ဒီကနေ့ ဓါတ်ဆီတစ်ပုလင်း ၅၀၀၀ ဖြစ်နေတဲ့ ပူတာအို

ဒီကနေ့ ဓါတ်ဆီတစ်ပုလင်း ၅၀၀၀ ဖြစ်နေတဲ့ ပူတာအို
February 5, 2018 Fame Asian

12:16 pm
ဒီကနေ့ ဓါတ်ဆီတစ်ပုလင်း ၅၀၀၀ ဖြစ်နေတဲ့ ပူတာအို

27337046_1684431774934114_3824347013786619851_n

ပူတာအို ၊ ဖေဖော်ဝါရီ ၅

မြစ်ကြီးနား – ပူတာအို သွားတဲ့လမ်းပိုင်းက တံတားတွေ ဖျက်ဆီးခံရပြီးနောက်ပိုင်း ကုန်စည်စီးဆင်းမှု ပြတ်တောက်သွားလို့ ဒီကနေ့ ပူတာအိုမှာ (ဓါတ်ဆီတစ်ပုလင်း ၅၀၀၀) ကျပ်ပေးနေရပြီး ၀ယ်ရလည်းခက်ခဲနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

“ဓါတ်ဆီ တစ်ပုလင်း ၅၀၀၀။ ခရမ်းချဉ်သီး တစ်ပိဿ ၄၀၀၀ ။ လမ်းပိုင်းက လုံးဝ ပြတ်တောက်နေတော့ မြစ်ကြီးနားက နေ ပို့တာကို အားကိုးနေရတဲ့ ဆီတို့ ဆား ၊ ခရမ်းချဉ်သီး ၊ ဟင်းခတ်အမွှေးအကြိုင် တွေ အားလုံး အကုန်ဈေးတက်ကုန်တယ်။ ဆန်လည်းတက်တယ်။ ဒါပေမဲ့ ဆန်က အရင် ပို့ထားတာတွေရှိတော့ စားစရာရှိသေးတယ် ။ ပူတာအိုမှာက ဟင်းသီးဟင်းရွက်ပဲ ထွက်တယ် ” လို့ ပူတာအိုမြို့နယ်ဒေသခံတစ်ဦးဖြစ်သူ ရ၀မ်စာပေနှင့်ယဉ်ကျေးမှု (ပူတာအို) ဥက္ကဌ ဦးMယောရှူ က ပေါ်ပြူလာနုယူးစ်ကိုပြောပါတယ်။

ဒေသခံတွေရဲ့ ပြောစကားအရတော့ ဆန်တစ်အိတ်ကို ၅သောင်း ခန့်ရှိမြင့်တက်ပြီး ရောင်းချသူလည်းအနည်းငယ်သာရှိတယ်လို့ သိရပါတယ်။

ဦးMယောရှူ ကတော့ ပူတာအိုမှာ ဆန်စပါးသိပ်မထွက်တဲ့အတွက် မြစ်ကြီးနားက တင်ပို့တဲ့ ဆန်ကိုသာအားထားရတယ်လို့ ဆိုပါတယ်။

မြစ်ကြီးနား – ဆွမ်ပရာဘွမ် – ပူတာအိုလမ်းပိုင်း မိုင်တိုင် (၁၁၁) နေရာရှိ စီနင်ခချောင်းကူး၊ ဇနန်သံဘောင်ဘေလီတံတား ကို ပြီးခဲ့တဲ့ ဇန်န၀ါရီ ၂၈ ရက်နေ့မှာ KIA က ဖျက်ဆီးခဲ့ပြီးနောက်ပိုင်း အဆိုပါလမ်းပိုင်းဟာ ဆက်သွယ်ရေးပြတ်တောက်သွားတာဖြစ်ပါတယ်။

ယခင်ကာလတွေက မြစ်ကြီးနား-ပူတာအိုလမ်းပိုင်းဟာ ခက်ခဲတဲ့အတွက် ဒေသခံတွေအနေနဲ့ စားသောက်ကုန် လူသုံးကုန်တွေကို သိုလှောင်စုဆောင်းတာတွေရှိပေမယ့် အခုနောက်ပိုင်း မြစ်ကြီးနား-ပူတာအိုလမ်းပိုင်းဟာ နေ့ချင်းသွားလို့ရတဲ့ခရီးဖြစ်လာတဲ့အခါရိက္ခာ သိုလှောင်သိမ်းဆည်းမှုမရှိတော့ကြောင်း ၊ ဒါကြောင့်အခုလို ပြဿနာပေါ်လာတဲ့အချိန်မှာ ပိုမိုခက်ခဲရကြောင်း ဒေသခံအချို့က ပြောပါတယ်။

ဒီကနေ့မှာ ဓါတ်ဆီတစ်ပုလင်း ၅၀၀၀ကျပ် ဆိုတာ ဆိုင်အများစုဖြစ်ပေမယ့် တစ်ချို့ ဆီအရောင်းဆိုင်တွေကတော့ တစ်ပုလင်း ၆၀၀၀ ထိရောင်းချမှုတွေ ရှိနေတယ်လို့ ဒေသခံ တစ်ဦးဖြစ်တဲ့ ကိုဂူးရမ် က ဆိုပါတယ်။

ဒါ့အပြင် ဖုန်းဘေ တစ်ထောင်တန်တစ်ကဒ်ကို ၁၂၀၀ ထိပေးဝယ်နေရတယ်လို့လည်း သူကဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက ဆီဈေးတွေတက်နေတဲ့ကိစ္စနဲ့ပတ်သတ်လို့ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့က ဆီဆိုင်တွေကို ခေါ်ယူပြီး ဆွေးနွေးခဲ့ပေမယ့် ဒီကနေ့ အထိတော့ထူးခြားမှုမရှိသေးဘူးလို့ ဦးMယောရှူ ကထပ်လောင်းဆိုပါတယ်။

ဒါ့အပြင် မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်းပိုင်းမှာလတ်တလောဖြစ်ပွားနေတဲ့ အခြေအနေတွေကြောင့် ပူတာအိုမြို့ တောင်တန်းသာသနာပြုကျောင်းတိုက်ကို တိမ်းရှောင်ထွက်ပြေးလာတဲ့ လမ်းလုပ်သား ၄၀၀ လောက် လည်းရှိနေတယ်လို့ ၎င်းကဆိုပါတယ်။ သူတို့ကတော့ သက်ဆိုင်ရာဒေသအသီးသီးကို ပြန်ဖို့ လမ်းပိုင်းကောင်းမွန်အောင်စောင့်ဆိုင်းနေတာလည်းဖြစ်ပါတယ်။
ပူတာအို လေဆိပ်မှာလည်း နေရပ်အသီးသီးကိုပြန်မယ့်လူတွေ စုပုံတွေတယ်လို့ သိရပါတယ်။

ပူတာအိုမြို့ဟာ မြစ်ကြီးနားနဲ့ မိုင် ၂၀၀ ကျော်ကွာဝေးပြီး လက်ရှိမှာတော့ လမ်းပိုင်းတွေပြန်လည်ကောင်းမွန်ဖို့ကိစ္စနဲ့ပတ်သတ်လို့ နိုင်ငံတော်အစိုးရ ၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ တို့က တစ်စုံတစ်ရာထုတ်ဖော်ပြောဆိုခြင်းမရှိသေးပါဘူး။

ဒီကိစ္စနဲ့ပတ်သတ်လို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ်ဦးDဆင်ရမ် နဲ့ အစိုးရအဖွဲ့ဝင်တွေဖြစ်တဲ့ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ၊ လမ်းပန်းစက်မှုလျှပ်စစ်ဝန်ကြီး ဆို့ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေနဲ့တော့ လက်ရှိမှာ ပူတာအိုမြို့ကို စားသောက်ကုန်အပါအ၀င်အခြားတစ်စုံတစ်ရာထောက်ပံ့ထားတာမျိုးမရှိသေးဘူးလို့ ညွှန်ကြားရေးမှူးတစ်ဦးက ပြောပါတယ်။

YL

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*