ညက လုံးခင်းမှာ ကျောက်မျက်ကုမ္ပဏီမီးလောင်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီး ၅၃ ဦးဖမ်းဆီးထား

ညက လုံးခင်းမှာ ကျောက်မျက်ကုမ္ပဏီမီးလောင်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီး ၅၃ ဦးဖမ်းဆီးထား
May 14, 2018 AsianFame MediaGroup

3:12 pm
ညက လုံးခင်းမှာ ကျောက်မျက်ကုမ္ပဏီမီးလောင်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီး ၅၃ ဦးဖမ်းဆီးထား

32349659_1789968264380464_2163226618695254016_n

ဖားကန့်၊ မေ ၁၄

မနေ့ညက ဖားကန့် လုံးခင်းဒေသ က ကျောက်မျက်ကုမ္ပဏီ ၂ ခု မီးလောင်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီး အလုပ်သမား ၅၃ ဦးကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ လုံးခင်းမြို့မရဲစခန်းရဲ့ တာဝန်ကျရဲအရာရှိတစ်ဦးက ပေါ်ပြူလာနယူးစ်ကပြောပါတယ်။

“ကျောက်ကုမ္ပဏီနှစ်ခုရဲ့အဆောင်တွေကို မီးရှို့တဲ့အလုပ်သမား၄၉ဦးကိုအရင်ဖမ်းတယ်။ပြီးတော့ ကျောက်ဂိုထောင်တွေကိုဖောက်တဲ့၎ဦးကိုထပ်ဖမ်းမိတယ်။စုစုပေါင်း၅၃ဦးပါ”လို့ အဆိုပါရဲအရာရှိကပြောပါတယ်။

လုပ်ခလစာအပြည့်အ၀ မရရှိတာ၊ အချိန်ပိုကြေးမရတာ၊ မိုးရွာနေတဲ့အချိန် အလုပ်ဆင်းခိုင်းတာစတဲ့အကြောင်းအရာတွေပေါ်မူတည်ပြီး အငြင်းပွားမှုဖြစ်ပွားရာကနေ ညပိုင်းမှာ မဟာကုမ္ပဏီဟာ မီးလောင်မှုဖြစ်ပွားခဲ့ပါတယ်။ မဟာကုမ္ပဏီနဲ့ဘေးချင်းကပ်လျက်တည်ရှိတဲ့ တောက်ပကြယ်ကုမ္ပဏီပါ မီးလောင်ခံခဲ့ရပါတယ်။

အဆိုပါဖြစ်စဉ်မှာ မဟာကျောက်စိမ်းကုမ္ပဏီရဲ့ကျောက်ဂိုဒေါင်ကို ဘတ်ဖိုးအသုံးပြုပြီးဖြိုဖျက်ခဲ့တဲ့ အလုပ်သမား၃ဦးကိုသေနတ်နဲ့ပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုးက ပြောပါတယ်။

“မနေ့ကမိုးရွာတော့အလုပ်သမားတွေကနားနေတာ ကုမ္ပဏီကိုယ်စားလှယ်တွေကအလုပ်ဆင်းခိုင်းရာကနေ မကျေမနပ်ဖြစ်ပြီးအလုပ်လစာတွေကိုတောင်းဆိုကြတာ”လို့ သူက ပြောပါတယ်။

အလုပ်သမားတွေတောင်းဆိုတဲ့လုပ်ခလစာတွေကို ကုမ္ပဏီကိုယ်စားလှယ်တွေကညှိနှိုင်းကာ အဆင်ပြေခဲ့ပြီး ညနေ၆နာရီခန့်မှာ ပြေပြေလည်လည်ပြန်လည်ဖြစ်သွားကြောင်း ဒါပေမဲ့ ည ၇ နာရီလောက်မှာ အလုပ်သမားတန်းလျားမီးမရတဲ့ကိစ္စနဲ့ပတ်သက်ပြီး အလုပ်သမားကိုယ်စားလှယ်တွေနဲ့ အလုပ်သမားတွေကြား ပြဿနာပြန်လည်ဖြစ်ပွားရာက အလုပ်သမားတစ်ချို့က ဦးဆောင်ပြီးအဆောက်အဦးကို မီးရှို့ခြင်း၊ ဘတ်ဖိုးယာဉ်တွေအသုံးပြုပြီးဖျက်ဆီးခြင်း၊ ၊ကုမ္ပဏီပိုင်ကားတွေကို ခဲနဲ့ထု၊ တုတ်နဲ့ရိုက်ကာဖျက်ဆီးတာတွေလုပ်ဆောင်ခဲ့တယ်လို့ ဦးတင့်စိုး ကဆက်ပြောပါတယ်။

မဟာကုမ္ပဏီမှာ လုပ်ကိုင်နေတဲ့အလုပ်သမားတစ်ဦးက “ကျွန်တော်က အဆောင်မှာအိပ်နေတာ။ အဆောင်တွေကိုအရင်မီးရှို့လို့ ဒီအတိုင်းဆင်းပြေးလာရတာ။ ကမ္ဘာပျက်တဲ့အတိုင်းပဲ”လို့ ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

မဟာကုမ္ပဏီ၊ တောက်ပကြယ်ကုမ္ပဏီပိုင် လူရာချီဆံ့တဲ့ အလုပ်သမားအဆောင်တွေမီးလောင်ခဲ့တာကြောင့် လာရောက်မီးငြိမ်းသတ်တဲ့ မီးသတ်ကားတွေကို ကျောက်ရှာသူရေမဆေးသမားတွေက ခဲနဲ့ပေါက်တာတွေ၊မီးမသတ်ဖို့ တားဆီးခြိမ်းခြောက်တာတွေရှိခဲ့တယ်လို့ လည်း အဆိုပါအလုပ်သမားကပြောပါတယ်။

ဒါ့အပြင် ဘတ်ဖိုးယာဉ်တွေအသုံးပြုပြီး ကုမ္ပဏီပိုင်ကျောက်ဂိုဒေါင်ကို ဖျက်စီးတာ အထဲမှာရှိနေတဲ့ ကျောက်တွေကို သုံးဘီးယာဉ်တွေပေါ်သယ်သူကသယ်၊ဝင်ယူသူကယူနဲ့ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

“ရဲတွေလဲရှိတယ်။သေနတ်နဲ့ ခြောက်လှန့်ပစ်ခတ်တဲ့ကြားက ဝင်လုကြတာ။ကျောက်ချပြီး ထွက်ပြေးသွားတဲ့သူတွေလဲရှိတယ်။မနက်၃နာရီမှာအလောင်းတစ်လောင်းတွေ့တယ်။ဘာလို့သေလဲဆိုတာရဲပဲသိမယ်”လို့ ဦးတင့်စိုးကပြောပါတယ်။

အထက်ပါဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး လုံးခင်းရဲစခန်းကို ဖုန်းဆက်မေးကြည့်တဲ့အခါ ၅၃ဦးဖမ်းဆီးထားကြောင်းသာပြောဆိုပြီး မည်သို့မည်ပုံအရေးယူထားကြောင်းနဲ့ မည်ရွေ့မည်မျှ ပျက်စီးဆုံးရှုံးကြောင်း မဖြေကြားသွားခဲ့ပါဘူး။

အလုပ်သမားဆောင်တွေမီးလောင်သွားတဲ့အတွက် အလုပ်သမား ၇၀၀ လောက်ဟာ ကုမ္ပဏီအနီးနားမှာရှိတဲ့ ဘုန်းကြီးကျောင်းတွေမှာသွားတည်းခိုနေရကြောင်းသိရပါတယ်။

သီဟ
Photo-ZMT

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*