2:06 pm
ရန်ကုန် ၊ ဇန်နဝါရီ ၂
လူ့အခွင့်အရေးစံချိန် စံညွှန်းတွေနဲ့အညီဖြစ်စေဖို့ ပြန်လည်ပြင်ဆင်ရေးဆွဲနေတဲ့ အကျဉ်းထောင်ဥပဒေမူကြမ်းရေးဆွဲမှု ပြီးစီးတော့မှာ ဖြစ်ပြီး မကြာမီစတင်တော့မယ့် ပြည်ထောင်စုလွှတ်တော်မှာ တင်နိုင်တော့မယ် လို့ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာ နဲ့အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်အဖွဲ့ဝင် ဦးကျော်စိန်က ပြောပါတယ်။
“ဒီဥပဒေကို ပထမအကြိမ်လွှတ်တော် သက်တမ်းကတည်း ပြင်ဖို့လုပ်နေတာ ၊ အစိုးရအပြောင်းအလဲကြောင့် နည်းနည်းကြန့်ကြာသွားတာ”လို့ သူကဆိုပါတယ်။
ဒီဥပဒေဟာ ကိုလိုနီခေတ်က ပြဌာန်းခဲ့တဲ့ ဥပဒေဖြစ်ပြီးယခုခေတ်စနစ်နဲ့ မကိုက်ညီတော့လို့ ပြည်ထဲရေးဝန်ကြီးဌာနက ဥပဒေရေးရာနဲ့အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် နဲ့ ညှိနှိုင်းကာ ပြင်ဆင်ဖို့ လုပ်ဆောင်ခြင်းဖြစ်တယ်လို့လည်းသူက ဆိုပါတယ်။
“အဓိက ကတော့ ပြည်ထဲရေးက ပြင်မှာပေါ့နော် ၊ ကျွန်တော်တို့နဲ့ ညှိနှိုင်းပြီး ပြင်ဆင်သွားမယ် ၊ မကြာခင်စမယ့်လွှတ်တော်မှာ တင်နိုင်ဖို့တော့ရှိတယ်”လို့ သူကထပ်မံဆိုပါတယ်။
ဒါ့အပြင် နိုင်ငံရေး အကျဉ်းသားဟောင်းများဆီကလည်းအကြံဥာဏ်ရယူရန်အတွက် ပြီးခဲ့တဲ့နှစ် သြဂုတ်လ ၂၅ရက်နေ့ကဥပဒေရေးရာနဲ့အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်က ခေါ်ယူတွေ့ဆုံခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ မှ ဦးထွန်းကြည်က ဆိုပါတယ်။
“နာရီပေါင်း မြောက်မြားစွာဆွေးနွေး ဖြစ်တယ် ၊ အဓိကကတော့ ဒီဥပဒေဟာ ခေတ်နဲ့မညီတော့ဘူး ၊ ဥပမာကျောက်ထုစခန်းတွေဟာ ဒီနေ့ခေတ်မှာ မရှိသင့်တော့ဘူး ၊ နောက် အကျဉ်းထောင်ဟာပြည်ထဲရေး လက်အောက်မှာမရှိသင့်တော့ဘူး အဲဒီအချက်တွေ တင်ပြထားခဲ့တယ်”လို့ သူကဆိုပါတယ်။
စိုင်းလမင်း