ပြည်သူတွေရဲ့ မျက်နှာတွေကို ကြည့်ပြီး ငြိမ်းချမ်းရေး ရအောင် အတတ်နိုင်ဆုံး ကြိုးစားကြဖို့ နိုင်​ငံ​တော်​၏ အတိုင်​ပင်​ခံ ပုဂ္ဂိုလ်​​ တိုက်တွန်း

ပြည်သူတွေရဲ့ မျက်နှာတွေကို ကြည့်ပြီး ငြိမ်းချမ်းရေး ရအောင် အတတ်နိုင်ဆုံး ကြိုးစားကြဖို့ နိုင်​ငံ​တော်​၏ အတိုင်​ပင်​ခံ ပုဂ္ဂိုလ်​​ တိုက်တွန်း
November 27, 2017 Asian Fame

11:56 am
ပြည်သူတွေရဲ့ မျက်နှာတွေကို ကြည့်ပြီး ငြိမ်းချမ်းရေး ရအောင် အတတ်နိုင်ဆုံး ကြိုးစားကြဖို့ နိုင်​ငံ​တော်​၏ အတိုင်​ပင်​ခံ ပုဂ္ဂိုလ်​​ တိုက်တွန်း

DS(နေပြည်တော် ၊နိုဝင်ဘာ၂၇)

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) ကို နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနတွင် ယနေ့ နံနက် ၁၀နာရီက စပြီးကျင်းပနေရာနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ငြိမ်းချမ်းရေးရအောင် အတတ်နိုင်ဆုံး ကြိုးစားရမှာက ဒီအခန်းထဲမှာ ထိုင်နေတဲ့ အစည်းအဝေးတက်လာတဲ့ ပုဂ္ဂိုလ်တွေ အားလုံးရဲ့ တာဝန်ဖြစ်ပါတယ် လို့ အဖွင့်မိန့်ခွန်းပြောကြားစဉ် ထည့်သွင်းပြောဆိုခဲ့ပါတယ်။

”ငြိမ်းချမ်းရေးကို အခြားလူတွေ လိုချင်တာ မလိုချင်တာထက် အလိုချင်ဆုံးကတော့ ကျွန်မတို့ရဲ့ ပြည်သူလူထုပါပဲ။ ကျွန်မတို့ ပြည်သူလူထုဟာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေချင်တယ်” လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါသေးတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားသည့် မိန့်ခွန်းအပြည့်အစုံမှာ……

” JICM ဆိုတာလည်း ငြိမ်းချမ်းရေးဖြစ်စဉ်ကို ကူညီဖို့ မစဖို့ ဖေးမဖို့ ဆိုပြီး တော့ ထူထောင်ထားတာဖြစ်ပါတယ်။ ကျွန်မတို့ အားလုံးဟာ ဒီစိတ်ဓာတ်နဲ့ပဲ ဆက်ပြီးတော့ အစည်းအဝေးကို ကျင်းပဖို့လိုပါတယ်။ ကျွန်မတို့ ငြိမ်းချမ်းရေးဖြစ်စဉ်ဆိုတာဟာ လွယ်မယ့်ဖြစ်စဉ်လို့လည်း ကျွန်မတို့ မသတ်မှတ်ခဲ့ပါဘူး။ အထစ်အငေါ့တွေ ရှိပါတယ်။ အခက်အခဲတွေလည်း ကျော်လွှားရန် ရှိခဲ့ပါတယ်။ ကျွန်မတို့ဟာ ငြိမ်းချမ်းရေးကို ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းတဲ့နည်းဟာ လွယ်ကူတဲ့ ကိစ္စမဟုတ်ပါဘူး။ လက်နက်ကိုင်အဖွဲ့အစည်းတွေက ဆိုလို့ရှိရင် စစ်မြေပြင်မှာ လိုအပ်တာမှာ ရုပ်ပိုင်းဆိုင်ရာ သတ္တိပဲဆိုတာ အားလုံး သိကြပါတယ်။ ကျွန်မတို့ ငြိမ်းချမ်းရေးဖြစ်စဉ် အစည်းအဝေးတွေမှာ လိုအပ်တာကတော့ စိတ်ပိုင်းဆိုင်ရာ သတ္တိပဲဖြစ်ပါတယ်။ တိုတိုပြောရမယ်ဆိုရင် ရုပ်ပိုင်းဆိုင်ရာသတ္တိဆိုတာ ရန်သူကို ရင်ဆိုင်ရဲတဲ့ သတ္တိ၊ စိတ်ပိုင်းဆိုင်ရာ သတ္တိဆိုတာ ကိုယ့်ကိုယ်ကိုယ် ရင်ဆိုင်ရဲတဲ့ သတ္တိပဲဖြစ်ပါတယ်။ ကျွန်မတို့ အားလုံးဟာ ငြိမ်းချမ်းရေးအတွက် လိုအပ်တဲ့မှန်ကန်တဲ့ အဖြေတွေကို ရှာရဲတဲ့ သတ္တိရှိရပါမယ်။ ဒီအဖြေတွေကို ရနိုင် မရနိုင်ဆိုတာကိုလည်း မှန်မှန်ကန်ကန် သုံးသပ်နိုင်ရပါမယ်။ ဒါကြောင့်မို့လို့ အလျှော့အတင်းလုပ်တာဟာ အင်မတန်မှ အရေးကြီးပါတယ်။ ကျွန်မတို့ဟာ ရင်ဆိုင်ရဲတဲ့ သတ္တိဆိုတာဟာ အမှန်တရားကို ရင်ဆိုင်ရဲတဲ့ သတ္တိလည်းပါသလို ကျွန်မတို့ဟာ လိုတဲ့နေရာမှာ အလျှော့အတင်းလုပ်ဖို့ အဆင်သင့်ဖြစ်ဖို့လိုပါတယ်။ ချက်ချင်းလက်ငင်း အဖြေတွေ ရှာလို့ မရသေးဘူးဆိုရင်လည်း ရှာလို့ မရသေးဘူးဆိုတာကို သေသေချာချာ ရင်ဆိုင်ပြီးတော့ အဖြေရအောင်ရှာရမှာပါ။ တကယ်ပဲ ဆန္ဒရှိတယ်ဆိုလို့ရှိလို့ရှိရင် ဘာမဆို မလုပ်နိုင်စရာ အကြောင်းမရှိပါဘူး။ ကျွန်မတို့ အခု အခန်းထဲမှာ ထိုင်နေတဲ့ အစည်းအဝေးကို တက်ရောက်လာတဲ့ ဧည့်သည်တော်များ အားလုံးဟာ ငြိမ်းချမ်းရေးလိုချင်ကြတယ်လို့ ကျွန်မဒီလိုပဲ ယုံကြည်ပါတယ်။ ငြိမ်းချမ်းရေးကို အခြားလူတွေ လိုချင်တာ မလိုချင်တာထက် အလိုချင်ဆုံးကတော့ ကျွန်မတို့ရဲ့ ပြည်သူလူထုပါပဲ။ ကျွန်မတို့ ပြည်သူလူထုဟာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေချင်တယ်။ ငြိမ်းချမ်းမှလည်း တိုးတက်နိုင်မယ် တိုးတက်မှလည်း ဖွံ့ဖြိုးနိုင်မယ်ဆိုတာ အားလုံး သဘောပေါက်ကြပါတယ်။ ကျွန်မတို့ ပြည်သူတွေရဲ့ မျက်နှာတွေကို ကြည့်ပြီးတော့ ငြိမ်းချမ်းရေးရ အောင် အတတ်နိုင်ဆုံး ကြိုးစားရမှာက ဒီအခန်းထဲမှာ ထိုင်နေတဲ့ အစည်းအဝေးတက်လာတဲ့ ပုဂ္ဂိုလ်တွေ အားလုံးရဲ့ တာဝန်ဖြစ်ပါတယ်။ တာဝန်ဟာ ကြီးမားသလို ခက်ခဲပါတယ်။ ကြီးမားလို့ ခက်ခဲလို့ ကျေပွန်စွာ မထမ်းဆောင်နိုင်ဘူးရယ်လို့ မဟုတ်ပါဘူး။ ကျွန်မတို့ ကြီးမားလေလေ ခက်ခဲလေလေ ပိုပြီးတော့ ၀ိရိယ စိုက်ထုတ်ရလေလေို့ ဒီလိုပဲ ကျွန်မတို့ သတ်မှတ်ရမှာ ဖြစ်ပါတယ်။ ဒီအစည်းအဝေးကို ကျင်းပတဲ့နေရာမှာ အဓိက မျက်ခြေမပြတ်ရမှာကတော့ ပြည်သူရဲ့ မျက်နှာပါပဲ။ ကျွန်မတို့ ငြိမ်းချမ်းရေးကို လွတ်လပ်ရေးရစဉ်က စပြီးတော့ လိုလားတောင့်တနေကြတဲ့ ပြည်သူလူထုရဲ့ ဆန္ဒတွေ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးဖို့ ဆိုတဲ့ စိတ်ဓာတ်နဲ့ ကျွန်မတို့ ဒီအစည်းအဝေးမှာ ဖြေရှင်းစရာရှိရင် ဖြေရှင်းမယ်။ တိုင်ပင်ပြီးတော့ နောက်တစ်လှမ်းတက်စရာရှိရင် တက်မယ် နောက်နှစ်လမ်းတက်စရာရှိရင် တက်မယ်။ နောင်အတွက်လည်း ပိုပြီးတော့ကောင်းမွန်တဲ့ ချောမွေ့တဲ့လမ်းကို ခင်းသွားမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ အားလုံးဝိုင်းဝန်းပြီးတော့ ဆွေးနွေးပေးကြပါလို့ ကျွန်မအနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်။ ကျေးဇူးတင်ပါတယ်”

စိုင်းလမင်း

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*