6:27 pm

မန္တလေး ဇွန် ၇
လက်ရှိအသုံးပြုလျက်ရှိတဲ့ မန္တလေးမြို့ကရေမီတာတွေကို အဆင့်မြင့် Automatic Meter Reading System (AMRS) စနစ်သုံး ရေမီတာတွေနဲ့ အစားထိုးပြောင်းလဲတပ်ဆင်သွားဖို့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက ဒီကနေ့ပဲစတင်ဆောင်ရွက်လိုက်ပြီဖြစ်ပါတယ်။
ဒီစနစ်နဲ့ပြောင်းလဲတပ်ဆင်လိုက်တာကြောင့် ရေမီတာဖတ်ဝန်ထမ်းတွေရဲ့ ရေမီတာခန့်မှန်းဖတ်သွားမှုကြောင့် ၀န်ထမ်းနဲ့ပြည်သူကြား မလိုလားအပ်တဲ့ ပြဿနာတွေဖြစ်နေတာကို ဖြေရှင်းပြီးသားလည်းဖြစ်သွားမှာဖြစ်သလို ကောင်းကျိုးတွေအများကြီးရှိလာလို့ အစားထိုးပြောင်းလဲတပ်ဆင်သွားဖို့ အကောင်အထည်ဖော်စီစဉ်ရတာဖြစ်တယ်လို့လည်း မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက ဒီကနေ့သတင်းစာရှင်းလင်းပွဲနဲ့ တရားဝင် အသိပေးထုတ်ဖော်လိုက်တာဖြစ်တယ်လို့သိရပါတယ်။
“အဓိကကတော့ မီတာဖတ်သူနဲ့ပြည်သူကြားမှာ ခန့်မှန်းဖတ်တာမျိုးတွေမဖြစ်ရလေအောင်ပါ၊ ပြည်သူနဲ့ရေမီတာဖတ်တဲ့ဝန်ထမ်းကြားမှာ မှားနိုင်တဲ့အမှား တွေအများကြီးကင်းသွားနိုင်တယ်၊ ဘာကြောင့်လဲဆိုတော့ ရေမီတာကို ခန့်မှန်းဖတ်တဲ့အခါမှာ မလိုလားအပ်တဲ့ပြဿနာတွေဖြစ်ကြပါတယ်၊ ဥပမာ ယူနစ်က ၁၀၀ ရှိတယ်၊ ဖတ်တဲ့သူက ၅၀ ပဲဖတ်သွားတယ်၊ အဲဒီလို ငါးဆယ်ငါးဆယ်နဲ့စုလာရင် မီတာဆောင်တဲ့အခါလည်းကျရော ယူနစ်တွေအများ ကြီးအတွက်ဆောင်ကြရတာမျိုးတွေရှိတယ်၊ အဲဒီအခါမှာ မလိုအားအပ်တဲပြဿနာတွေဖြစ်လာတာပေါ့၊ ဒီ AMRS မီတာတပ်လိုက်တဲ့အခါကျတော့ သူက စက်နဲ့ပဲဖတ်သွားတာဆိုတော့ တကယ်လို့ ဒီစက်နဲ့ဖတ်တဲ့အပေါ်မှာ သံသယရှိရင် တစ်နှစ်စာဒေတာကို တောင်းကြည့်လို့ရတယ်”လို့ မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ၊ ရေနှင့်သန့်ရှင်းရေးဌာန၊ ဌာနခွဲမှူးဦးခင်မောင်သင်းက ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။
AMRS စနစ်အသုံးပြုရေမီတာတပ်ဆင်ခြင်းအားဖြင့် ရေမီတာခိုးယူခံရခြင်း၊ ရေမီတာအပေါ် မသမာမှုပြုလုပ်ခြင်းတို့ကိုလည်း Monitoring လုပ်နိုင်တယ် လို့သိရပြီး ဒါအတွက်ကိုတော့ Main Server နဲ့စောင့်ကြည့်သွားမှာဖြစ်တယ်လို့သိရပါတယ်။
နောက်ပြီးတော့ကျတော့ ဒီရေမီတာကို သူခိုးခိုးတာပဲဖြစ်ဖြစ် အိမ်ရှင်က အကြောင်းအမျိုးမျိုးကြောင့်ဖြုတ်တာပဲဖြစ်ဖြစ် Main Server ကို Alarm လာမြည် မယ်၊ အဲဒီလိုပါပဲ မီတာပေါ်မှာ သံလိုက်တုံးတင်ထားတာတို့ မလည်အောင်လုပ်တာတို့ဆိုရင်တည်း Alarm ပေးပါမယ်၊ System Out တာနဲ့ Main Server ကို Alarm ပေးပါတယ်၊ မီတာချို့ယွင်းမှုမှန်သမျှ Main Server ကို Alarm ပေးမှာပါ လို့လည်း ၄င်းကဆိုပါတယ်။
လတ်တလောအနေနဲ့ Pilot Project အဖြစ် အောင်မြေသာစံမြို့နယ်၊ ချမ်းအေးသာစံမြို့နယ် နဲ့ မဟာအောင်မြေမြို့နယ်၊ စတဲ့မြို့နယ် ၃ ခုမှာ စမ်းသပ်တပ်ဆင်ပေးသွားမှာဖြစ်ပြီး ရေမီတာရှိပြီးသားအတွက် ငွေကျပ် ၆၅၀၀၀၊ မရှိသေးလို့အသစ်တပ်ဆင်လိုသူတွေအတွက် ငွေကျပ်တစ်သိန်း ကောက်ယူသွားမှာဖြစ်ပြီး ၄ လတာကာလအတွင်း ရေမီတာအလုံးရေ ၂၈၀၀ တပ်ဆင်ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။
“ကျွန်တော်တို့က ရေမီတာသုံးသူတွေအတွက် အဆင်ပြေစေဖို့လုပ်တာပါ၊ ရေမီတာဖတ်တဲ့အခါမှာ တစ်ချို့အိမ်တွေမှာ ရေမီတာကို ရေချိုးခန်း မီးဖိုချောင် နဲ့ စတိုခန်းလိုနေရာတွေမှာထားရှိတာကြောင့် မီတာဖတ်သူတွေဘက်က လည်း အကြောင်းအမျိုးမျိုးကြောင့် မီတာရှိတဲ့နေရာဆီအထိ မသွားတော့ဘဲ ခန့်မှန်းဖတ်သွားတာမျိုးတွေရှိတယ်၊ ဒါတွေကိုလည်း ဒီစနစ်ကဖြေရှင်းပေးသွားမှာပါ၊ စမ်းသပ်ကာလမှာ ရပ်ကွက်တွေထဲအထိဆင်းပြီး ဒီစနစ်အသုံးပြုတာနဲ့ပတ် သက်ပြီး ရှင်းပြတာတွေလုပ်မယ်၊ စိတ်ဝင်စားလို့ တပ်ချင်တယ်ဆိုရင် တစ်ခါထဲတပ်ပေးမယ်၊ ကျွန်တော်တို့ဌာနကိုလည်းဆက်သွယ်စုံစမ်းပြီး တပ်လို့ရ ပါတယ်၊ ဒီစနစ်အသုံးပြုလိုက်တဲ့အတွက်ကတော့ ဌာနအတွက်ရော မြို့နေပြည်သူအတွက်ပါအဆင်ပြေမှာပါ”လို့ မန္တလေးမြို့တော်စည်ပင်ကော်မတီဝင် ဦးကျော်ဇောအောင်က ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။
စမ်းသပ်ကာလနောက်ပိုင်း စိတ်ဝင်စားမှုရှိလာပါက တွင်တွင်ကျယ်ကျယ်အသုံးပြုသွားနိုင်အောင် ဆက်လက်ဆောင်ရွက်ပေးသွားမှာဖြစ်တယ်လို့လည်း သိရပြီး နောက်ပိုင်းအဆင့်တွေမှာ E Banking System နဲ့ပါ အလုပ်လုပ်သွားနိုင်အောင် စီစဉ်သွားမှာဖြစ်တယ်လို့ မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီက ကြေညာထားပါတယ်။
“ဒါက ပထမအဆင့်ပါ၊ ဒုတိယအဆင့်ကျတော့ E Banking System နဲ့ပါလုပ်နိုင်အောင်စီစဉ်ပေးသွားပါမယ်၊ ရေမီတာကြေးဆောင်တာကို ကိုယ့်ဖုန်းထဲက အင်တာနက်ကတစ်ဆင့်ပဲလုပ်ဆောင်နိုင်တော့မှာပါ”လို့ ဌာနခွဲမှူးဦးခင်မောင်သင်းကပြောပါတယ်။
စောထွေး