4:56 pm
ရန်ကုန် ၊ ဖေဖော်ဝါရီ ၈
ပညာရေးအသုံးစရိတ်တိုး မြှင့်ရေး ဆန္ဒပြ တောင်းဆိုအပြီး ကျောင်းထုတ်ခံလိုက်ရတဲ့ ကျောင်းသားတွေကို အသနားခံတင်စရာမလို၊မိဘထောက်ခံချက်မပါဘဲ ကျောင်းပြန်တက်ခွင့်ပေးလိုက်ပြီလို့ ပညာရေးဝန်ကြီးဌာနက ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။
ကျောင်းသားတွေရဲ့ ပညာသင်ယူခွင့်ဆုံးရှုံးမှာစိုးတာကြောင့် ပြန်လည်လက်ခံလိုက်တာာဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းကပြောပါတယ်။
” မကွေးတိုင်းအစိုးရအဖွဲ့ က ၀င်ရောက်ညှိနှိုင်းပေးလို့ ပါ။ မကွေးတိုင်းက ကျောင်းသားတွေတော့မပါပါဘူး။ ဒါပေမယ့် ကျောင်းသားတွေရဲ့ ပညာသင်ယူခွင့်ဆုံးရှုံးနစ်နာမှာစိုးတာကြောင့် ပြန်လည်လက်ခံပေးပါလို့ပညာရေးဝန်ကြီးဌာနနဲ့ မကွေးတိုင်းအစိုးရလာရောက်ညှိနှိုင်းတဲ့အတွက်ပြန်လည်လက်ခံခြင်းဖြစ်ပါတယ်” လို့  ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းကရှင်းပြပါတယ်။
တက္ကသိုလ်ဝင်ခွင့်လမ်း ညွှန်မှာ ပြဋ္ဌာန်းထားတဲ့ စည်းကမ်းအချက်အချို့ကို ဖောက်ဖျက်လို့ ဆိုတဲ့အချက်နဲ့ ကျောင်းထုတ်ခံလိုက်ရတဲ့ကျောင်းသားများကို ယခင်က အသနားခံစာတင်ပါက ပြန်လည်လက်ခံမယ်လို့ ပညာရေးဝန်ကြီးဌာနဘက်မှ ပြောဆိုထားမှုတွေရှိပေမယ့် ယခုအခါမှာတော့ အသနားခံစာတင်လို့ မဟုတ်ဘဲ ၀န်ကြီးဌာနဘက်မှဖြေလျော့ပေးလိုက်တာဖြစ်တယ်လို့ ဒေါက်တာသိန်းဝင်းကပြောပါတယ်။
ဆန္ဒပြတောင်းဆိုခဲ့ကြတဲ့ ကျောင်းသား၊ ကျောင်းသူ ၇၂ ဦးကို ဇန်န၀ါရီ ၂၅ ရက် နံနက် ၄ နာရီက ထိန်းသိမ်းကာ မိဘများထံ ပြန်လည်အပ်နှံခဲ့တာဖြစ်ပါတယ်။
” အဝေးသင်ကျောင်းသားတွေပါတောာ့ သူတို့ ကတော့ မအပ်ရသေးဘူးလေ။ အပ်ရမယ့်အချိန်ကျ လာအပ်ပေါ့ ။ အခုတော့ day ကျောင်းသားတွေကို ကျောင်းအပ်ပြန်လက်ခံနေပါတယ်” လို့ ဒေါက်တာသိန်းဝင်းကပြောပါတယ်။
PHA