မကွေးတိုင်းမှာတွေ့တဲ့ ကျောက်ဖြစ်ရုပ်ကြွင်းကို နိုင်ငံခြားသို့ရောင်းမည်

မကွေးတိုင်းမှာတွေ့တဲ့ ကျောက်ဖြစ်ရုပ်ကြွင်းကို နိုင်ငံခြားသို့ရောင်းမည်
December 7, 2017 Fame Asian

5:41 pm
မကွေးတိုင်းမှာတွေ့တဲ့ ကျောက်ဖြစ်ရုပ်ကြွင်းကို နိုင်ငံခြားသို့ရောင်းမည်

img1

မကွေး ၊ ဒီဇင်ဘာ ၇

မကွေးတိုင်းဒေသကြီး ၊ မကွေးမြို့ ပေပင်စမ်းရွာရဲ့ အနောက်ဘက် ၄ ဖာလုံအကွာမှာ တူးဖော်ရရှိထားတဲ့ ကျောက်ဖြစ်ရုပ်ကြွင်း(အင်ကြင်းကျောက်)ကြီးကို နိုင်ငံခြားသို့ရောင်းချမယ်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ထံကနေသိရပါတယ်။

ဒီ့အတွက်လည်း ပြည်ထောင်စုအစိုးရအဆင့်ကနေ လည်းခွင့်ပြုပြီးပြီလို့ တိုင်းဒေသကြီး သယံဇာတ ၊ သဘာဝပတ်ဝန်းကျင် လျှပ်စစ်နဲ့စွမ်းအင် ၀န်ကြီး ဖြစ်သူ ဒေါက်တာခင်မောင်အေး က ပေါ်ပြူလာနယူးစ်ထံပြောပါတယ်။

“နိုင်ငံခြားကိုရောင်းရင်တော့တန်ဖိုးရတာပေါ့နော် ။ အဲ့ဒါကြောင့် ဒါကိုတော့ ရောင်းဖို့ရာရှိပါတယ် ” လို့ သူကဆိုပါတယ်။

အင်ကြင်းကျောက် ၊ ကျောက်ဖြစ်ရုပ်ကြွင်းမျိုး အတန်းအစား ၄ မျိုးရှိပြီး အခုတွေ့ရှိထားတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းကတော့ စတုတ္ထအဆင့်ထဲမှာပါတယ်လို့ သူက ထပ်လောင်းဆိုပါတယ်။

အခုတွေ့ရှိထားတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းဟာဆိုရင် တူးဖော်ရရြှိ့ပီးသလောက်ကို အရှည်ပေ ၁၀၂ ပေ၊ လုံးပတ် အရင်းပိုင်း ၂၂ပေ ၆ လက်မ နဲ့ အဖျားပိုင်း လုံးပတ် ၁၂ပေရှိပါတယ်။

ဒီကျောက်ဖြစ်ရုပ်ကြွင်းကို ရောင်းချခြင်းမပြုဘဲ ပြတိုက်မှာသာ ထားရှိဖို့ ဒေသခံတွေက လိုလားနေကြပါတယ်။

ဒီအတွက်လည်း ရောင်းချတာတွေဘာတွေလုပ်မယ်ဆိုရင်တော့ ကန့်ကွက်သွားမယ်လို့လည်းဒေသခံတွေကဆိုထားပါတယ်။

ကျောက်ဖြစ်ရုပ်ကြွင်းကို ရောင်းချရာမှာ သူ့ရဲ့အလေးချိန်ကိုတွက်ချက်ပြီးရင်တော့ ဘယ်လောက်တန်ဖိုးရရှိမယ်ဆိုတာ သိရှိနိုင်မယ်လို့ ဒေါက်တာခင်မောင်အေးက ပြောပါတယ်။

Tree Jade ဆိုတဲ့ကုမ္ပဏီက တူးဖော်တွေ့ရှိခဲ့တာဖြစ်ပြီး ဒီဇင်ဘာလ ၃ ရက်နေ့မှာ ကုမ္ပဏီက အဆိုပါကျောက်ဖြစ် ရုပ်ကြွင်းကို သယ်ယူဖို့ကြိုးစားခဲ့တဲ့အတွက် ဒေသခံတွေက ကန့်ကွက်ခဲ့ကြပါသေးတယ်။ အဆိုပါ ကျောက်ဖြစ်ရုပ်ကြွင်းဟာ အခုနှစ် ၂ လပိုင်း ၁၅ ရက်နေ့ မှာ စတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။

ဒါနဲ့ပတ်သတ်ပြီး မကွေးမြို့နယ် အမှတ် ၁ ကိုယ်စားလှယ် ဦးကျော်ဌေးက “စတွေ့တုန်းက အဖျားလေးအရင်တွေ့တာ ။ နောက်ပိုင်းတစ်ဖြည်းဖြည်းတူးရင်း ကြီးလာတော့ ကုမ္ပဏီက၀င်လာတာ။ ကုမ္ပဏီကိုတော့ ပြည်ထောင်စုအစိုးရက သယ်ယူခွင့်ပြုထားတယ်။ ဒါပေမဲ့ ဒေသခံတွေက ကန့်ကွက်တယ်ပေါ့နော်” လို့ ဆိုပါတယ်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံကနေရရှိထားတဲ့ စာရွက်စာတမ်းအချက်အလက်တွေအရတော့ နိင်ငံခြားသို့ အင်ကြင်းကျောက် ကျောက်ဖြစ်ရုပ်ကြွင်း မက်ထရစ်တန် ၉၁.၄၇၇ တန်ရောင်းချခွင့်ကို ကုမ္ပဏီထံပို့ကုန်လိုင်စင်နဲ့ခွင့်ပြုထားတယ်လို့သိရပါတယ်။

အင်ကြင်းကျောက် ကျောက်ဖြစ်ရုပ်ကြွင်း မက်ထရစ်တန် တစ်တန်ကို အမေရိကန်ဒေါ်လာ ၃၃၀၀ နှုန်းနဲ့ ရောင်းချခွင့်ပြုထားတာဖြစ်ပါတယ်။

ပြည်ထောင်စုအဆင့်ဝန်ကြီးဌာနရဲ့ ၂၀/၂၀၁၇ အစည်းအဝေးမှာ ဆုံးဖြတ်ထားတာဖြစ်တယ်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ စာရင်းတွေမှာဖော်ပြထားပါတယ်။

ဒီလိုရောင်းချခွင့်အတွက် ကုမ္ပဏီအနေနဲ့ နေပြည်တော်သတ္တုတွင်းဦးစီးဌာန ထံ တစ်တန်ကို ဓါတ်သတ္တုခွန် ၂ရာခိုင်နှုန်း ၊ ခွဲဝေမှုအချိုးအရ ၁.၂ ရာခိုင်နှုန်း (အမေရိကန်ဒေါ်လာ ၂၄၄၀၆.၅၂) ၊ တစ်တန်ကို ဒေသပေါက်ဈေးရဲ့ ၃ ရာခိုင်နှုန်းဖြစ်တဲ့ မြန်မာကျပ်ငွေ ၅၄၈၈၆၂ ကျပ်ကိုလည်း နေပြည်တော်မြန်မာ့စီးပွားရေးဘဏ်သို့ ပေးသွင်းရမှာဖြစ်တယ်လို့ စာရင်းမှာဖော်ပြထားပါတယ်။

ဒါ့အပြင် တိုင်းဒေသကြီးအစိုးရကလည်း အခွန်အခအနေနဲ့ ပို့ဆောင်သယ်ယူခွင့်အခွန် ၊ လုပ်ငန်းခွန် ၀င်ငွေခွန်တို့ကို သင့်တော်တဲ့ဈေးနဲ့ဖြတ်တောက်ဦးမှာဖြစ်ကြောင်း ၊ ရရှိလာတဲ့အခွန်တွေနဲ့ ဒေသခံတွေ အကျိုးအတွက် တက်နိုင်သလောက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ၀န်ကြီးဒေါက်တာခင်မောင်အေးက ပြောပါတယ်။

လက်ရှိမှာတော့ ကျောက်ဖြစ်ရုပ်ကြွင်းနားမှာ ရဲတပ်ဖွဲ့က လုံခြုံရေးယူထားတယ်လို့ သိရပါတယ်။

ရဲလွင်

Photo – RmMi

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*