2:36 pm

(ရန်ကုန် ၊နိုဝင်ဘာ ၂၂)
တောင်ကြီးကနေ ဘုရားဖူးပြီးပြန်လာတဲ့ လူ၃၀ကျော်ပါ စိန်ဝင်းနှင့်ရောင်းရင်းများဘုရားဖူးယာဉ် ဟာ ဒီကနေ့မနက်ပိုင်းမှာ တိမ်းမှောက်မှုဖြစ်ခဲ့ပြီး ယာဉ်ပေါ်ပါ အမျိုးသမီးတစ်ဦးသေဆုံးသွားပါတယ်။
သေဆုံးသူကတော့ အသက် ၃၁ နှစ်အရွယ်အမျိုးသမီးတစ်ဦးပါ။
ရန်ကုန်မြို့အ၀င် မင်္ဂလာဒုံမြို့နယ်ထဲက တပ်မတော် အရိုးအထူးကုဆေးရုံနားမှာ တိမ်းမှောက်ခဲ့တာလို့ ယာဉ်မှုစစ်ဖြစ်သူ ရဲအုပ် မြင့်စိုးက Popular News ကိုပြောပါတယ်။
၁၂ ဦးဒဏ်ရာ ရရှိခဲ့တယ်လို့လည်း သူက ဆက်ပြောပါတယ်။
တိမ်းမှောက်ရတဲ့ အကြောင်းအရင်း နဲ့ပတ်သတ်ပြီး ယာဉ်မှုစစ်ဖြစ်သူ ရဲအုပ် မြင့်စိုးက “အဲ့ဒီနားက လမ်းလည်းကျဉ်းတယ် ပြီးတော့ ယာဉ်မောင်းရဲ့ထွက်ဆိုချက် အရတော့ ကားရှေ့ကနေ တစ်ခုခုဖြတ်ပြေးတယ်ပြောတယ်။ ဖြတ်ပြေးတာကို ရှောင်လိုက်တော့ လမ်းလယ်က အတုံးနဲ့သွားထိတယ်။ အဲ့ဒါနဲ့အတုံးကိုတိုက်မှာစိုးလို့ ညာဘက်ကို ပြန်ဆွဲချလိုက်တဲ့အချိန်မှာမှောက်တာ ။ အခင်းဖြစ်ဖြစ်ချင်း ယာဉ်မောင်းက ထုရိုက်တာတွေဖြစ်မှာစိုးလို့ ကြောက်ပြီးရှောင်သွားတယ်လို့ ပြောတယ်။ ဒါပေမဲ့ ကျွန်တော်တို့ သူ့မိဘတွေနဲ့ချိတ်ဆက်ပြီး ပြန်ခေါ်လာပါပြီ ။ လောလောဆယ် မင်္ဂလာဒုံစခန်းမှာဖမ်းပြီးချုပ်ဖို့လုပ်နေပါတယ်” လို့ ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။
အဆိုပါ ဘုရားဖူးမော်တော်ယာဉ်ဟာ မိသားစုသုံးစုသာစီးနင်းလာတဲ့ယာဉ်ဖြစ်တယ်လို့လည်း သူကထပ်လောင်းဆိုပါတယ်။
တစ်ခြား ထိခိုက်ဒဏ်ရာရရှိသူ ၁၂ ဦးကိုလည်း အင်းစိန်ဆေးရုံမှာကုသမှုခံယူနေတယ်လို့သိရပါတယ်။
ဒီကိစ္စနဲ့ပတ်သတ်ပြီး လက်ရှိ ယာဉ်မောင်းဖြစ်သူကို မင်္ဂလာဒုံရဲစခန်းမှာ ယာဉ်(ပ) ၃၀၄-က(လူသေမှု) ၊ ၃၃၈ ( ပေါက်ပြဲကျိုးပဲ့ဒဏ်ရာရရှိမှု) ၊ ၃၃၇ (သာမာန်ဒဏ်ရာရရှိမှု) ၊ ၂၇၉ (ကားပျက်စီးစေမှု) ၊ အခင်းဖြစ်ဖြစ်ချင်းတရားခံကို မတွေ့ရှိမှု ၂၀၂ တို့နဲ့အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။
“ပုဒ်မ ၂၀၂ ကတော့ ပြုတ်သွားမှာပေါ့ဗျာ။ ၂၄ နာရီအတွင်းသူကပြန်လာအဖမ်းခံတယ်ဆိုတော့။ အခင်းဖြစ်ဖြစ်ချင်းသူ့ကိုမတွေ့လို့သာ အဲ့ဒီပုဒ်မက ထည့်လိုက်ရတာ” လို့ ရဲအုပ်မြင့်စိုးက ပြောပါတယ်။
Ye Lwin
ဓါတ်ပုံ။ ။ နာရေးကူညီမှုအသင်း(ရန်ကုန်)