2:12 pm
သီပေါ ၊ နိုဝင်ဘာ ၃၀
ရှမ်းမြောက် ကျောက်မဲက တပ်မတော်တပ်ရင်းခြံစည်းရိုးဘေး လက်လုပ်မိုင်းပေါက်ကွဲမှုဖြစ်စဉ်အပြီး တစ်ရက်အကြာမှာပဲ သီပေါမြို့က သစ်တောရုံးတစ်ခု ရဲ့ ခြံစည်းရိုးအနားမှာ လက်လုပ်မိုင်းတစ်ခု ထပ်မံပေါက်ကွဲခဲ့ပါတယ်။
နိုဝင်ဘာ ၂၇ ရက်နေ့ ညပိုင်းက ကျောက်မဲမြို့အခြေစိုက် အမြောက်တပ်ရင်းအနားမှာ လက်လုပ်မိုင်းပေါက်ကွဲပြီး တပ်ရဲ့ခြံစည်းရိုး ၁၀ပေလောက် ပျက်စီးခဲ့ပါတယ်။
နိုဝင်ဘာ ၂၈ ရက်နေ့ မှာ အဆိုပါအမြောက်တပ်ရင်းမျက်နှာစာမှာ မပေါက်ကွဲသေးတဲ့လက်လုပ်မိုင်းတစ်ခုထပ်မံတွေ့ရှိခဲ့ပါတယ်။
နိုဝင်ဘာ ၂၉ ရက်နေ့ မှာလည်း သီပေါမြို့နယ် ၊ သီပေါ-လားရှိုးပြည်ထောင်စုလမ်းမကြီး ပေါ်က နမ့်အွန်ဘိနယ်သစ်တောရုံး နဲ့ ၆ပေအကွာမှာ လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲပြီး ခြံစည်းရိုးနဲ့တံခါးအချို့ပျက်စီးခဲ့တယ်လို့ ရှမ်းပြည်နယ် ၊ ပြည်နယ်တာဝန်မှူးကြီးရုံး တာဝန်ရှိသူက ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။
အထပ်ပါ ၃ ရက်လုံးမှာ ပေါက်ကွဲခဲ့တဲ့ ၊ တွေ့ရှိခဲ့တဲ့ မိုင်းတွေအားလုံးဟာ လက်လုပ်မိုင်းတွေဖြစ်ပါတယ်။
“သစ်တောရုံးရဲ့ ၆ ပေလောက်ကွာတဲ့နေရာ သဲအိတ်တွေကာရံထားတဲ့နေရာမှာ ည ၁၀ နာရီလောက်ကွဲတာ။ ထိခိုက်ဒဏ်ရာရမှုတွေတော့မရှိဘူး။ မိုင်းကတော့ လက်လုပ်ရီမုမိုင်းလို့ယူဆရတယ် ” လို့ ပြည်နယ်တာဝန်မှူးကြီးရုံးရဲ့တာဝန်ရှိသူက ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။
အခင်းဖြစ်နေရာအနီးနားကို ခမရ ၅၀၃ ၊ ရဲတပ်ဖွဲ့ ၊ သစ်တော တာဝန်ရှိသူတွေ ဆက်လက်ရှာဖွေပေမယ့် ပေါက်ကွဲစေမယ့်ပစ္စည်းတစ်စုံတစ်ရာထပ်မံတွေ့ရှိမှုမရှိကြောင်းနဲ့ ပေါက်ကွဲတဲ့နေရာကနေ ဘောစိအချို့ကိုတွေ့ရှိရတယ်လို့ ရဲတပ်ဖွဲ့ကဆိုပါတယ်။
လောလောဆယ် အဆိုပါ သစ်တောရုံးနေရာကို ခမရ ၅၀၃ က လုံခြုံရေးတာဝန်ယူပေးထားတယ်လို့ ရဲတပ်ဖွဲ့ကနေသိရပါတယ်။
ကျောက်မဲ က အမြောက်တပ်ရင်းနား ပေါက်ကွဲမှုမှာတော့ ဒေသခံတပ်ရင်း နယ်ခြေခံရဲတပ်တွေပူးပေါင်းပြီး စုံစမ်းစစ်ဆေးနေတယ်လို့ ကျောက်မဲရဲစခန်းက ပြောပါတယ်။
ရဲလွင်