4:41 pm
နေပြည်တော် ၊ မတ် ၁၆
ကားလမ်းဖောက်လုပ်မှုကိစ္စ အတွက်နဲ့ပတ်သတ်ပြီး တပ်မတော်နဲ့KNU ကြား ထိတွေ့မှု ၁၂ကြိမ်လောက်ရှိခဲ့ပြီး ဒေသခံ အချို့ ဘေးကင်းရာကိုတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။
မတ်လ ၄ ရက်နေ့ကနေစပြီး ဖာပွန်ခရိုင် လူသောမြို့နယ် ခေးပူကျေးရွာနဲ့ လယ်မူပလောကျေးရွာ အကြားမှာ တပ်မတော်က ကားလမ်းတစ်ခုဖောက်လုပ်ဖို့ပြုလုပ်ရာကနေ တပ်မတော်နဲ့ KNU ကြား ထိတွေ့မှုတွေ ဖြစ်ခဲ့တာပါ။
တိုက်ပြွဲ့ဖစ်ပွားမှုတွေနဲ့ပတ်သတ်လို့ KNU အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူး က တပ်မတော်ဘက်ကနယ်ကျွံလို့ ဖြစ်လာတဲ့သဘောမျိုးဖြစ်ပြီး ထိတွေ့မှုတွေကတော့ ၁၂ကြိမ်လောက်ရှိခဲ့ပေမယ့် ကြီးကြီးမားမားတွေမဟုတ်ကြောင်း၊ ၂ ဖက် ထိန်းထိန်းသိမ်းသိမ်းပစ်ခတ်ကြတာဖြစ်ကြောင်း ပြောပါတယ်။
အဆိုပါ တိုက်ပွဲတွေကြောင့် ကျေးရွာ ၁၄ ရွာကနေ ဒေသခံ ၂၀၀၀ နီးပါးခန့်ဟာ ဘေးကင်းရာကိုတိမ်းရှောင်ပြီး အချို့က တောတွင်း၊ အချို့က အနီးနားရွာစသဖြင့် အဆင်ပြေသလို နေထိုင်နေရတယ်လို့ ဒေသသတင်းတွေနဲ့ KNU ရဲ့ သဘောထားထုတ်ပြန်ချက်မှာ ရေးသားထားတာကနေသိရပါတယ်။
အထက်ပါကိစ္စတွေနဲ့ပတ်သတ်ပြီး KNU ဗဟိုကနေ ဒီကနေ့ရက်စွဲနဲ့ သဘောထားထုတ်ပြန်ချက်တစ်စောင်ကို ထုတ်ပြန်ခဲ့တာပါ။
ထုတ်ပြန်ချက်ထဲမှာ တပ်မတော်ရဲ့ လမ်းဖောက်မှုနဲ့ပတ်သတ်ပြီး တပ်မတော်ရဲ့စစ်ဆင်ရေးလမ်းကြောင်းကို အထောက်အကူပြုနိုင်မယ့် ကားလမ်းတစ်ခုဖောက်လုပ်မှုအနေအထားရှိကြောင်း၊ KNU ဘက်ကနေ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တိုးတက်ဖြစ်ထွန်းမှုအရ ဒီလုပ်ငန်းတွေအပေါ် လက်ရှိအနေအထားအရ ခွင့်မပြုနိုင်သေးတဲ့အတွက် တပ်မတော်ဘက်က အင်အားဖြည့်တင်းတာ တပ်လှုပ်ရှားမှုနဲ့ဒွန်တွဲတဲ့ လမ်းအူကြောင်းရှာတဲ့ လုပ်ငန်းကိုဆက်လက်ပြုလုပ်လာတာကြောင့် နှစ်ဖက်စစ်ရေးတင်းမာမှုတွေဆက်လက်ဖြစ်ပေါ်လာကြောင်း ဖော်ပြထားပါတယ်။
ဒါကြောင့် စစ်ရေးလှုပ်ရှားမှုကိုရပ်ဆိုင်းပေးဖို့ ၊ လမ်းဖောက်လုပ်ရေးအတွက် စေလွှတ်ထားတဲ့ စစ်မဟာဗျူဟာကွပ်ကွဲရေးဌာနချုပ်တွေနဲ့ လက်အောက်ခံတပ်ရင်းတွေကို ပြန်လည်ရုပ်သိမ်းပေးဖို့ ၊ စစ်ရှောင်တွေ နေရပ်ပြန်လည်ဝင်ရောက်နေထိုင်နိုင်ရေး လုံခြုံမှုအာမခံချက်ပေးဖို့ ၊ စစ်ရှောင်တွေအတွက် လူသားချင်းစာနာထောက်ထားတဲ့အထောက်အကူတွေပေးဖို့ KNU ကတောင်းဆိုထားပါတယ်။
ဒါ့အပြင် အစိုးရနဲ့ NCA လက်မှတ်ရေးထိုးထားတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း(EAO)တွေကြား တွေ့ဆုံပွဲတွေ ပြုလုပ်ပေးဖို့လည်း အစိုးရကို KNUက တောင်းဆိုထားပါတယ်။
အခုဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ပတ်သတ်လို့ အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူး က”ကျွန်တော်တို့ သက်ဆိုင်ရာ ၂ ဘက် တပ်မှူးတွေ တွေ့ဆုံညှိနှိုင်းပြီး ကြိုးစားနေပါတယ်။ ညှိနှိုင်းပြီးအဖြေရှာတဲ့အဆင့်မှန်သမျှကိုကျွန်တော်တို့လုပ်သွားမှာပါ” လို့ပြောပါတယ်။
အခုဖြစ်ပွားနေတဲ့ ဖြစ်စဉ်တွေနဲ့ပတ်သတ်လို့တော့ တပ်မတော်ဘက်က တစ်စုံတစ်ရာထုတ်ပြန်ပြောဆိုထားတာမရှိသေးပါဘူး။
KNU ဟာ နိုင်ငံလုံးဆိုင်ရာပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။
ရဲလွင်