ကျောက်မဲတွင် စစ်ရှောင်ဒုက္ခသည်များထပ်တိုး

ကျောက်မဲတွင် စစ်ရှောင်ဒုက္ခသည်များထပ်တိုး
March 20, 2018 Fame Asian

3:15 pm
ကျောက်မဲတွင် စစ်ရှောင်ဒုက္ခသည်များထပ်တိုး

29472245_1730369200340371_8910932639452495872_n

ကျောက်မဲ၊ မတ် ၂၀

ဒီကနေ့မနက်ပိုင်းမှာပဲ ကျောက်မဲမြို့နယ် ၊ ကျောက်မဲကြီး ကျေးရွာ ကို စစ်ရှောင် ၁၄၀ ကျော်ထပ်မံရောက်ရှိလာတယ်လို့ ကျောက်မဲမြို့ လူမှုကူညီရေးအသင်းအဖွဲ့ထံကနေသိရပါတယ်။

အထပ်မံရောက်ရှိလာတဲ့ စစ်ရှောင်တွေဟာဆိုရင် ကျောက်မဲမြို့နယ် ကျောက်မဲကြီးကျေးရွာအုပ်စု ခိုယောင်းရွာက ထွက်ပြေးတိမ်းရှောင်လာတဲ့ အိမ်ထောင်စု ၄၀ စု (ကျား ၄၈ ဦး၊ မ ၈၇ ဦး) စုစုပေါင်း ၁၃၅ ဦးဖြစ်ပြီး ကျောက်မဲမြို့နယ် ကွန်ကော်ကျေးရွာအုပ်စု မန်စန်ရွာက အိမ်ထောင်စု ၂စု(ကျား ၃ ၊ မ ၃ ဦး) တို့ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီစစ်ဘေးရှောင်တွေဟာလက်ရှိမှာ ကျောက်မဲကြီးရွာ ဘုန်းကြီးကျောင်းမှာ နေထိုင်နေတယ်လို့ ကျောက်မဲမြို့ ဇီဝိတဒါန ပရဟိတလူမှုကယ်ဆယ်ရေးအသင်းကနေသိရပါတယ်။

မန်စန်ရွာကတော့ လက်ရှိ TNLA နဲ့ RCSS ကြားတိုက်ပွဲဖြစ်နေတဲ့ ဧရိယာအတွင်းပါဝင်နေပြီး တစ်ရွာလုံးမှာက နေအိမ် ၁၂ လုံးသာရှိပြီး အဲ့ဒီ ၁၂ လုံးမှာ ကျန်ရွာသားတွေကတော့ တိုက်ပွဲတွေစကတည်းက စစ်ဘေးရှောင်သွားပြီလို့သိရပါတယ်။

ခိုယောင်းရွာကတော့ တိုက်ပွဲတစ်စုံတစ်ရာဖြစ်ပွားနေတာမရှိဘူးလို့ သိရပါတယ်။

ကျောက်မဲမြို့မှာဆိုရင် မတ်လ ၁၆ ရက်နေ့နဲ့ နောက်ပိုင်း ရောက်ရှိလာတဲ့ စစ်ရှောင် ၂၃၃ဦးရှိနေပါသေးတယ်။

သူတို့တွေဟာ လက်ရှိ ကျောက်မဲမြို့ အောင်မြေသာယာစစ်ရှောင်စခန်းမှာ နေထိုင်နေပါတယ်။

အဲဒီ ၂၃၃ ဦးကတော့ အုံအွီးရွာက ၁၅၁ ဦး၊ တော့ဖယ်ရွာက ၁၁ ဦး၊ မန်ခေါက်ရွာက ၇၁ ဦးတို့ဖြစ်ပါတယ်။

သူတို့နဲ့ပတ်သတ်ပြီး “အားလုံးအတွက်တော့ ရိက္ခာလိုနေတယ်” လို့ ဇီဝိတဒါန လူမှုကူညီရေးအသင်းဥက္ကဌ ဦးတင်မောင်သိန်း ကပြောပါတယ်။

အထက်ပါစာရင်းတွေအားလုံးကိုပေါင်းရင် ကျောက်မဲမြို့မှာ စစ်ရှောင် ဦးရေ ၄၀၀ နီးပါးရှိနေတယ်လို့ ဆိုရမှာဖြစ်ပါတယ်။

ကျောက်မဲမြို့နယ်အထဲက စစ်ရှောင်စခန်းတွေကို ထွက်ပြေးတိမ်းရှောင်လာတဲ့ သူတွေရှိသလို တိုက်ပွဲကြားပိတ်မိနေသေးတဲ့ ရွာ ၂ ရွာနဲ့ စစ်ရှောင် ၂၅၀ ကျော်ရှိနေပါသေးတယ်။

အဲဒီ ၂ရွာကတော့ တော့ဖယ်နဲ့ ကွန်ကော်ရွာဖြစ်ပြီး TNLA နဲ့RCSS ရဲ့တိုက်ပွဲကြားပိတ်မိနေတာလည်းဖြစ်ပါတယ်။ ဒီကနေ့ဆိုရင် အဆိုပါရွာသားတွေ တိုက်ပွဲကြားပိတ်မိနေတာ ၁၀ ရက်ကျော်ခဲ့ပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၁၅ ရက်နေ့မှာ ကျောက်မဲ၊ လားရှိုး၊ သီပေါ၊ နောင်ပိန် စတဲ့မြို့နယ်တွေက ပရဟိတလူနာတင်ယာဉ်တွေ စုပေါင်းပြီး တိုက်ပွဲကြားပိတ်မိနေတဲ့ ရွာသူ/သားတွေကို သွားရောက်ကယ်ထုတ်ဖို့ကြိုးစားခဲ့ပေမယ့် အောင်ချမ်းသာရွာဆိုတဲ့ နေရာအထိပဲ သွားနိုင်ပြီး တိုက်ပွဲနဲ့မိုင်းတွေကြောင့် နောက်ပြန်ဆုတ်ခဲ့ရပါတယ်။

ပိတ်မိနေတဲ့ ကွန်ကော်နဲ့တော့ဖယ်ရွာ ၂ ရွာက ဒေသခံတွေနဲ့ တယ်လီဖုန်းဆက်သွယ်မိရာမှာ စားသောက်စရာဆန်ရှိသေးပေမယ့် ရွာအပြင်ထွက်ဟင်းစားမရှာနိုင်တာကြောင့် ဟင်းမရှိတော့ဘူးလို့ သိရကြောင်း ဦးတင်မောင်သိန်းက ဆိုပါတယ်။

လက်ရှိအဆိုပါဒေသတစ်ကြောမှာဆိုရင် RCSS နဲ့ TNLA ကြားတိုက်ပွဲပြင်းထန်းနေတာဖြစ်ပါတယ်။

ဒါကြောင့် ၂ ဘက် တပ်ဖွဲ့အနေနဲ့ တွေ့ဆုံညှိနှိုင်းအဖြေရှာဖို့ ၊ ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခဟာ TNLA နဲ့RCSS ကြား ပဋိပက္ခသာဖြစ်ပြီး ရှမ်းအမျိုးသားတွေနဲ့ပလောင်အမျိုးသားတွေရဲ့ ပဋိပက္ခလုံးဝမဟုတ်ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် SSPP/SSA က မတ် လ ၁၉ ရက်နေ့မှာ ကြေညာချက်တစ်စောင်နဲ့ ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

ရဲလွင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*