11:54 am
(နေပြည်တော် ၊ ဇန်န၀ါရီ ၁၁)
အလုပ်ရှင်အသစ်ရဲ့အမည်မပြောင်းထားလို့ ထိုင်းမှာမြန်မာလုပ်သား ၄၀ ခန့်အဖမ်းခံရတယ်ဆိုတာမဟုတ်ကြောင်း နဲ့ ထိုင်း/လာအို အလုပ်သမား၆ ဦးကိုသာဖမ်းဆီးသွားခြင်းဖြစ်ကြောင်း အလုပ်သမားနဲ့လ၀က ၀န်ကြီးဌာန က ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်န၀ါရီလ ၉ ရက်နေ့က ထိုင်းနိုင်ငံ နကော့ပထုန် မှာရှိတဲ့ စက်ရုံ ၂ ရုံမှာ ထိုင်းပူးပေါင်းအဖွဲ့တွေက ၀င်ရောက်စစ်ဆေးရာ အလုပ်ရှင်အမည်မပြောင်းထားတဲ့အတွက် မြန်မာလုပ်သား ၄၀ လောက်အဖမ်းခံရတယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာခဲ့ပါတယ်။
ဒီသတင်းတွေမဟုတ်မှန်ကြောင်း အလုပ်သမားနဲ့လ၀က ၀န်ကြီးဌာနက ပြန်လည်ရှင်းလင်းပြောပြတာဖြစ်ပါတယ်။
ဝန်ကြီးဌာန ၊ ရွှေ့ပြောင်းလုပ်သားရေးရာဌာန အကြီးတန်းတာဝန်ရှိသူတစ်ဦးက “ထိုင်းရဲနဲ့ စစ်တပ်နဲ့က စက်ရုံ ၂ ရုံကို ၀င်စစ်တာ ။ စစ်တော့ အထောက်အထားမပြည့်စုံ တဲ့ လာအို အလုပ်သမား ၄ ဦး ၊ ပြီးတော့ မူးယစ်ဆေးစွဲနေတဲ့ ထိုင်းအလုပ်သမား ၂ ဦးကို ဖမ်းသွားတာ။ မြန်မာအလုပ်သမားတွေ အဖမ်းခံရတယ်ဆိုတာမဟုတ်ပါဘူး” လို့ ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။
ဒီကနေ့ မနက်ပိုင်းက ထိုင်းနိုင်ငံမှာ ရှိတဲ့ မြန်မာအလုပ်သမားသံအရာရှိကို ၀န်ကြီးဌာနက မေးမြန်းထားပြီး သိရှိရတာဖြစ်တယ်လို့လည်း အဆိုပါတာဝန်ရှိသူကဆိုပါတယ်။
အဆိုပါ စက်ရုံမှာ အလုပ်လုပ်ကိုင်နေတဲ့မြန်မာအလုပ်သမား ၁၆ ဦး ၊ ထိုင်းအလုပ်သမား ၃၀ လောက်ရှိပြီး မြန်မာအလုပ်သမား အားလုံးအထောက်အထားပြည့်ပြည်စုံစုံရှိကြတယ်လို့လည်း ၎င်းကထပ်လောင်းဆိုပါတယ်။
တစ်ကယ်လို့ အခု ဖမ်းဆီးခံရတယ်ဆိုပြီး သတင်းတွေထွက်ခဲ့တဲ့ မြန်မာအလုပ်သမား ၄၀ ခန့်ဟာ တစ်ကယ်သာအဖမ်းခံခဲ့ရရင် ထိုင်းနိုင်ငံက အသစ်ပြဌာန်းထားတဲ့ ဥပဒေနဲ့အရေးယူခံရမှာဖြစ်တယ်လို့လည်း ထိုင်းရောက် အလုပ်သမားအရေးကူညီပေးနေသူအချို့ က သုံးသပ်ပြောဆိုနေကြပါတယ်။
လက်ရှိထိုင်းနိုင်ငံကိုရောက်ရှိလုပ်ကိုင်နေတဲ့ အထောက်အထားမဲ့မြန်မာအလုပ်သမားတွေကို မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ်(CI)တွေထုတ်ပေးနေလျက်ရှိပါတယ်။
YL