တရားမ၀င်သစ်တွေတင်လာတဲ့ ကားမောင်းလာသူတွေကိုလွှတ်ပေးပြီး ပိုင်ရှင်မဲ့သစ်ဖမ်းဆီးမှုအဖြစ်ပြောင်းလဲလို့ တိုင်ကြားခံထားရတဲ့ ကျောက်ဆည်ရဲစခန်းမှူး၂ ဦးနဲ့အဖွဲ့ကို ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေနှင့်အရေးယူမည်/ ကျောက်ဆည်မြို့နယ်ရဲတပ်ဖွဲ့မှူးကို ရာထူးမှ နှုတ်ထွက်ခိုင်းဟု ဆို

တရားမ၀င်သစ်တွေတင်လာတဲ့ ကားမောင်းလာသူတွေကိုလွှတ်ပေးပြီး ပိုင်ရှင်မဲ့သစ်ဖမ်းဆီးမှုအဖြစ်ပြောင်းလဲလို့ တိုင်ကြားခံထားရတဲ့ ကျောက်ဆည်ရဲစခန်းမှူး၂ ဦးနဲ့အဖွဲ့ကို ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေနှင့်အရေးယူမည်/ ကျောက်ဆည်မြို့နယ်ရဲတပ်ဖွဲ့မှူးကို ရာထူးမှ နှုတ်ထွက်ခိုင်းဟု ဆို
May 9, 2018 AsianFame MediaGroup

2:32 pm
တရားမ၀င်သစ်တွေတင်လာတဲ့ ကားမောင်းလာသူတွေကိုလွှတ်ပေးပြီး ပိုင်ရှင်မဲ့သစ်ဖမ်းဆီးမှုအဖြစ်ပြောင်းလဲလို့ တိုင်ကြားခံထားရတဲ့ ကျောက်ဆည်ရဲစခန်းမှူး၂ ဦးနဲ့အဖွဲ့ကို ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေနှင့်အရေးယူမည်/ ကျောက်ဆည်မြို့နယ်ရဲတပ်ဖွဲ့မှူးကို ရာထူးမှ နှုတ်ထွက်ခိုင်းဟု ဆို

32096093_1784708291573128_5089692135892975616_n

ကျောက်ဆည်၊ မေ ၉

တရားမ၀င်သစ်တွေတင်လာတဲ့ ကားမောင်းလာသူတွေကို လွှတ်ပေးပြီး ပိုင်ရှင်မဲ့သစ်ဖမ်းဆီးရရှိမှုလို့ ပြောင်းလဲလိုက်တဲ့ ဖြစ်စဉ်နဲ့ တိုင်ကြားခံရလို့ ဖမ်းဆီးပြီးစုံခုံဖွဲ့စစ်ဆေးခံနေရတဲ့ ကျောက်ဆည်မြို့မရဲစခန်းမှူး(အဟောင်း/အသစ်) နဲ့အဖွဲ့ကို ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေအရ အရေးယူမယ်လို့ မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံးရဲ့ G-1 ဒုရဲမှူးကြီး တင်ဇော်ထွန်း က ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

“ရဲစည်းကမ်းအရ တာဝန်ထမ်းဆောင်ရမယ့်ဟာကိုမထမ်းဆောင်တာတို့၊ ထမ်းဆောင်သင့်တဲ့ဟာကိုမထမ်းဆောင်တာတို့ ပျက်ကွက်တာတို့၊ ပြုလုပ်သင့်တာကိုမပြုလုပ်တာတို့ ဒါကိုရဲစည်းကမ်းအရသတ်မှတ်ထားတာရှိတယ်လေ။ ဒါနဲ့ပတ်သတ်ရင်တော့ ရဲစည်းကမ်းနဲ့အရေးယူတာပါ” လို့ သူကဆိုပါတယ်။

ပေါ်ပြူလာနယူးစ်ကစုံစမ်းသိရှိရသလောက် အဆိုပါအရေးယူခံရမယ့်အထဲမှာ ကျောက်ဆည်မြို့မရဲစခန်း စခန်းမှူး(ဟောင်း)ဒုရဲမှူးမြင့်ဦး ၊ စခန်းမှူး(အသစ်) ဒုရဲမှူးဝင်းနိုင် ၊ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်သန်းထိုက်၊ နယ်ထိန်း ဒုတပ်ကြပ် ချစ်စန်းကို၊ နဲ့တာဝန်မှူး ဒုရဲအုပ်ကိုကိုလင်း တို့ပါဝင်တယ်လို့သိရပါတယ်။

ဒုရဲအုပ်ကိုကိုလင်းကို ဘာကြောင့်အရေးယူရသလဲ လို့ ပေါ်ပြူလာနယူးစ်က မေးမြန်းရာမှာတော့ ဒုရဲမှူးကြီး တင်ဇော်ထွန်းက “သူလည်း ပြုလုပ်ရမယ့်ဟာကိုမပြုလုပ်တာတို့ မပြုလုပ်ရမယ့်ဟာကိုပြုလုပ်တာတို့ သတ်မှတ်ထားတဲ့လုပ်ထုံးလုပ်နည်းစည်းကမ်းတွေရှိတယ်လေ။ ဒါတွေနဲ့ပတ်သတ်လို့ လုပ်ရမယ့် ဟာကိုမလုပ်တာ မလုပ်ရမယ့်ဟာကိုလုပ်တာ။ ပြီးတော့ ဘာတွေဘာတွေလုပ်ရမယ်လို့ သတ်မှတ်ထားတယ် ညွှန်ကြားထားတယ်။ လုပ်ထုံးလုပ်နည်းအတိုင်း မလုပ်ဘူး။ ဘာတွေ ဘာတွေမလုပ်ရဘူးလို့ သတ်မှတ်ထားတဲ့အရာတွေကိုသွားပြီးတော့လုပ်တယ်။ ဒါမျိုးတွေရှိပါတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်နေ့က ကျောက်ဆည်မြို့အထဲမှာ တရားမ၀င်ပိတောက်တုံးသစ်တွေ ဖမ်းမိတဲ့ဖြစ်စဉ်ကနေ အဲဒီသစ်တွေတင်လာတဲ့ ကားမောင်းလာသူတွေကို လွှတ်ပေးပြီး ပိုင်ရှင်မဲ့အမှုအဖြစ်ဆောင်ရွက်ခဲ့တဲ့အတွက် ကျောက်ဆည်မြို့မရဲစခန်းမှူးနဲ့ ရဲအရာရှိ/ပါဝင်ပတ်သက်သူတစ်ချို့ကို တရားမ၀င်သစ်ကားကိုဖမ်းဆီးရမိခဲ့တဲ့ ရဲတပ်သား ၅ ဦး၊ ကျောက်ဆည် ၈၈ ငြိမ်းပွင့်၊ အရပ်သားတက်ကြွလှုပ်ရှားသူ ဦးစိုးသီဟတို့ ပူးပေါင်းပြီး ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ်အောင်စိုးထံကို လိပ်မူ တိုင်ကြားခဲ့တာဖြစ်ပါတယ်။

ပါဝင်ပတ်သက်သူတွေဖြစ်တဲ့ ကျောက်ဆည်မြို့မရဲစခန်း စခန်းမှူး(ဟောင်း)ဒုရဲမှူးမြင့်ဦး ၊ စခန်းမှူး(အသစ်) ဒုရဲမှူးဝင်းနိုင် ၊ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်သန်းထိုက်၊ နယ်ထိန်း ဒုတပ်ကြပ် ချစ်စန်းကို၊ နဲ့တာဝန်မှူး ဒုရဲအုပ်ကိုကိုလင်း တို့ကို မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့က ခုံရုံးဖွဲ့စစ်ဆေးခဲ့တာဖြစ်ပါတယ်။

ဒီအမှုမှာ တစ်ခြားပါဝင်ပတ်သက်သူလို့ တိုင်ကြားသူတွေပြောတဲ့ ကျောက်ဆည်မြို့နယ်ရဲတပ်ဖွဲ့မှူး၊ သစ်ကားနဲ့အတူဖမ်းမိတဲ့တရားခံ ၂ ဦး၊ တရားခံ ၂ ဦးကို ရဲစခန်းမှာကားနဲ့လာရောက်တင်ခေါ်သွားတဲ့ မုံလာ(ခ)အောင်စိုးမိုး စတဲ့သူတွေနဲ့ပတ်သက်လို့တော့ ပေါ်ပြူလာနယူးစ်က သတင်းစုံစမ်းလို့မရရှိသေးပါဘူး။

ဒီကိစ္စနဲ့ပတ်သက်ပြီးကျောက်ဆည်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာတင်အောင် ကိုမေးမြန်းရာ “ကျွန်တော်မနေ့ကကျောက်ဆည်ရောက်တော့ စုံစမ်းသိရရှိရသလောက် သတင်းအရ ၊ စခန်းမှူး ၂ ယောက်ကို ဖမ်းထားတယ်။ မြို့နယ်မှူးကိုတော့ တာဝန်ကနေ နှုတ်ထွက်ခိုင်းတဲ့အတွက် နှုတ်ထွက်သွားတယ်လို့ မနေ့ကနောက်ဆုံးသိရတယ်။ ဒီကနေ့ နောက်ဆုံးအခြေအနေတော့ ကျွန်တော်မသိသေးဘူး” လို့ ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

တိုင်ကြားသူတွေအထဲက တစ်ဦးဖြစ်တဲ့ ကျောက်ဆည် ၈၈ငြိမ်းပွင့် ဦးကိုကိုလွင် ကိုမေးမြန်းရာမှာတော့ မုံလာ(ခ)အောင်စိုးမိုးဆိုသူကိုတော့ ဖမ်းဆီးခြင်းမရှိသေးဘဲ ၎င်းဟာ ကျောက်ဆည်မြို့အထဲမှာ လှည့်လည်သွားလာလျက်ရှိနေတယ်လို့ ပြောပါတယ်။

“ဒီအတိုင်းသွားလာနေတယ် လ္ဘက်ရည်ဆိုင်တွေဘာတွေ ထိုင်နေတယ်။ သစ်ကားမောင်းထဲ့သူတွေကို ဒီကောင့်ကားပေါ်တင်သွားတယ်ဆိုတာ ကို စစ်လည်းစစ်ဆေးပြီးကြပြီ။ ဒါပေမဲ့ အခုထိ ဘာမှမလုပ်သေးတော့
ကျွန်တောတို့်သံသယဖြစ်နေပြီ။ ဒီကိစ္စနဲ့ပတ်သက်ပြီး သက်သေထွက်ချင်သူတွေရှိပေမယ့်လည်း အန္တရာယ်ကြောက်တော့ အဲဒီလိုဖြစ်နေတယ်။ သူကဘာကောင်မှမဟုတ်ဘူး။ ဒါပေမဲ့ သူကပိုင်တယ်” လို့ ၎င်းကဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၄ ရက်နေ့ ညတုန်းက ကျောက်ဆည်မြို့မရဲစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်သားထွန်းထွန်းလင်း၊ ရဲတပ်သားဇေယျာမောင်တို့ ၂ ဦး ဟာကျောက်ဆည်မြို့အထဲကို တရားမ၀င် ပိတောက်သားတွေ တင်ဆောင်လာတဲ့ ကားတစ်စီးကို ဖမ်းဆီးရမိခဲ့ပါတယ်။ စခန်းပြန်ရောက်ချိန်မှာ ကျောက်ဆည်မြို့မစခန်းမှူး (အဟောင်း)က သစ်တင်ကားဖမ်းဆီးမှုနဲ့ပတ်သက်ပြီး ရဲတပ်သား ၂ ဦးကို “မင်းတို့ကိုဘယ်သူကဖမ်းခိုင်းလို့လဲ။ အခုမြို့နယ်မှူးက ငါ့ကိုလွှတ်ပေးဖို့ကြိမ်းနေပြီ”လို့ ဆူပူကြိမ်းမောင်းခဲ့ကြောင်း၊ ယင်းအချိန် စခန်းမှူးအသစ်လည်းအ နားမှာရှိကြောင်း၊ စခန်းမှူးက တရားခံတွေကိုလွှတ်ပေးလိုက်ပြီး အမှုကို ပိုင်ရှင်မဲ့ဖမ်းဆီးရမိမှုအဖြစ်ပြောင်းလဲခဲ့ကြောင်း တိုင်ကြားသူတွေက ပေါ်ပြူလာနယူးစ်ကိုပြောပြထားပါတယ်။

“ကျွန်တော်တို့မှာ အဲဒီအသံဖိုင်တွေရှိပါတယ်။ ပြီးတော့ မဆိုင်ဘဲ အရေးယူခံရမယ်လို့ဆိုတဲ့ ဒုရဲအုပ်ကိုကိုလင်း ရယ်၊ တိုင်ကြားတဲ့ ရဲတပ်သား ၅ ယောက်ရဲ့ လုံခြုံရေးအတွက် အထက်ဗမာပြည် ၈၈ ငြိမ်းပွင့်တွေစုပေါင်းပြီး သတင်းစာရှင်းလင်းပွဲတစ်ပြုလုပ်ဖို့ရှိပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေထံကလည်း အကြံဥာဏ်တောင်းပါမယ်” လို့ တိုင်ကြားသူ ဦးကိုကိုလွင် ကပြောပါတယ်။

ကျောက်ဆည်မြို့နယ် မဲဆန္ဒနယ် ၁ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးရဲမင်းထွန်းကတော့ အဆိုပါအမှုနဲ့ပတ်သက်ပြီး တရားမျှတမှုရှိစေဖို့ ဘာတွေလုပ်မလဲစောင့်ကြည့်နေပါတယ် လို့ ပြောပါတယ်။

ရဲလွင်(AF-178)
Photo-MoeZaw

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*