ပြည်နယ်အစိုးရနဲ့ပြည်နယ်လွှတ်တော်ကို အယုံအကြည်မရှိဟုဆိုကာ လွှတ်တော် တိုင်စာပစ်စာလေ့လာဆန်းစစ်ရေးကော်မတီဝင် ၄ ဦးတစ်ပြိုင်နက်နှုတ်ထွက်

ပြည်နယ်အစိုးရနဲ့ပြည်နယ်လွှတ်တော်ကို အယုံအကြည်မရှိဟုဆိုကာ လွှတ်တော် တိုင်စာပစ်စာလေ့လာဆန်းစစ်ရေးကော်မတီဝင် ၄ ဦးတစ်ပြိုင်နက်နှုတ်ထွက်
January 10, 2018 Fame Asian

6:01 pm
ပြည်နယ်အစိုးရနဲ့ပြည်နယ်လွှတ်တော်ကို အယုံအကြည်မရှိဟုဆိုကာ လွှတ်တော် တိုင်စာပစ်စာလေ့လာဆန်းစစ်ရေးကော်မတီဝင် ၄ ဦးတစ်ပြိုင်နက်နှုတ်ထွက်

လွိုင်ကော် ၊ ဇန်န၀ါရီ ၁၀

KNPP လက်နက်ကိုင်အဖွဲ့က ရဲဘော်သုံးဦးနဲ့အရပ်သားတစ်ဦး အသတ်ခံရမှု ၊ ဆန္ဒဖော်ထုတ်တဲ့ လူငယ် ၅ ဦးကိုတရားစွဲဆိုဖမ်းဆီးမှု စတဲ့ဖြစ်စဉ်တွေမှာ နှုတ်ပိတ်နေတဲ့ ပြည်နယ်အစိုးရအဖွဲ့နဲ့ ကယားလွှတ်တော်အပေါ်ယုံကြည်မှုမရှိတော့ဘူးဆိုပြီး ပြည်နယ်လွှတ်တော် “တိုင်စာပစ်စာ လေ့လာဆန်းစစ်ရေးကော်မတီ”အဖွဲ့ဝင် ၄ ဦးဟာ ဒီကနေ့ မှာ တစ်ပြိုင်တည်းနှုတ်ထွက်လိုက်ကြပါတယ်။

“ကျွန်တော်အစိုးရအဖွဲ့ကို ယုံကြည်မှုမရှိတော့လို့ နှုတ်ထွက်လိုက်တာပါ။ ကျွန်တော်ရှုံ့ချတယ်။ သူတို့ က အဲ့ဒီကိစ္စကို လုံးဝအသံမထွက်ဘဲနဲ့ကျွန်တော်တို့ အရပ်ဘက်အဖွဲ့အစည်းကို ဖမ်းဆီးတာ ရှုံ့ချတယ်” လို့ နှုတ်ထွက်လိုက်တဲ့ တိုင်စာပစ်စာလေ့လာဆန်းစစ်ရေးကော်မတီအဖွဲ့ဝင် ဦးအန်းဂျေလိုက ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

၂၀၁၇ ခုနှစ်ဒီဇင်ဘာလ ၁၉ ရက်နေ့မှာဖြစ်ပွားခဲ့တဲ့ KNPP အဖွဲ့ဝင် ၃ဦးနဲ့ အရပ်သားတစ်ဦး ကို သတ်ဖြတ်ခံရတဲ့ဖြစ်စဉ်အပေါ် တရားဝင်သတင်းထုတ်ပြန်ပေးဖို့နဲ့ တာဝန်ရှိသူကို စစ်ဆေးအရေးယူပေးဖို့ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်လူငယ်အချို့က ဒီဇင်ဘာ ၂၂ ရက်နေ့မှာ ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ကြကြောင်း ၊ အထက်ပါဖြစ်စဉ်တွေနဲ့ပတ်သတ်ပြီး သက်ဆိုင်ရာတာဝန်ရှိသူတွေဟာ အရပ်သားသတ်ဖြတ်ခံရမှုကိုလျစ်လျူရှူပြီး ဆန္ဒထုတ်ဖော်ခဲ့သူလူငယ်တွေကို တရားစွဲဆိုခဲ့ တဲ့ဖြစ်စဉ်တွေကိုကြည့်ရင် ကယားပြည်နယ်ရဲ့အုပ်ချုပ်ရေး တရားစီရင်ရေး ဥပဒေပြုရေး ကဏ္ဍ ၃ ရပ်လုံးဟာပြည်သူကိုအကာအကွယ်မပြုတော့ဘဲ ဖိနှိပ်မှုကိုသာအားပြုနေတယ်လို့မြင်တွေ့ခံစားရကြောင်း ၊ ဒါကြောင့် ကယားပြည်နယ်လွှတ်တော်ရဲ့ပြည်သူအပေါ်ကိုယ်စားပြုမှုကို အယုံအကြည်မရှိတော့တာကြောင့် လက်ရှိတာဝန်ထမ်းဆောင်နေတဲ့တိုင်စာပစ်စာ လေ့လာဆန်းစစ်ရေးကော်မတီအဖွဲ့ကနေ နှုတ်ထွက်ကြောင်းအကြောင်းကြားတယ်ဆိုပြီး ဦးအန်းဂျေလို က သူ့ရဲ့နှုတ်ထွက်စာမှာရေးသားထားပါတယ်။

ဦးအန်းဂျေလိုနဲ့ အတူနှုတ်ထွက်လိုက်တာကတော့ စုစုပေါင်း ၄ ဦးရှိပြီး သူတို့ကတော့ မမိုးမြာ ၊ ဦးတူရယ် ၊ နော်ဖောဝါး တို့ပဲဖြစ်ပါတယ်။

အားလုံး တိုင်ပင်ပြီး အခုလို နှုတ်ထွက်လိုက်တာလို့လည်း ဦးအန်းဂျေလိုက ဆိုပါတယ်။

“ကျွန်တော်ကလွှတ်တော်မှာဒီလိုပဲ ဆက်ရပ်တည်နေရင် ကျွန်တော့အရပ်ဘက်အဖွဲ့အစည်းတွေလည်းကျွန်တော့ကို ရှုံ့ချမှာပဲ။ အဲ့ဒါကြောင့် ကျွန်တော်အရှုံ့ချမခံဘူး။ ကျွန်တော့အရပ်ဘက်အဖွဲ့အစည်းနဲ့ကျွန်တော်တစ်ပေါင်းတစ်စည်းတည်း နေမယ် ” လို့ ဦးအန်းဂျေလိုကဆိုပါတယ်။

ကယားပြည်နယ်လွှတ်တော် တိုင်စာပစ်စာလေ့လာဆန်းစစ်ရေးကော်မတီကို အဖွဲ့ဝင် ၂၆ ဦးနဲ့ဖွဲ့စည်းထားတာဖြစ်ပြီး အဲ့ဒီ ၂၆ ဦးအထဲမှာ အရပ်ဘက်အဖွဲ့အစည်းက ၄ ဦးပါဝင်ပါတယ်။

အခု နှုတ်ထွက်လိုက်တဲ့ လေးဦးဟာအရပ်ဘက်အဖွဲ့အစည်းက ၄ ဦးဖြစ်ပါတယ်။

ကော်မတီရဲ့ ဥက္ကဌကတော့ ကယားပြည်နယ်လွှတ်တော်ရဲ့ ဥက္ကဌဖြစ်သူ ဦးလှထွေးပဲဖြစ်ပါတယ်။

အထက်ပါကိစ္စနဲ့ပတ်သတ်ပြီး ကယားပြည်နယ်လွှတ်တော်ဥက္ကဌလဲဖြစ်ပြီး တိုင်စာပစ်စာလေ့လာဆန်းစစ်ရေးကော်မတီဥက္ကဌလဲ ဖြစ်တဲ့ ဦးလှထွေးက “ကျွန်တော်တို့ အနေနဲ့ ဘာမှလုပ်လို့မရဘူးလေ။ ငြိမ်းချမ်းရေးနဲ့လည်းပတ်သတ်နေတယ်။ စစ်ရေးနဲ့လည်း ပတ်သတ်နေတယ်။ လွှတ်တော်မှာလည်းပြဌာန်းထားတာကြီးကို ။ ဒါအစိုးရနဲ့ပတ်သတ်တဲ့ဟာလေ ။ ကျွန်တော်ကတော့ သူတို့စိတ်မပါလို့ ပြည်သူအတွက်မလုပ်ပေးချင်လို့ ထွက်တယ်ဆိုလည်းမတားပါဘူး။ ကျွန်တော်တို့ ဒီ့ထက်ကောင်းတဲ့လူရှာမှာပေါ့။ နှုတ်ထွက်တဲ့အတွက် ကျွန်တော်သူတို့အပေါ် ဘယ်လိုမှ မမြင်ပါဘူး”လို့ ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

တပ်မတော် ရိက္ခာပို့ယာဉ် များကို တားဆီးစစ်ဆေးလို့ဆိုပြီး ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်)လက်အောက်ခံတပ်က တပ်ဖွဲ့ဝင်တွေကြောင့် KNPP ရဲဘော်လေးဦးသေဆုံးခဲ့တယ်ဆိုတဲ့ကိစ္စ နဲ့ပတ်သတ်ပြီး တပ်မတော်က အဖြစ်မှန်ကို စုံစမ်းစစ်ဆေးမယ်လို့ ဆိုကြောင်း အစိုးရကထုတ်ဖော်ပြောဆိုထားပါတယ်။

ဒီကိစ္စနဲ့ပတ်သတ်ပြီး KNPP ကတော့ ပြန်လည်မခုခံဖို့ ညွှန်ကြားထားတဲ့ KNPP ရဲဘော်တွေကို ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်)လက်အောက်ခံတပ်မှ တပ်ဖွဲ့ဝင်တွေက သတ်ဖြတ်ခဲ့တယ်လို့ ဆိုထားပါတယ်။

ဖြစ်စဉ်အပေါ် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်)က ရှင်းလင်းချက်ထုတ်ပြန်ခဲ့ရာမှာတော့ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားပြီး KNPP တပ်ဖွဲ့ဝင်တွေ သေဆုံးခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်မှာဖော်ပြခဲ့ပါတယ်။ KNPP အနေဖြင့် အစိုးရနဲ့ သဘောတူညီထားတဲ့ ‘ဆက် ကြေးကောက်ခြင်းနှင့် ဥပဒေနှင့် မညီသောလုပ်ငန်းများ မပြုလုပ်ရန်’ ဆိုတဲ့ အချက်ကိုချိုးဖောက်ခဲ့တယ်လို့လဲ ထုတ်ပြန်ချက်မှာဆိုထားပါတယ်။

အခြားသော ဒေသအချို့မှာတော့ အရပ်ဘက်အဖွဲ့အစည်းတွေက သေဆုံးသွားတဲ့ ကရင်နီရဲဘော်တွေအတွက် ဆုတောင်းပွဲတွေ ၊ ဝေဖန်ပြောဆိုတာတွေ ပြုလုပ်ခဲ့ပါတယ်။

KNPP ဟာ NCA စာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့အဖွဲ့မဟုတ်ပေမယ့် တင်းမာမှုတစ်ခုတစ်လေရှိတာကလွဲရင် တပ်မတော်နဲ့တိုက်ပွဲတစ်စုံတစ်ရာဖြစ်တာမျိုးမရှိခဲ့ဖူးပါဘူး။

ကယားပြည်နယ်အစိုးရအနေနဲ့ သေဆုံးခဲ့တဲ့ KNPP တပ်ဖွဲ့ဝင်လေးယောက်ရဲ့ မိသားစုဝင်တွေကို မိသားစုတစ်ခုလျှင် ကျပ်ငါးသိန်းစီ ထောက်ပံ့ငွေပေးအပ်ပွဲကို ဒီဇင်ဘာ ၂၇ ရက်က ပြည်နယ် အစိုးရအဖွဲ့ရုံးမှာ ပြုလုပ်ခဲ့ပါသေးတယ်။

ရဲလွင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*