မြန်မာနိုင်ငံမှာ သက်တမ်းရင့် စစ်ဘေးရှောင် ဒုက္ခသည်စခန်း(IDP Camp) ၁၄၀ ကျော်ရှိ

မြန်မာနိုင်ငံမှာ သက်တမ်းရင့် စစ်ဘေးရှောင် ဒုက္ခသည်စခန်း(IDP Camp) ၁၄၀ ကျော်ရှိ
February 27, 2018 Fame Asian

3:45 pm
မြန်မာနိုင်ငံမှာ သက်တမ်းရင့် စစ်ဘေးရှောင် ဒုက္ခသည်စခန်း(IDP Camp) ၁၄၀ ကျော်ရှိ

28467797_1706835392693752_4857050560573193272_n

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၇

မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်နဲ့ပဋိပက္ခတွေကြောင့် ဖြစ်ပေါ်လာတဲ့ စစ်ဘေးရှောင်ဒုက္ခသည်စခန်း(IDP Camp) ၁၄၁ ခုရှိနေတယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကနေသိရပါတယ်။

ဒီ ၁၄၁ ခုအထဲမှာ ပြည်တွင်းစစ်ကြောင့် ဖြစ်ပေါ်လာတဲ့ စစ်ဘေးရှောင်ဒုက္ခသည်စခန်းတွေကတော့ ကချင်ပြည်နယ်မှာ ၉၂ ခု၊ ရှမ်းပြည်နယ်မှာ ၂၈ ခု၊ ကရင်ပြည်နယ်မှာ ၂ ခု တို့ဖြစ်ပါတယ်။

ပဋိပက္ခကြောင့်ဖြစ်ပေါ်လာတဲ့ ဒုက္ခသည်စခန်းကတော့ ရခိုင်ပြည်နယ်အတွင်းက ဒုက္ခသည်စခန်း ၁၉ ခုဖြစ်ပါတယ်။

ကချင်ပြည်နယ်အတွင်းက ဒုက္ခသည်စခန်းတွေဟာဆိုရင် မြန်မာ့တပ်မတော် နဲ့ KIA ကြား ဖြစ်ပွားခဲ့တဲ့(သို့)ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့်လည်းကောင်း၊ ရှမ်းပြည်နယ်အတွင်းက စစ်ဘေးရှောင်ဒုက္ခသည်စခန်းတွေဟာဆိုရင် မြန်မာ့တပ်မတော် ၊ KIA၊ RCSS၊ SSPP၊ TNLA၊ MNDAA စတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြားဖြစ်ပွားခဲ့တဲ့(သို့)ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့်လည်းကောင်း ၊ ကရင်ပြည်နယ်တွေအတွင်းက ဒုက္ခသည်စခန်းတွေဟာဆိုရင် မြန်မာ့တပ်မတော်၊ နယ်ခြားစောင့်တပ်BGF၊ DKBAခွဲထွက် စတဲ့အဖွဲ့တွေကြားဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် လည်းကောင်း ဖြစ်ပေါ်လာခဲ့တာလည်းဖြစ်ပါတယ်။

ကချင်ပြည်နယ်အတွင်းက စစ်ဘေးရှောင်ဒုက္ခသည်စခန်း ၉၂ ခုမှာ စစ်ဘေးရှောင်အိမ်ထောင်စု ၈၀၀၀၊ ရှမ်းပြည်နယ်အတွင်းက စစ်ဘေးရှောင်ဒုက္ခသည်စခန်း ၂၈ ခုမှာ စစ်ဘေးရှောင်အိမ်ထောင်စု ၁၅၀၀ ကျော်၊ ကရင်ပြည်နယ်အတွင်းက စစ်ဘေးရှောင်ဒုက္ခသည်စခန်း ၂ ခုမှာ စစ်ဘေးရှောင်အိမ်ထောင်စု ၁၀၀၀ ခန့် ခိုလုံနေတယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ကနေသိရပါတယ်။

ရခိုင်ပြည်နယ်မှာရှိတဲ့ ဒုက္ခသည်စခန်း ၁၉ ခုမှာတော့ အိမ်ထောင်စု ၂၀၀၀၀ ကျော်ရှိနေတယ်လို့ သိရပါတယ်။

ဒီစာရင်းဟာဆိုရင် သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအသီးသီးက ပေးပို့ထားတဲ့ စာရင်းတွေဖြစ်တယ်လို့ ၀န်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦး ကပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

“ဒီစခန်းတွေကတော့ ဖွင့်ထားတာ သက်တမ်းကြာပြီ။ နှစ်တွေမနည်းတော့ဘူး” လို့ ၎င်းကဆိုပါတယ်။

အချို့စခန်းတွေဟာ ၂၀၁၁ ခုနှစ် ၊ ၂၀၁၂ ခုနှစ်ကတည်းကဖွင့်လှစ်ထားခဲ့တဲ့စခန်းတွေဖြစ်ကြောင်း သူကထပ်လောင်းဆိုပါတယ်။

ဒါပေမဲ့ အထက်ပါ (IDP Camp) တွေထဲမှာ အများစုဟာ စစ်ဘေးရှောင်ဒုက္ခသည်စခန်းအဖြစ် အစိုးရသတ်မှတ်ထားတာမျိုး မဟုတ်ဘဲ ဒေသလူမှုအဖွဲ့အစည်းတွေ၊ ပရဟိတအဖွဲ့တွေ၊ ဘာသာရေးအသင်းအဖွဲ့တွေ တာဝန်ယူဖွင့်လှစ်ထားတာမျိုးတွေဖြစ်ပါတယ်။

ကချင်၊ ရှမ်း၊ ကရင် စတဲ့ တိုင်းဒေသကြီး ၃ ခုမှာ ကရင်ပြည်နယ်အတွင်းတိုက်ပွဲတွေ အခုတလောမှာ ဖြစ်ပွားတာမရှိတော့ပေမယ့် တိုက်ပွဲဖြစ်ပွားစဉ် ထောင်ထားခဲ့တဲ့ မိုင်းတွေကြောင့် ဒုက္ခသည်စခန်း ၂ ခုကစစ်ဘေးရှောင်တွေဟာ နေရပ်ပြန်နိုင်ခြင်းမရှိသေးပါဘူး။

ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အတွင်းမှာတော့ တိုက်ပွဲတွေ ဒီကနေ့ အထိ ဆက်လက်ဖြစ်ပွားနေတဲ့အတွက် စစ်ရှောင်တွေ နေရပ်ပြန်နိုင်ခြင်းမရှိသေးပါဘူး။

ဒါပေမဲ့ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းချုပ် KBC ဖွင့်လှစ်ထားတဲ့ စစ်ရှောင်စခန်း ၁၁၀ လောက်မှာ စခန်း ၃၀ လောက်ဟာ နေရပ်ကို ပြန်နိုင်တဲ့အခြေအနေရှိနေပြီဖြစ်လို့ လာမယ့် မတ်လအတွင်းပြုလုပ်မယ့် KBC ရဲ့သင်းလုံးကျွတ်အစည်းအဝေးမှာ စစ်ဘေးရှောင်တွေ နေရပ်ပြန်နိုင်ရေးအတွက် ကဏ္ဍတစ်ခုအနေနဲ့ထည့်သွင်းဆွေးနွေးသွားမယ်လို့ KBC ပြောရေးဆိုခွင့်ရှိသူ Reverend Samson က ပေါ်ပြူလာနယူးစ်ကိုပြောထားပါတယ်။

ရဲလွင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*