7:02 pm
“ကျွန်တော်တို့ပြည်သူဆိုလည်းကြောက်နေရတာပဲ။ နေ့ရောညရောဒါပဲ စဉ်းစားပြီးကြောက်နေရတာလေနော့။ ငြိမ်းချမ်းရေး…..။ ငြိမ်းချမ်းရေးလည်းမျှော်တာ နှစ်ပေါင်းဘယ်လောက်ရှိပြီလဲတောင်မသိတော့ဘူး…..”
စစ်ဘေးရှောင်ဒုက္ခသည်စခန်းတစ်ခုအတွင်း ယိုင်နဲ့နဲ့ ၀ါးလေးတိုင်ကို အရောင်အိုမင်းနွမ်းနေပြီဖြစ်သည့် တာလပတ်အပြာရောင်တို့ဖြင့် ပတ်လည်ကာရံအုပ်မိုးထားသော တဲအိမ်တစ်လုံးအတွင်းထိုင်နေသည့် အသက် ၅၀ အရွယ် ဦးအိုက်ဆမ် က ပြောလိုက်သောစကားဖြစ်သည်။
မှောင်ပိန်းနေပြီး အလျား ၈ ပေ၊ အနံ ၈ ပေခန့်အကျယ်ရှိသည့် အဆိုပါတဲအိမ်အတွင်း ဦးအိုက်ဆမ်၊ သူ၏မိခင် အပါအ၀င် မိသားစု ၅ ဦးနေထိုင်နေရခြင်းဖြစ်သည်။ တဲတစ်ခုလုံးတွင် အလင်းနှင့်လေကောင်းလေသန့်ဝင်စရာအပေါက်ဟူ၍ တာလပတ်ဖြတ်စကို ဟိုဘက်ဒီဘက်ဝါးတိုင် ၂ တိုင်ကြား ညှပ်ထားသည့် တဲအိမ်ဝင်ပေါက်တစ်ပေါက်သာရှိ၏။ ခါးကိုင်းနေသည့် ဦးအိုက်ဆမ် နှင့် သူ၏မိခင်အတွက်မူ အမြင့် ၄ ပေခွဲသာသာ တံခါးပေါက်က အဆင်ပြေလေသည်။
တဲအိမ်အလယ်ဗဟိုရှိ ဖိုခနောက်သုံးတုံးဆိုင် မီးဖိုမှ မီးခိုးလုံးများက တဲအတွင်း မြင်ကွင်းကိုေ၀၀ါးစေသည်။ အညာစောင်ခပ်နွမ်းနွမ်းခင်းထားပြီး ရှုပ်ပွတွန့်ကြေနေသည့် အိပ်ယာကား ဦးအိုက်ဆမ် တို့မိသားစုလက်ရှိစံမြန်းရာ တဲအိမ်၏ ဧည့်ခန်းလည်းဟုတ် အိပ်ယာလည်းဟုတ်သည်။ အလားတူ ထမင်းစားခန်းလည်းဟုတ်လေသည်။
ရှမ်းမြောက် တောင်ပေါ်ဒေသ လေထု၏ ဆောင်းတွင်း အရိုးကွဲမတက်တိုက်သည့်လေ ဒဏ်ကြောင့် မီးဖိုကိုကား ၂၄ နာရီအဆက်မပြတ်ဖိုထားရသည်။ ရံဖန်ရံခါ ရတက်သည့် အောက်သိုးသိုးရနံ့ကို မီးဖိုကထွက်သည့် မီးခိုးနံ့များက မဖုံးလွှမ်းပေးနိုင်။ တောင်ပေါ်နေတိုင်းရင်းသားပီပီ နေအိမ်ခြံဝန်းကျယ်ကျယ်နှင့် လတ်ဆတ်သည့်လေကို ရှူရှိုက်ခဲ့ရသည့် သူ့အဖို့ ယခုအခြေအနေက ၀ဋ်ဒုက္ခခံစားနေရသည်နှင့်တူကြောင်း ဦးအိုက်ဆမ်တစ်ယောက် အသက်မပါသည့် အပြုံးတုတစ်ခု ဖန်တီးရင်း ဆိုလေသည်။
ဦးအိုက်ဆမ် နေထိုင်ရာဇာတိရွာကား ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်အတွင်းရှိ ငေါ့ငါးကျေးရွာ ဖြစ်သည်။
တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA ကို လက်မှတ်မရေးထိုးရသေးသည့်တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့တွင် ၉ ဖွဲ့အပါအ၀င် တပ်မတော်ပါ စစ်ရေးအရလှုပ်ရှားနေကြသည့် ရှမ်းပြည်နယ်အတွင်းတည်ရှိသော ကျေးရွာတစ်ရွာဖြစ်သည့်အတွက် တိုက်ပွဲ၊ သေနတ်သံ၊ ဗုံးသံများက ဦးအိုက်ဆမ်တို့ ငေါ့ငါးကျေးရွာအတွက် စိမ်းသည့်အရာတော့မဟုတ်။ သို့သော် ဖေဖော်ဝါရီလ ၅ ရက်နေ့က ငေါ့ငါးကျေးရွာအနီးပတ်ဝန်းကျင်တွင် ဖြစ်ပွားခဲ့သည့် တပ်မတော်နှင့် TNLA ၏ တိုက်ပွဲကား ငေါ့ငါးရွာသားများအား စစ်ဘေးဒုက္ခသည်အဖြစ်ရောက်ရှိစေပြီး စစ်ဘေးရှောင်စခန်းသို့ပင် တိမ်းရှောင်စေသည့်အဆင့်ရောက်ရှိခဲ့ခြင်းဖြစ်သည်။
ဦးအိုက်ဆမ် က ၎င်းတို့ ထွက်ပြေးခဲ့ရသည့် ဖေဖော်ဝါရီလ ၅ ရက်နေ့ ညက အဖြစ်ကို “လက်နက်ကြီး အလုံး ၂၀၀လောက်ပစ်တယ်။ နောက်ဆုံး လေယာဉ်ပါရောက်လာတော့ မရတော့ဘူး အားလုံးတောထဲဝင်ပြီး ချောင်းအနားမှာသွားစုနေတာ။ အရင်အခေါက်တွေဖြစ်တုန်းက ပြန်လို့ရတယ်။ ဆန်တို့ စားစရာတို့သွားယူလို့ရတယ်။ အခုတစ်ခေါက်က ဆက်တိုက်ပစ်နေတော့ ပြန်လို့မရတော့ဘူး။ အဲ့ဒီညကတော့ အငတ်ခံပြီးတောထဲမှာပဲ အိပ်လိုက်တယ်” ဟု မှတ်မှတ်ရရပင် ပြန်ပြောပြသည်။
ယင်းဖြစ်စဉ်အပြီး ဖေဖော်ဝါရီ ၆ ရက်နေ့တွင် ငေါ့ငါးကျေးရွာသား အများစုမှာ ကွတ်ခိုင်မြိုနယ်အတွင်းရှိ မိုင်းယုလေးကျေးရွာသို့ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ဦးအိုက်ဆမ်အပါအ၀င် ငေါ့ငါးရွာသား ၇၀ ခန့်မှာ နမ့်ဖတ်ကာကျေးရွာရှိ အောင်သပြေ စစ်ရှောင်စခန်းသို့ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ယင်းကား ငေါ့ငါးရွာသားများ အိုးပစ်အိမ်ပစ်နှင့် အဝေးကိုထွက်ပြေးရသည့် ပထမဦးဆုံးအကြိမ်ပင်ဖြစ်တော့သည်။
မိုင်းယုလေးတွင် ၂၀၁၂ ခန့်ကတည်းက ထွက်ပြေးလာရသည့် စစ်ဘေးရှောင်စခန်း ၂ ခုရှိနေသည့်အတွက် နောက်ထပ်ရောက်လာသည့် ငေါ့ငါးရွာစစ်ဘေးရှောင်များအတွက် ယာယီစခန်း ဆောက်လုပ်ပေးရန် မြေနေရာ မရှိတော့။ သို့ဖြစ်၍ စခန်းအဖြစ် မဆောက်လုပ်ပေးနိုင်ခဲ့ဘဲ မိုင်းယုလေးကျေးရွာသားများ၏ နေအိမ်များတွင် စစ်ဘေးရှောင်များ လူခွဲ၍ ကပ်နေထိုင်နေကြရသည်။
မိုင်းယုလေးကျေးရွာတွင် ရောက်ရှိ စစ်ဘေးရှောင်နေသည့် ငေါ့ငါးရွာသား မီးသွေးဖုတ်သမား ဦးအိုက်ခမ်း ဆိုလျှင် တောအတွင်းမီးသွေးဖုတ်နေရင်းတန်းလန်းထွက်ပြေးခဲ့ရကြောင်းဆိုသည်။”တောထဲမှာမီးသွေးဖုတ်နေတာ။ အမြှောက်သံတွေကြားတော့ မီးသွေးဖုတ်လက်စကိုထားခဲ့ပြီး ရွာကိုပြန်လာတာ။ ရွာပြန်ရောက်တော့ဘယ်သူမှမရှိတော့ဘူး။ အဲ့ဒါနဲ့ ဒီကိုတောက်လျှောက်လိုက်လာခဲ့တာ” ဟု ၎င်းကဆိုသည်။
မြန်မာပြည်၏ သက်တမ်းရင့်ပြည်တွင်းစစ်အတွင်း တိုက်ပွဲတစ်ခုကြောင့်ကျေးရွာတစ်ရွာ စစ်ဘေးဒုက္ခခံစားရခြင်းဖြစ်စဉ်၊ တစ်နည်းဆိုရလျှင် မထူးဆန်းတော့သည့် ဖြစ်စဉ်တစ်ခုပင်ဖြစ်သည်။
သို့သော် နို်င်ငံလုံးဆိုင်ရာအပစ်ရပ်စဲရေးစာချုပ် ဟုခေါ်ဆိုသည့် NCA ကို လက်မှတ်ရေးထိုးသည့်အဖွဲ့များ တိုးပွားလာနေသည့် ယခုလိုအခိုက်အတန့်၊ ၂၁ ရာစုပင်လုံ ငြိမ်းချမ်းရေး ကွန်ဖရင့်ကို ၆ လ တကြိမ်နေပြည်တော်၌ ကျင်းပနေချိန်တွင် ရှမ်းမြောက်ဒေသရှိ ကျေးရွာများမှာတော့ ယခင်ကာလများထက်ပင် တိုက်ပွဲ အရှိန်မြင့်လာနေသလို တွေ့ကြုံခံစားနေကြရသည်။
နေပြည်တော်တွင် ကျင်းပသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ၊ ညီလာခံများအကြောင်း စစ်ဘေးဒဏ် တကယ်ခံစားနေကြရသူများ ကြားဖူးကြပါသလား။ သူတို့ နေအိမ်ပြန်ရေး အကူအညီအထောက်အပံ့ကိုသာ မျှော်ကိုးစားနေရသည့် ဘဝမှ လွတ်ကင်းပြီး ကိုယ့်မြေကိုယ်ယာမှာ အေးချမ်းစွာ စိုက်ပျိုးစားသောက် နေထိုင်နိုင်ရေး၊ ကလေးတွေ စာသင်ကြားနိုင်ရေး တို့က အဆိုပါ ဆွေးနွေးပွဲတွေအောင်မြင်မှ ဖြစ်သည်ဆိုသည်ကို ၎င်းတို့ သိရှိကြပါသလား။
အဆိုပါ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေအကြောင်း စစ်ဘေးရှောင်အများစုကို မေးမြန်းရာတွင် ထက်ဝက်ခန့်မှာ နေပြည်တော် နှင့် ရန်ကုန်မြို့တို့၌ပြုလုပ်နေသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို မကြားဖူးကြကြောင်းဆိုသည်။ အချို့မှာမူ ရေဒီယို နားထောင်သဖြင့် ကြားဖူးကြောင်းဆိုသည်။
ကျေးသီးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တစ်ဦးဖြစ်သူ စိုင်းခမ်းပိုင်ဖ (ခ) ဦးခင်မောင်ညွန့် က “ကျွန်တော်တို့ပြည်သူတွေက အနေလည်းအေးတယ်။ ရိုးလည်းရိုးတယ်။ ကြောက်တက်တာကလွဲရင် စားဝတ်နေရေးလောက်ပဲပေါ့နော်။ကျွန်တော်တို့ဘက်က သူတို့တစ်ကယ်လို့ရောက်လာရင် တက်နိုင်သလောက်ကူဖို့ တက်နိုင်သလောက် သတင်းစကားယူဖို့၊ သူတို့ကိုရှင်းပြဖို့ အမြဲလုပ်တယ်ပေါ့နော်” ဟု ပြောသည်။
မတူညီတဲ့ ဒေသတွေက တူညီတဲ့အခြေအနေ
ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း စစ်ဘေးရှောင်စခန်း ၃၀ ခန့်ရှိပြီး အများစုမှာ ပြီးခဲ့သည့် ၂၀၁၁ ၊ ၂၀၁၂ နှစ်များ ကတည်းက ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် စစ်ဘေးဒုက္ခသည်များဖြစ်သည်။ အဆိုပါ စစ်ဘေးရှောင်စခန်းများတွင် စခန်းအများစုဖြစ်သည့် ကချင်ပြည်နယ် မန်စီမြို့နယ်အတွင်းမှ ထွက်ပြေးတိမ်းရှောင်ခဲ့သူများနေထိုင်သည့် မန့်ဝိန်းကြီးရှိ စစ်ရှောင်စခန်းများ၊ နမ့်ခမ်းမြို့နယ်ထဲရှိ စစ်ဘေးရှောင်စခန်းများ ၊ နမ့်ဖတ်ကာစစ်ရှောင်စခန်း ၊ကွတ်ခိုင်မြို့နယ်အတွင်းရှိ စစ်ရှောင်စခန်းများ မှာ ယနေ့ထိ နေရပ်ပြန်နိုင်ခြင်းမရှိသေးဘဲ အဖွဲ့အစည်းအသီးသီးမှ ထောက်ပံ့သည့် ရိက္ခာဖြင့် IDP Camp များတွင် နေထိုင်နေရဆဲဖြစ်သည်။
မိမိတို့ လုပ်ငန်းအတွက် အားကိုးရသည့် ကျွဲနွား နှင့် အိမ်မွေးတိရိစ္ဆာန်များ ဖြစ်သည့် ကြက်၊ ဝက်တို့ အပါအဝင် ပိုင်ဆိုင်သည့် လယ်ယာတောင်ယာအားလုံးကို စွန့်ပစ်ကာထွက်ပြေးခဲ့ရသည့်အတွက် စစ်ဘေးရှောင်စခန်းတွင် လုပ်ကိုင်စားသောက်စရာမရှိ ဒုက္ခအတိဖြင့် စစ်ရှောင်အားလုံးနီးပါးမှာ ကြုံရာကျပန်း အလုပ်သမားဘ၀ရောက်ကြပြီး အချို့လူငယ်လူရွယ်များမှာ တရုတ်နိုင်ငံဘက်သို့ သွားရောက် အလုပ်လုပ်ကြသည့် ဘ၀ရောက်ကြပြန်သည်။
အဆိုပါ ဖြစ်စဉ်များမှာ သွားရောက်သတင်းရယူခဲ့သည့် ရှမ်းမြောက်ရှိစစ်ဘေးရှောင်စခန်း (၇) ခုလုံးတွင် ကြုံတွေ့နေရသည့် ဘုံပြဿနာတစ်ရပ်ပင်ဖြစ်သည်။
ယခင်ကာလ များက စစ်ဘေးရှောင်စခန်းများတွင် စစ်ဘေးရှောင်တစ်ဦးကို တစ်လ ငွေ ၁၅၀၀၀ ကျပ်ကို ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP က ထောက်ပံ့ပေးခဲ့သော်လည်း ပြီးခဲ့သည့် ၂၀၁၇ခုနှစ်မှစတင်၍ အသက် ၁၈ နှစ်နှင့် ၅၅ နှစ်ကြား စစ်ဘေးရှောင်များကို အဆိုပါထောက်ပံ့ကြေးငွေမပေးတော့ပေ။
နမ်းခမ်းမြို့နယ် ပန်လုံစစ်ရှောင်စခန်းတွင်ရောက်ရှိနေသည့် ကတော့ကောင်ကျေးရွာမှစစ်ဘေးရှောင် လူငယ်တဦးဖြစ်သူ ဒုန်လာကွန်ဖန် က ရခိုင်ဖြစ်စဉ်ကြောင့် WFP အနေဖြင့် ပြည်တွင်းစစ်ဘေးရှောင်ပြဿနာကို ဦးစားပေးအဆင့်မှ လျော့ချလိုက်ခြင်းဖြစ်နိုင်ကြောင်း ကောက်ချက်ချသည်။
ငေါ့ငါးကျေးရွာမှ ထွက်ပြေးခဲ့သည့် ဦးအိုက်ဆမ် က စစ်ဘေးရှောင်စခန်းတွင် ယခုကဲ့သို့ အလုပ်မရှိ၊ ပိုက်ဆံမရှာနိုင်ဘဲ ဒုက္ခခံနေရသည်ကိုမလိုချင်ကြောင်းဆိုသည်။
“ဒီမှာမနေချင်တော့ဘူး။ ဒုက္ခရောက်တယ်။ ရွာမှာဆိုရင်တော့အလုပ်ကများတယ်လေနော့။ ဟိုမှာလုပ်လိုက်။ ဒီမှာလုပ်လိုက်နဲ့။ ၀မ်းစာရေးအတွက်ပေါ့။ ဒီမှာဆို အလုပ်လည်းမရှိ။ ပိုက်ဆံရှာဖို့ခက်တယ်လေနော့။ ရွာမှာပဲနေချင်တယ်။ တောင်ယာပဲလုပ်ချင်တာပေါ့” ဟု ၎င်းကဆိုသည်။
ယင်းကြောင့်ပင် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာစစ်ဘေးရှောင်စခန်းတွင် နေထိုင်လျက်ရှိသည့် ဦးအိုက်ဆမ် အပါအ၀င် ငေါ့ငါးရွာသား ၆၀ ကျော်သည် စစ်ဘေးရှောင်စခန်းသို့ရောက်ရှိပြီး ၁၀ ရက်ခန့်အကြာတွင် နေရပ်ဖြစ်သည့် ငေါ့ငါးရွာသို့ အရဲစွန့်၍ ပြန်သွားခဲ့ကြသည်။
သို့သော် ရွာပြန်ရောက်သည့် အခါ ၎င်းတို့ နေအိမ်အမိုး အများစုမှာ သေနတ်ကျည်ဆံမှန်ထားသဖြင့် စကာပေါက်သဏ္ဍာန်ဖြစ်နေပြီး၊ နေအိမ်အားလုံးနီးပါးမှာတော့ ဖွင့်ပြီး တန်ဖိုးရှိပစ္စည်းများရှာဖွေ ယူဆောင်သွားခြင်းခံထားရသည်။ စစ်ဘေးရှောင်စဉ်က အိမ်တွင်ရှိသည့် စားနပ်ရိက္ခာအပါအ၀င်အသုံးအဆောင်ပစ္စည်းများကို မသိမ်းဆည်းနိုင်ဘဲ ထွက်ပြေးခဲ့ရသော်လည်း နေအိမ်ပြန်ရောက်သည့်အခါ အဆိုပါပစ္စည်းများ အားလုံးမရှိတော့ပေ။ ယင်းအပြင် ဘုန်းကြီးကျောင်းတွင်ပင် လက်နက်ကြီးထိမှန်ထားသည့် ဒဏ်ရာများတွေ့ရှိရပြီး တဲအိမ်အချို့တွင် RPG စနက်တံလာရောက်စိုက်မှန်ထားသည်များကိုပါတွေ့ရှိရသေးသည်။မပေါက်ကွဲသေးသည့် လက်နက်ကြီး ကျည်ဆံများကိုလည်း တွေ့ရှိရသေးကြောင်း ငေါ့ငါးရွာသားများကဆိုသည်။
ငေါ့ငါးရွာဆယ်အိမ်မှူး ဖြစ်သည့် ဦးလှဝင်းက “အိမ်တွေအားလုံးနီးပါးအဖောက်ခံရတယ်။ ဘာမှ မကျန်တော့ဘူး” ဟုပြောသည်။
ယင်းကဲ့သို့ဖြစ်စဉ်ကား ငေါ့ငါးရွာတစ်ရွာတည်းတွင်ဖြစ်ပျက်ခဲ့သည့်အဖြစ်အပျက်မဟုတ်။ ယင်းကဲ့သို့ပင် အသွင်သဏ္ဍာန်တူညီသည့် ဖြစ်စဉ်များ ရှိနေသေးသည်။
နမ့်ဆန်မြို့နယ်အတွင်း တပ်မတော် ၊ RCSS ၊TNLA တို့ အကြားတိုက်ပွဲကြောင့် ကျောက်မဲမြို့သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် စစ်ဘေးရှောင်များနေရပ်ပြန်သွားရာတွင်လည်း ၎င်းတို့ နေအိမ်အားလုံးနီးပါးမှာအလားတူဖြစ်စဉ်ဖြစ်ပွားခဲ့ကြသည်။
တစ်လခန့်စစ်ဘေးရှောင်ပြီး ဖေဖော်ဝါရီ ၈ ရက်နေ့မှသာ နေရပ်ပြန်နိုင်ခဲ့သည့် နမ့်ဆန်မြို့နယ် ၊ ကျောက်ဖြူလေးကျေးရွာအုပ်စု ကိုင်တိုင်(ကြက်သေ)ရွာ မှစစ်ဘေးရှောင်များနေရပ်ပြန်ရာတွင်လည်း ၎င်း တို့နေအိမ်အားလုံးနီးပါးမှာ မွစာကြဲနေပြီး အသုံးဝင်သည့် စောင် ၊ ဖိနပ် ၊ စားနပ်ရိက္ခာများအားလုံးနီးပါး ပျောက်ဆုံးခဲ့ကြသည်။ ၎င်း ကိုင်တိုင်ရွာနှင့် မရှေးမနှောင်းပင်ထွက်ပြေးတိမ်းရှောင်ကာ ကိုင်တိုင်ရွာထက် စောလျင်စွာနေရပ်ပြန်ခဲ့သည့် ကျောက်ဖြူလေးကျေးရွာတွင်လည်းအလားတူဖြစ်စဉ်မျိုးဖြစ်ပွားခဲ့သည်။ ဘီယာဗူးများ၊ စောင်များ၊ ဖိနပ်များအပါအ၀င် အသုံးဝင်သည့် ပစ္စည်းစုစုပေါင်း တန်ဖိုး သိန်း၃၀ ကျော်ဖိုးအထိ ပျောက်ဆုံးသွားခဲ့ရသည့် ကုန်စုံဆိုင်တစ်ဆိုင်ပင်ရှိသည်။
အဆိုပါကျေးရွာများသို့ သွားရောက်သတင်းရယူခဲ့စဉ်အချိန်မှာပင် ကိုင်တိုင်ရွာ၏တစ်ဖက်၌ RCSS နှင့် TNLA တို့ တိုက်ပွဲဖြစ်ပွားနေပြီး လက်နက်ကြီး လက်နက်ငယ်ပစ်ခတ်သံများ ကြားခဲ့ရသည်။
ထို့ပြင် ကိုင်တိုင်ရွာရှိ နေအိမ် ၃ လုံးနှင့် ဆိုင်ကယ် ၇ စီးမှာ အသုံးပြု၍မရတော့လောက်အောင် မီးရှို့ဖျက်ဆီးခံခဲ့ရသေးသည်။
မီးလောင်ပြင်အတွင်း ဆိုင်ကယ်ပစ္စည်းအပိုင်းအစများ ၊ မီးလောင်ကျွမ်းထားပြီးဖြစ်သည့် ပစ္စည်းအပိုင်းအစများကို လိုက်လံကောက်သိမ်းနေသည့် မီးရှို့ခံခဲ့ရသည့် နေအိမ်ပိုင်ရှင် ကိုအောင်ဆုပန် က “ဘယ်သူ့သွားတိုင်ရမလဲ။ တိုင်စရာနေရာမှမရှိတာ” ဟု ဆိုသည်။
၎င်း နေအိမ်၌ကား ကျေးရွာပိုင်ပစ္စည်းများအပြင် ကျေးရွာအလှူပွဲလမ်းသဘင်များတွင် ထည့်သွင်းအသုံးပြုသည့် စပီကာဆောင်းဘောက်စ်များပါသိမ်းဆည်းထားသည့်အတွက် ယခုမီးရှို့ခံရမှုတွင်အားလုံးပါသွားခဲ့ရသည်။
ကျေးသီးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စိုင်းခမ်းပိုင်ဖ (ခ) ဦးခင်မောင်ညွန့်က”အဲ့ဒါဘယ်ဘက်က လုပ်မှန်းတော့မသိဘူးပေါ့နော်။ အဓိကကတော့ ၂ ဘက် တိုက်ပွဲဖြစ်တဲ့အုပ်စု ၂ စုအထဲက တစ်စုကလုပ်တာပဲဖြစ်မှာ။ ဘယ်ဘက်ကပဲလုပ်လုပ်ပါ။ မလုပ်သင့်ဘူး။ ဒါမျိုးကိုကျွန်တော်တို့က သိပ်လက်မခံဘူးပေါ့နော်။ အမှန်ဆိုသူတို့ကတောင်စောင့်ရှောက်ရဦးမှာ” ဟု မှတ်ချက်ပြုသည်။
နေအိမ်တွင်ကျန်ခဲ့သည့်ပစ္စည်းအားလုံးပျောက်ဆုံးခဲ့သည့် ကိုင်တိုင်ရွာစစ်ရှောင်များအတွက် ၎င်းတို့ နေရပ်ပြန်စဉ် ကျောက်မဲ စစ်ရှောင်စခန်းမှ တစ်ဦးလျှင်ငွေသား ၅၀၀၀ နှင့် ဆန် အနည်းငယ်စီပေးခဲ့သည်။ သို့သော် အဆိုပါငွေ ၅၀၀၀နှင့် ဆန် ကုန်သွားပါက မည်သို့ဆက်လက်ရပ်တည်မည်ကို မည်သူတစ်ဦးတစ်ယောက်မှ ရေရာစွာ ဖြေကြားနိုင်ခြင်းမရှိ။ သူတို့အနာဂတ်က မရေရာသည့်သဘောဟုပင် မှတ်ယူရမည်ထင်သည်။
နေရပ်ပြန်နိုင်ခြင်းမရှိသေးသည့် မန့်ဝိန်းကြီး ၊ နမ်းခမ်း ၊ ကွတ်ခိုင် စသည့် ဒေသမှ စစ်ရှောင်များကို မေးမြန်းရာတွင်လည်း အများစုမှာ စွန့်ခွာခဲ့တာကြာပြီဖြစ်၍ ၎င်း နေအိမ်များ မရှိတော့ကြောင်းဆိုသည်။ နမ်းခမ်းမြို့ နေ၀န်းနီ စစ်ရှောင်စခန်းသို့ရောက်ရှိနေသည့် ကချင်ပြည်နယ်မန်စီမြို့ ပန်လွယ်ရွာမှစစ်ဘေးရှောင် ဦးမောင်ရီ က ” လေယာဉ်နဲ့လည်းပစ်တယ်။ အိမ်တွေပျက်စီးတယ်။ ၂၀၁၈ အတွင်းမှာ တိုက်ပွဲတွေကပိုဆိုးလာတယ်” ဟုပြောသည်။ ဦးမောင်ရီ
၏ပန်လွယ်ရွာသားများမှာ ၂၀၁၁ ခုနှစ်ကတည်းက ရွာကိုစွန့်၍ ထွက်ပြေးတိမ်းရှောင်ခဲသူများလည်းဖြစ်သည်။
မန့်ဝိန်းကြီးစစ်ရှောင်စခန်းသို့ရောက်ရှိနေသည့် ဦးလဗျခါးကမူ ပြန်စရာအိမ်မရှိဟုဆိုသည်။အဆိုပါစခန်း၌ပင်စစ်ရှောင်နေသည့် ဘန်ဂေါရွာသား ဦးခွန်တူး က “အရင်က မကြာမကြာ ရွာကိုပြန်ပြီးကျန်ခဲ့တဲ့ အိမ်နဲ့ ကျွဲတွေ နွားတွေကို သွားသွားကြည့်တယ်။ ဒါပေမဲ့ အခုသွားမကြည့်နိုင်တာ၂နှစ်လောက်ကြာပြီ။ အကုန်ပျက်စီးနေလောက်ပြီ”ဟု ပြောသည်။
အထက်ပါကိစ္စများနှင့်ပတ်သတ်၍ လက်ရှိတွင်လည်း တိုက်ပွဲများဖြစ်ပွားနေသည့် နမ့်ဆန်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထူးက “ကျွန်တော်တို့ပြည်သူတွေလည်းတော်တော်ပင်ပန်းနေပြီ။ နိုင်ငံလည်းဒီဟာကြီးအတွက်ကို တော်တော်ဒုက္ခရောက်နေပြီ။
မဖြစ်သင့်တော့ဘူး။ တစ်ခါတစ်လေကြရင် လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ပြည်သူတွေကိုယ်စားပြောပေး၊ ဆွေးနွေးပေးချင်ပေမယ့်လည်းတစ်ခါတစ်လေ ဆွေးနွေးလိုက်တာက ကောင်းမွန်တဲ့အကျိုးသက်ရောက်မှုမရှိဘဲ ဆိုးကျိုးတွေဖြစ်လာတာမျိုးတွေရှိလာတဲ့အခါ ဆွေးနွေးရမှာတောင်စိုးရိမ်တဲ့အနေအထားတွေရှိလာတယ်။ အဲဒီလိုခံစားရတယ်ပေါ့နော်။ တိုက်ပွဲမဖြစ်ခင်တုန်းက ပြည်ထောင်စုနေ့ထင်တယ်။ အခမ်းအနားမှာ ဒုသမ္မတနဲ့တွေ့ပြီးစကားပြောတဲ့အခါ ဒုသမ္မတက ဒီအချက်အလက်တွေကို ပို့ပေးပါလို့ပြောတော့ ကျွန်တော်အဲဒီအချက်အလက်တွေပို့လိုက်တယ်။ ဒီပို့ပြီးတော့သိပ်မကြာပါဘူး။ စစ်ဘေးရှောင်တွေရဲ့ရွာမှာ အိမ် ၃ လုံးလောက်မီးရှို့ခံရတယ်ဆိုတဲ့အသံကြားလိုက်ရတယ်။ ဘယ်သူလုပ်လို့လုပ်သွားမှန်းလည်းမသိဘူး။
နိင်ငံရေးစားပွဲဝိုင်းပေါ်မှာပဲ ဆွေးနွေးသင့်နေပြီလို့ပဲပြောချင်တယ်။ ဘာကန့်သတ်မှုမှလည်းမလုပ်တော့ဘဲ နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ဒီNCA မှာ ပါဝင်လာနိုင်အောင် လုပ်သင့်ပြီ။ တပ်မတော်ရော၊ တိုင်းရင်းသားလက်နက်ကိုင်တွေရော ၊ အစိုးရရော ဒီအပေါ်မှာ သဘောထားကြီးကြီးနဲ့ဖြေလျော့သင့်တာတွေဖြေလျော့ပြီးတော့မှ ဒီNCA အထဲမှာပါဝင်သင့်ပြီဆို့ ယူဆတယ်” ဟု ဆိုသည်။
မရေရာသေးသည့် အိမ်ပြန်ချိန်
စစ်ဘေးရှောင်များ အားလုံး၌တူညီသည့် ဆန္ဒတစ်ရပ်မှာ နေရပ်ပြန်ရေးပင် ဖြစ်သည်။ နေရပ်ပြန်ရောက်ချိန်ကြုံတွေ့ရမည့် အခက်အခဲများကို မှန်းဆသိရှိသော်လည်း မည်သို့ဖြေရှင်းမည်ဟူသောအချက်ကိုမူ တိကျစွာမည်သူမှပြောနိုင်ခြင်းမရှိခဲ့ပေ။ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းချုပ် KBC ၏ ပြောရေးဆိုခွင့်ရှိသူ Reverend Samson က စစ်ဘေးရှောင်များ၏ မူလနေရပ်ဒေသရှိ မြေယာများသို့ တရုတ်မှပြုလုပ်သည့် စိုက်ပျိုးရေးကွင်းများ ၀င်ရောက်လာမှု ရှိနေသည့်အတွက်
၎င်းတို့၏မူလပိုင်ဆိုင်ရာမြေနေရာများပျောက်ဆုံးသွားမည်ကို စစ်ဘေးရှောင်များက ကြောက်နေကြကြောင်း ဆိုသည်။
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ တတိယအကြိမ်အစည်းအဝေးကျင်းပတော့မည့် ယခုကာလ ၊ တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ က အပစ်အခတ်ရပ်စဲရေးစာချုပ် NCA ကို လက်မှတ်ရေးထိုးပြီးချိန် ယခုကာလအထိ မြန်မာနိုင်ငံအတွင်း စစ်ဘေးရှောင်စခန်း ၁၃၀ ကျော်ရှိနေပြီး ယင်းအထဲတွင် ကချင်ဘာသာရေးအသင်းအဖွဲ့ KBC ကဖွင့်လှစ်ထားသည့် စစ်ဘေးရှောင်စခန်းမှာ ၁၁၀ ၀န်းကျင်ရှိနေသည်။
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက “သက်ဆိုင်ရာတိုင်းဒေသကြီးနဲ့ပြည်နယ်အစိုးရ တွေကနေ ပေးပို့ထားတဲ့စာရင်းအရတော့ ကချင်ပြည်နယ်မှာ IDP Camp ၉၂ ခု၊ ရှမ်းပြည်နယ်မှာ ၂၈ ခု၊ ကရင်ပြည်နယ်မှာ ၂ ခု ရှိတယ်” ဟု ပြောသည်။
အဆိုပါစခန်းများသည် သက်တမ်းရင့်စစ်ရှောင်စခန်းများဖြစ်ပြီး စုစုပေါင်း အိမ်ထောင်စု ၁၀၅၀၀ အထက်တွင်ရှိကြောင်း ၎င်းကထပ်လောင်းဆိုသည်။ တပ်မတော်နှင့်တိုင်းရင်းသားလက်နက်ကိုင်များကြား၊ တိုင်းရင်းသားလက်နက်ကိုင်များ အချင်းချင်းကြားကဖြစ်ပွားခဲ့သည့်တိုက်ပွဲများကြောင့် စစ်ဘေးရှောင်ခဲ့ရသူများလည်းဖြစ်သည်။
KBC မှဖွင့်လှစ်ထားသည့် KBC 1/2 ၊ RC 1/2 စသည့် စခန်းများတွင် စခန်း ၃၀ ကျော်မှာ လက်ရှိတွင် နေရပ်ပြန်နိုင်သည့်အနေအထားတွင်ရှိနေကြောင်း နှင့် အဆိုပါနေရပ်ပြန်မည့်ကိစ္စနှင့်ပတ်သတ်၍ လာမည့် မတ်လ အတွင်းကျင်းပမည့် KBC အသင်းချုပ်၏အစည်းအဝေးတွင် ကဏ္ဍတစ်ခုအနေဖြင့် အရေးပေးဆွေးနွေးသွားရန်ရှိကြောင်း KBC ပြောခွင့်ရ Reverend Samson က ဆိုသည်။
နေရပ်ပြန်ချင်နေသည့် ၊ နေရပ်ပြန်ရန်အဆင်သင့်ဖြစ်နေသည့် စစ်ဘေးရှောင်များရှိနေသော်လည်း ၎င်းတို့ နေရပ်ပြန်ပြီးနောက်ပိုင်းကိစ္စများနှင့်ပတ်သတ်၍ ယနေ့ထိ အစိုးရအပါအ၀င် အဖွဲ့အစည်းအသီးသီးက ထိရောက်သည့်
ဆောင်ရွက်ချက်မျိုးမလုပ်ပေးနိုင်ကြသေးချေ။
လူကယ်ပြန်ဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူက “အဲ့လိုတော့ ဆောင်ရွက်တာမျိုးမကြားမိဘူး။ မသိတာလည်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အစိုးရက သွားလှူဒါန်းတာမျိုးတွေတော့ရှိတယ်။ အခုတော့ ၀န်ကြီးဌာနမှာ ပြန်လည်ထူထောင်ရေးဦးစီးဌာန ဆိုပြီး အသစ်တစ်ခုဖွင့်ထားတယ်။ နောက်ကိုတော့ ဒီလိုကိစ္စမျိုးတွေ တိတိကျကျရှိလာမှာပါ” ဟုဆိုသည်။
နေအိမ်အချို့မီးရှိ့ဖျက်ဆီးခံရ ၊ ပစ္စည်းများပျောက်ဆုံးသွားခဲ့ရသည့် ကိုင်တိုင်ရွာ အုပ်ချုပ်ရေးမှူးကမူ ” ပိုက်ဆံ ၅၀၀၀ ကုန်ရင် ဘာလုပ်မလဲဆိုတော့ မသိဘူးလေ။ သက်ဆိုင်ရာလူကြီးတိုင်းလည်း။ ဒီအဖွဲ့လည်းမပြောရဲဘူး။ ဟိုအဖွဲ့လည်းမပြောရဲဘူး။ ဒီအဖွဲ့လည်းမသိဘူး “ဟုပြောလေသည်။
ရဲလွင်