ငြိမ်းစုစီပုဒ်မနဲ့ တရားစွဲခံထားရသူနှစ်ဦး မန်းမှာရုံးထုတ်

ငြိမ်းစုစီပုဒ်မနဲ့ တရားစွဲခံထားရသူနှစ်ဦး မန်းမှာရုံးထုတ်
May 18, 2018 Asian Fame Media

4:15 pm
ငြိမ်းစုစီပုဒ်မနဲ့ တရားစွဲခံထားရသူနှစ်ဦး မန်းမှာရုံးထုတ်

32776998_1794182160625741_7184647981675577344_n copy

မန္တလေး မေ ၁၈

တိုင်းရင်းသားဒေသတွေမှာ ထိုးစစ်ရပ်ဖို့တောင်းဆိုလှုပ်ရှားမှုမှာ ဦးဆောင်ခဲ့ကြသူတွေလို့သတ်မှတ်ခံရပြီး ငြိမ်းစုစီပုဒ်မနဲ့ ဖမ်းဆီးတရားစွဲ ခံထားရသူနှစ်ဦးကို မန္တလေး ချမ်းအေးသာစံမြို့ နယ်တရားရုံးမှာ ဒီကနေ့မွန်းလွဲပိုင်းက ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

မေလ ၁၁ ရက်နေ့ကရမန်ယူပြီးနောက် ပထမဦးဆုံးအကြိမ်အဖြစ်နဲ့ ရုံးထုတ်စစ်ဆေးခဲ့တာဖြစ် ပြီး တရားလို ချမ်းအေးသာစံမြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးသိန်းနိုင်နဲ့ တရားလိုပြသက်သေ ၄ ယောက်ကို စစ်ဆေးခဲ့တာပါ။

“စုရပ်လုပ်ပြီးဟောပြောပွဲလုပ်ခဲ့တဲ့အပေါ် ကျွန်တော်ကလာပြီး သက်သေခံတာပါ၊ ငြိမ်းစုစီဥပဒေက ပြဌာန်းထားပြီးသားပါ၊ ပြဌာန်းထားတာကို ဥပဒေနဲ့အညီမလုပ်ကြတဲ့အတွက်အရေးယူခံကြရ တာပါ” လို့ တရားစွဲဆိုရတာနဲ့ပတ်သက်လို့ ရဲမှူးသိန်းနိုင်ကပြောပါတယ်။

မန္တလေးမြို့မှာ မေလ ၆ ရက်ညနေပိုင်းက ကချင်ဒေသမှာဖြစ်ပွားနေတဲ့ထိုးစစ်တွေရပ်ဖို့၊ ကချင် စစ်ပွဲအတွင်းပိတ်မိနေသူတွေလွတ်မြောက်ဖို့ တောင်းဆိုလှုပ်ရှားမှုတစ်ခုလုပ်ခဲ့တာမှာ ဒီလှုပ်ရှားမှုနဲ့ပတ်သက်လို့တော့ ခွင့်ပြုချက်မယူခဲ့ဘူးလို့ သက်ဆိုင်ရာရဲတပ်ဖွဲ့တွေဆီကသိရပါတယ်။

ဒီအတွက်လည်း ဦးဆောင်သူတွေလို့သတ်မှတ်ခံရတဲ့ ကိုစိုးမိုးအောင်(ခ)ဒိန်းဒေါင်၊ ကိုအောင်မှိုင်းဆန်း နဲ့ ကဗျာဆရာတစ်ဦးတို့ကို ချမ်းအေးသာစံမြို့နယ်အမှတ် ၈ ရဲစခန်းက ငြိမ်းစုစီဥပဒေ ပုဒ်မ ၁၉ နဲ့အမှုဖွင့်ခဲ့ပါတယ်။

နောက်ရက်တွေမှာတော့ ကိုစိုးမိုးအောင်(ခ)ဒိန်းဒေါင်နဲ့ ကိုအောင်မှိုင်းဆန်းတို့ကို ဖမ်းဆီးထိန်းသိမ်းလိုက်ပြီး ကိုယ်တိုင်လာရောက်အဖမ်းခံတဲ့ ကဗျာဆရာကလင့်ကိုတော့ ချမ်းအေးသာစံမြို့နယ်တရားရုံးမှာ ရုံးတင်စစ်ဆေးပြီး ၄င်းရဲ့ဝန်ခံချက်အရချက်ချင်းပဲ ထောင်ဒဏ် ၂ လချမှတ်လိုက်ပါတယ်။

ကိုစိုးမိုးအောင်(ခ)ဒိန်းဒေါင်တို့နှစ်ဦးကိုတော့ မေလ ၁၁ ရက်နေ့မှာ ရုံးထုတ်ရမန်ယူစစ်ဆေးခဲ့တာမှာ ၄င်းတို့နှစ်ဦးစလုံးက အာမခံမယူခဲ့တာ ကြောင့် ဒီနေ့ ပထမဦးဆုံးအကြိမ်ရုံးထုတ်စစ်ဆေးခဲ့တာပါ။

“အစိုးရအနေနဲ့ တပ်မတော်ရဲ့ထိုးစစ်တွေ၊ ပိတ်မိနေသူတွေပြန်ကယ်ထုတ်ဖို့ကိစ္စတွေမှာ ဘာမှမပြောသေးဘူး၊ သူတို့မပြောလို့ကျွန်တော်တို့ ပြောနေရတာပါ၊ သူတို့ပြောကြပါလို့ ကျွန်တော်တို့တိုက်တွန်းပါတယ်” လို့ ကိုအောင်မှိုင်းဆန်းက ရုံးထုတ်အပြီးပြောသွားပါတယ်။

နောက်တစ်ကြိမ်ရုံးချိန်းကို မေလ ၂၂ ရက်ချိန်းဆိုးထားတယ်လို့သိရပြီး အပြီးသတ်အမိန့်ချမှတ်ဖွယ်ရာရှိတယ်လို့ တရားရင်ဆိုင်ခဲ့သူတွေကပြောပါတယ်။

32977008_1794182067292417_688332933693440000_n copyစောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*