ဆိုလာမီး အခမဲ့ တပ်ဆင်ပေးမယ် ဆိုပြီး အိမ်ထောင်စု ၇၀၀၀ ကျော်ကနေ ငွေတွေယူခဲ့သူကို ရဲဖမ်းထား

ဆိုလာမီး အခမဲ့ တပ်ဆင်ပေးမယ် ဆိုပြီး အိမ်ထောင်စု ၇၀၀၀ ကျော်ကနေ ငွေတွေယူခဲ့သူကို ရဲဖမ်းထား
November 27, 2017 Asian Fame

4:51 pm
ဆိုလာမီး အခမဲ့ တပ်ဆင်ပေးမယ် ဆိုပြီး အိမ်ထောင်စု ၇၀၀၀ ကျော်ကနေ ငွေတွေယူခဲ့သူကို ရဲဖမ်းထား

solar1(လပွတ္တာ၊နိုဝင်ဘာ၂၇)

ဆိုလာမီးအခမဲ့တပ်ဆင်ပေးမယ်ဆိုပြီး ရွာသူရွာသားတွေထံကနေ ကြိုတင်ငွေကြေးကောက်ခံနေသူကို သက်ဆိုင်ရာက ယမန့်ညနေပိုင်းမှာ ဖမ်းဆီးလိုက်ပြီး စစ်ဆေးနေတယ်လို့ လပွတ္တာခရိုင်အုပ်ချုပ်ရေးမှူးဦးကောင်းမြတ်နိုင်က ပြောပါတယ်။

စစ်ဆေးခံနေရသူဟာ ဧရာဝတီတိုင်း လပွတ္တာခရိုင်အတွင်းက ကျေးရွာအချို့မှာ အဲ့ဒီလိုဆောင်ရွက်နေတာ လချီရှိနေပြီး၊ အုပ်ချုပ်ရေးအဖွဲ့က ရရှိလာတဲ့ နယ်မြေသတင်းအရ မသင်္ကာလို့ ခေါ်ယူစစ်ဆေးရတာဖြစ်တယ်လို့ ခရိုင်အုပ်ချုပ်ရေးမှူးက Popular News ကိုရှင်းပြပါတယ်။

စစ်ဆေးမေးမြန်းမှုကို လပွတ္တာခရိုင်အုပ်ချုပ်ရေးမှူးဦးဆောင်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊တိုင်းလွှတ်တော်ကိုယ်စားလှယ် နဲ့ ရဲတပ်ဖွဲ့ပါတဲ့ ဌာနဆိုင်ရာ အဖွဲ့က ပြုလုပ်ခဲ့တာပါ။

လက်ရှိစစ်ဆေးမှုတွေအရ ရန်ကုန် လှိုင်သာယာမြို့နယ် နေ မျိုးကျော်ဦး(ခ)ဒယ်ကြီး(ခ)စောကျော်ဦးဟာ ကျေးလက်မီးလင်းရေးခေါင်းစဉ်အကြောင်းပြပြီး ငပုတော၊ပန်းတနော်၊ဟင်္သာတ၊၀ါးခယ်မ၊လပွတ္တာ မြို့နယ်တို့မှ ကျေးရွာ ၁၁ရွာကို လှည့်လည်သွားလာပြီး၊ငွေကျပ် ၃သိန်းတန်ဖိုးကျော်ရှိတဲ့ ဆိုလာပြား၊ဘက္ထရီအိုး၊ဗို့မြင့်စက်ကို အခမဲ့တပ်ဆင်ပေးမှာဖြစ်ကြောင်း ဒေသခံတွေ ယုံကြည်အောင်ပြောကာ ၊ မတပ်ဆင်မှီ ၀န်ဆောင်မှုစရိတ်အဖြစ် တစ်အိမ်ထောင်လျှင် ငွေကျပ် တစ်သောင်း တောင်းခဲ့ကြောင်း၊တပ်ဆင်ပြီးပါက ခရီးစရိတ် ငွေ နှစ်သောင်းကျပ် ကို ပေးသွင်းရမယ်လို့ ပြောဆိုထားသူဖြစ်ကြောင်း စစ်ချက်တွေအရ သိရပါတယ်။

စစ်ဆေးမှုပြုလုပ်ခဲ့တဲ့ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့ဟာ မျိုးကျော်ဦးထံကနေ ကျေးလက်မီးလင်းရေးခေါင်းစဉ်နဲ့ ပတ်သတ်လို့ တိကျ၊ခိုင်မာတဲ့ သက်သေ အထောက်အထားတွေ မတွေ့ခဲ့ရဘူးလို့လည်း ခရိုင်အုပ်ချုပ်ရေးမှူးက ဆက်ပြောပါတယ်။

solar2မျိုးကျော်ဦးဟာ ငပုတော၊ပန်းတနော်၊ဟင်္သာတ၊၀ါးခယ်မ၊လပွတ္တာ မြို့နယ်တို့မှ ကျေးရွာ ၁၁ရွာ အိမ်ထောင်စုပေါင်း ၇၂၀၇ စု ကနေ ၀န်ဆောင်မှုစရိတ်အဖြစ် တစ်အိမ်ထောင်လျှင် ငွေကျပ် တစ်သောင်း တောင်းခဲ့တာကိုသာ စစ်ဆေးတွေ့ရှိခဲ့ရလို့ သက်ဆိုင်ရာ ရဲထံ အပ်နှံပြီး ဆက်လက်စစ်ဆေးနေကြောင်း ၎င်းက ထပ်လောင်းပြောပါတယ်။

ယင်းအပြင် သူ့ထံကနေ ကျေးရွာသားတွေအမည်နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ၊တိုင်းရင်းသားရေးရာ ၀န်ကြီးဌာန၊ နယ်စပ်ရေးရာ ၀န်ကြီးဌာန၊စိုက်ပျိုးရေး၊မွေးမြူရေးနဲ့ဆည်မြောင်းဝန်ကြီးဌာန၊ ဧရာဝတီတိုင်းဝန်ကြီးချုပ် စတဲ့ ပုဂ္ဂိုလ်တွေထံ လိပ်မူ ပို့ထားတဲ့ ကျေးရွာမီးလင်းရေး အတွက် ဆိုလာပြား တပ်ဆင်ပေးပါရန် တင်ပြလျှောက်ထားစာတွေ ကိုလည်း တွေ့ထားတယ်လို့ ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့ ကနေ သိရပါတယ်။

မျိုးကျော်ဦးကတော့ သူငွေယူရတာဟာ နိုင်ငံတော်အကြီးအကဲတွေဆီ စာပို့ပေးတာဖြစ်တဲ့အတွက် စာပို့ခအနေနဲ့ ယူတာလို့ စစ်ဆေးရေးအဖွဲ့ထံ ထွက်ဆိုထားပါတယ်။

လပွတ္တာခရိုင်အုပ်ချုပ်ရေးမှူးဦးကောင်းမြတ်နိုင်က ”ဒေသခံတွေကို ပြောချင်တာတစ်ခုရှိပါတယ်။အယုံမလွယ်ပါနဲ့။သံသယရှိရင် သက်ဆိုင်ရာ ကိုမေးပါ။ဖြေဖို့ရာ အဆင်သင့်ရှိကြပါတယ်”လို့ ပြောပါတယ်။

ဝိသမ လောဘသားတွေအနေနဲ့ ရိုးသားတဲ့ဒေသခံတွေ အပေါ် လိမ်လည် လှည့်ဖျားခြင်းများ ဆောင်ရွက်လာမှာကို ဒေသခံပြည်သူနဲ့ အတူ တာဝန်ရှိသူတွေပူးပေါင်းပြီး ကာကွယ်စောင့်ရှောက်ပေးသွားမယ်လို့ လည်းခရိုင်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

လက်ရှိမှာတော့ မျိုးကျော်ဦးအပါအ၀င် ၅ဦးကို ရဲက ပ ၂၅၄/၂၀၁၇၊ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၂၀၊၄၆၈၊၁၄၄ တို့ဖြင့် ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။

PN

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*