စိတ်ဖိစီးမှုများပြီး ကျုံမငေးနယ်မြေရဲစခန်းမှူး မိမိကိုယ်ကိုယ်သေနတ်နဲ့ပစ်သတ်၍သေ

စိတ်ဖိစီးမှုများပြီး ကျုံမငေးနယ်မြေရဲစခန်းမှူး မိမိကိုယ်ကိုယ်သေနတ်နဲ့ပစ်သတ်၍သေ
February 5, 2018 Fame Asian

3:43 pm
စိတ်ဖိစီးမှုများပြီး ကျုံမငေးနယ်မြေရဲစခန်းမှူး မိမိကိုယ်ကိုယ်သေနတ်နဲ့ပစ်သတ်၍သေ

27750392_1684557511588207_1391142041084455341_n (1)

ရန်ကုန်၊ ဖေဖော်ဝါရီ ၅

ဧရာဝတီတိုင်းဒေသကြီး ၊ ကျုံမငေးနယ်မြေရဲစခန်းရဲ့ စခန်းမှူး ရဲအုပ်တစ်ဦးဟာ မိမိကိုယ်ကိုယ်သေနတ်နဲ့ပစ်သတ်ပြီး သတ်သေခဲ့တယ်လို့ ရဲတပ်ဖွဲ့ကပြောပါတယ်။

ဖေဖော်ဝါရီ ၄ ရက်နေ့ က ဖြစ်ပွားခဲ့တဲ့ဒီဖြစ်စဉ်ဟာ ဧရာဝတီတိုင်းဒေသကြီး ၊ မြောင်းမြခရိုင် ၊ ဝါးခယ်မမြို့နယ် ၊ ကျုံမငေးနယ်မြေရဲစခန်း ၊လိုင်းခန်း အမှတ် (၁) မှာဖြစ်ပွားခဲ့တာပါ။

သေဆုံးသူရဲ့ဇနီးဖြစ်သူဟာ နေအိမ်အရှေ့မှာဆွမ်းလောင်းနေစဉ် နေအိမ်အပေါ်ထပ်ကနေအသံကြားလို့တက်ကြည့်ရာမှာ ခင်ပွန်းဖြစ်သူကို အိပ်ခန်းကုတင်ဘေးမှာ ဦးခေါင်းနောက်စေ့သွေးထွက်ဒဏ်ရာဖြင့် လဲကျနေတာကိုတွေ့ရှိခဲ့ရတယ်လို့ သိရပါတယ်။

ရဲတပ်ဖွဲ့ကအခင်းဖြစ်နေရာကိုစစ်ဆေးရာမှာ နောက်ဦးခေါင်းခွံပွင့်ထွက်နေပြီး အာခေါင်အတွင်းမှ ကျည်ဆန်ထိုးဖောက်သွားတာတွေ့ရှိရကြောင်း ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးရဲ့ ဒုရဲမှူးကြီး ဦးခင်မောင်လတ်ကပြောပါတယ်။

“အမှုစစ်သွားဖို့ စခန်းကသေနတ်ထုတ်သွားတယ်။ ယူနီဖောင်းအိမ်ပေါ်တက်လဲတဲ့အချိန်မှာ သေနတ်သံကြားလို့ အပေါ်တက်ကြည့်တော့ သေနတ်က သူ့နံဘေးမှာကျနေပြီးသွေးတွေနဲ့ လဲနေတာတွေ့တယ်။ ဆေးရုံရောက်တော့ ဆုံးနေပြီပေါ့ “လို့ ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ဒုရဲမှူးကြီး ဦးခင်မောင်လတ်ကပြောပါတယ်။

လက်ရှိမှာ သေဆုံးသူရဲအုပ်ကို ရင်ခွဲစစ်ဆေးပြီး စစ်ဆေးချက်အဖြေကိုစောင့်ဆိုင်းနေကြောင်း၊ ရဲတပ်ဖွဲ့ကိုင် ၃၈ဗို့ခြောက်လုံးပြူးသေနတ်နဲ့ မိမိကိုယ်မိမိအဆုံးစီရင်သွားတယ်လို့ ယူဆထားကြောင်း သူကဆိုပါတယ်။

“ရဲတစ်ယောက်အနေနဲ့ စိတ်ဖိစီးမှုများတာကို တဒင်္ဂအတွင်းစိတ်လိုက်မာန်ပါလုပ်လိုက်တယ်”လို့ ဒုရဲမှူးကြီး ဦးခင်မောင်လတ်ကမှတ်ချက်ပြုပါတယ်။

အဆိုပါကိစ္စတွေနဲ့ပတ်သတ်ပြီး ကျုံမငေးနယ်မြေရဲစခန်းကိုပေါ်ပြူလာနယူးစ်က ဆက်သွယ်မေးမြန်းရာ သေဆုံးသူရဲ့ဇနီးဖြစ်သူကိုမေးမြန်းချက်အရ “အခုတလော အမှုတွေများလို့ စိတ်ရှုတ်နေတယ်လို့ သူ့မိန်းမကို လွန်ခဲ့တဲ့ ၃ ရက်လောက်က ပြောဖူးတယ်လို့ပြောတယ်။ စခန်းမှာလည်း ပြောဖူးတယ် ” လို့ စခန်းရဲ့ တာဝန်ကျ တာဝန်မှူးကပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

သေဆုံးသူ ရဲအုပ်လှိုင်ဝင်းဟာဆိုရင် အသက် ၄၃ နှစ်ရှိပြီး လွန်ခဲ့တဲ့ ၂၀၀၁ ခုနှစ်ကတည်းက ရဲတပ်ဖွဲ့မှာစတင်တာဝန်ထမ်းဆောင်ခဲ့သူလည်းဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း သူဟာ တာဝန်ကို ကျေပွန်တဲ့ ရဲဝန်ထမ်းကောင်းတစ်ယောက်ဖြစ်တယ်လို့ ဧရာဝတီတိုင်းဒေသကြီးရဲတပ်ဖွဲ့ရဲ့ ဒုရဲမှူးကြီးခင်မောင်လတ်က မှတ်ချက်ပြုပါတယ်။

ဒီကိစ္စနဲ့ပတ်သတ်ပြီး လက်ရှိ ကျုံမငေးရဲစခန်းမှာ သေမှုသေခင်း ၁/၂၀၁၈ နဲ့ အမှုဖွင့်ဆောင်ရွက်နေတယ်လို့သိရပါတယ်။

သီဟ

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*