”ရှမ်းကိုးမီး”လောင်းကစားဖို့ချိတ်ဆက်ပေးသူ၊ လောင်းကြေငွေကိစ္စ ဆောင်ရွက်ပေးသူများကို ဖမ်းတော့မည်

35227863_1823196321057658_2756499114240770048_n

နေပြည်တော်၊ ဇွန် ၁၃

အွန်လိုင်း “ရှမ်းကိုးမီး” လောင်းကစားသူအချင်းချင်းကို ဆက်သွယ်ချိတ်ဆက်ပေးသူ၊ ငွေပေးငွေယူကိစ္စဆောင်ရွက်ပေးနေသူတွေကို စုံစမ်းဖော်ထုတ်ပြီးဖမ်းဆီးအရေးယူမယ်လို့ ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာနက ပြောဆိုလိုက်ပါတယ်။

ဒီကနေ့ ကျင်းပတဲ့အမျိုးသားလွှတ်တော်အစည်းအဝေးမှာ မွန်ပြည်နယ်မဲဆန္ဒနယ် ၂ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်နွယ်နွယ်အောင် မေးမြန်းခဲ့တဲ့ ရှမ်းကိုးမီး လောင်းကစားနည်းကိုတားမြစ်ပိတ်ပင်ပေးဖို့ လောင်းကစားဒိုင်တွေကို အရေးယူဖို့ အစီအစဉ်ရှိ/မရှိ မေးခွန်းအပေါ် ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာနက ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်ပါတယ်။

မေးခွန်းမေးမြန်းသူ ဒေါ်နွယ်နွယ်အောင်က ” အခုခေတ်မှာ ဖဲဝိုင်းရှိရာကိုလူကိုင်တိုင်သွားဖို့မလိုအပ်ဘဲ အွန်လိုင်းပေါ်မှာပဲဖဲရိုက်နိုင်ပြီးတော့ အနိုင်အရှုံးအတွက်ကို အပြင်မှာတစ်ကယ့်ငွေကြေးတွေနဲ့အလောင်းအစားပြုလုပ်နေတာကိုတွေ့ရပါတယ်။ မူလတုန်းကတော့ လူတွေအနေနဲ့ အပျော်သဘော ငွေကျပ် ၂၀၀၀ လောက်ကစပြီးတော့ ထည့်ဝင်ကစားကြပါတယ်။ နောက်ပိုင်းတစ်ဖြည်းဖြည်း လောင်းကြေးငွေတွေမြင့်မားလာပြီး တစ်ချို့ဆို တစ်ညမှာ ၁ သိန်း / ၂သိန်းအထိငွေကြေးဆုံးရှုံးမှုတွေရှိလာကြတယ်လို့ သိရပါတယ်။ မူလ၀င်ကစားတုန်းက အပျော်သဘောဖြစ်ပေမယ့်နောက်ပိုင်း လောင်းကစားစွဲလာပြီး စီးပွားရေးပျက်တဲ့အထိဖြစ်လာကြတယ်လို့ ဖဲကစားကြသူတွေရဲ့မိသားစုတွေရဲ့ပြောပြချက်အရသိရပါတယ်။ဖဲကစားနည်းအတွက် လျော်ကြေးငွေထုတ်ပေးခြင်းကို မူလလက်ဦးဒိုင်က အပြင်မြို့တွေမှာ အခြေစိုက်ပြီးတော့ လက်ခွဲဒိုင်တွေကတော့ မြို့ကြီးတိုင်းလိုလိုမှာရှိတယ်လို့သိရပါတယ်။ အဲဒီဒိုင်တွေမှာ မိမိရဖို့နဲ့လျော်ဖို့ရှိတဲ့ လောင်းကြေးငွေတွေကို ထုတ်ယူနိုင်တယ်လို့သိရပါတယ်။ ၂၀၁၈ အတန်းတင်စာပေးပွဲပြီးချိန် မတ်လလောက်ကစပြီး တော့ ရှမ်းကိုးမီးဖဲကစားနည်း ဟာ ဖေ့ဘွတ်ပေါ်မှာပေါ်ပေါ်ထင်ထင် ကြော်ညာပြီးတော့စည်းရုံးလှုံ့ဆော်နေတဲ့အတွက် ကျောင်းသားလူငယ်တွေ တောင်သူလယ်သမားတွေ အလုပ်သမားတွေ ကြားထဲမှာ တွင်ကျယ်လာပြီး တစ်နိုင်ငံလုံးလောင်းကစား မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာတာကိုတွေ့ရပါတယ်” လို့ ပြောပါတယ်။

ရှမ်းကိုးမီး ဖဲကစားနည်းလို တစ်ခြားနာမည်တွေနဲ့လည်း အွန်လိုင်းလောင်းကစားဝန်ဆောင်မှုတွေရှိကြောင်း၊ ၁၉၈၆ခုနှစ် လောင်းကစားဥပဒေမှာလည်း အီလက်ထရောနစ်နည်းနဲ့လောင်းကစားခြင်းကို အရေးယူနိုင်တဲ့အချက်မပါဝင်တဲ့အတွက် ဥပဒေကိုလည်းပြန်လည်ပြင်ဆင်သင်ကြောင်း ၎င်းက ထပ်လောင်းပြောဆိုပါတယ်။

ဒါနဲ့ပတ်သက်ပြီး ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေး ၀န်ကြီး ဌာန ပြည်ထောင်စု ဒုဝန်ကြီး ဦးသာဦးက ပြည်ထဲရေးဝန်ကြီးဌာနအတွက်ပါ ပူးပေါင်းဖြေကြားခဲ့ပါတယ်။

ဒုဝန်ကြီး ဦးသာဦးက”ပြည်ထဲရေးဝန်ကြီးဌာနမှနေ၍ ရှမ်းကိုးမီး ဂိမ်းအကောင့်များကို ထိန်းချု့ပ်နိုင်ရန် ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာနမှ တဆင့် ထုတ်ပြန်ရန်လိုအပ်ပါကြောင်း၊ အဆိုပါလောင်းကစားဂိမ်းများနှင့်ပတ်သက်၍ ကစားသူများအားချိတ်ဆက် ဆောင်ရွက်ပေးသူများနှင့် လောင်းကြေးငွေအပေးအယူကိစ္စများအတွက် ဆောင်ရွက်ပေးသူများကို မြေပြင်သတင်းဖော်ထုတ်၍ တားဆီးအရေးယူမှုများဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့်အွန်လိုင်းကိုအသုံးပြုပြီး၍ အွန်လိုင်းကိုအသုံးပြု၍ လောင်းကစားသူအချင်းချင်းကို ဆက်သွယ်ချိတ်ဆက်ပေးသူ ငွေပေးငွေယူကိစ္စများအား ဆောင်ရွက်နေနေသူများကိုစုံစမ်းဖော်ထုတ်၍ သက်သေအထောက်အထားခိုင်လုံစွာဖြင့်ဖမ်းဆီးရမိရေး ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖြေကြားထားပါတယ်” လို့ ပြောပါတယ်။

ဆက်လက်ပြီး ဦးသာဦးက ရှမ်းကိုးမီး ဂီမ်းအပါအ၀င် တစ်ခြား အွန်လိုင်းလောင်းကစားဂိမ်းတွေကို အင်တာနက်ကနေ ရယူဆော့ကစားခြင်းကို လိုင်စင်ရဆက်သွယ်ရေး ၀န်ဆောင်မှုလုပ်ငန်းတွေက ထိန်းချုပ်လို့မရနိုင်ပေမယ့်လည်းလောင်းကစားဥပဒေညှိစွန်းတဲ့ ၊ငွေကြေးအလျော်အစားရှိတဲ့ဂိမ်းမျိုးကို အွန်လိုင်းကနေဆော့ကစားရာမှာ အသုံးပြုတဲ့တုံကင်၊ ဇယ်ပြား စတာတွေကို ဖုန်းကြိုတင်ငွေစာရင်းလက်ကျန်အထဲကနေ ၀ယ်ယူဆော့ကစားခြင်းမပြု နိုင်ဖို့ ဆက်သွယ်ရေးဝန်ဆောင်မှုလိုင်စင်ရကုမ္ပဏီတွေထံ ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးဝန်ကြီးဌာန ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနအနေနဲ့ ညွှန်ကြားဆောင်ရွက်နိုင်ကြောင်း ဦးသာဦးက ထပ်လောင်းဆိုပါတယ်။

“လောင်းကစားနည်းတစ်ခုလို့ဆိုပေမယ့် အမှန်တစ်ကယ်ငွေသားအလျော်အစားပြုလုပ်နိုင်တဲ့ ကစားနည်းမဟုတ်ဘဲ အွန်လိုင်း payment ၀န်ဆောင်မှုလုပ်ငန်းများမှတဆင့် ဖုန်းအသုံးပြု သူများအတွက် အပိုဝန်ဆောင်မှုတစ်ခုအဖြစ် value added service တစ်ခုအနေဖြင့် ကြိုတင်ပေးသွင်းထားတဲ့ ဖုန်းကြိုတင်ငွေဖြည့် လက်ကျန်စာရင်းကို အသုံးပြု၍ ဂိမ်းအတွင်းတွင်သာ တုံကင်များဝယ်ယူ၍ အနိုင်အရှုံးကစားခြင်းသာဖြစ်ပြီး ဂိမ်းအတွင်းမှ တုံကင်များကို တစ်ခြားနည်းလမ်းတစ်မျိုးဖြင့် ကစားသူအချင်းချင်းလွှဲပြောင်းပေးခြင်း ဂိမ်း၏ဒိုင်မှ ပြန်လည်ထုတ်ယူခြင်းများပြုလုပ်၍မရနိုင်သည်ကိုစီစစ်တွေ့ရှိပါသည်”လို့ လည်း ဦးသာဦး ကဆက်ပြောခဲ့ပါတယ်။

လက်ရှိ လူမှုကွန်ရက်စာမျက်နှာတွေအပေါ်မှာဆိုရင် ရှမ်းကိုးမီး ဂိမ်းဆော့ကစားနိုင်မယ့် အက်ပလီကေးရှင်းကို ရယူနိုင်ဖို့ ဖေ့ဘွတ်ပေ့ခ်ျတွေ ကြော်ညာတွေ များစွာ၊ များစွာရှိနေပါတယ်။

AF-178

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*