ဖားကန့် ၊ ဟုမ္မလင်းရှိ တရားမဝင်ရွှေမှော် များမှ ဘက်ဟိုးယာဉ် ၁၂ စီးကို ပိုင်ရှင်မဲ့အဖြစ်သိမ်းဆည်း

ဖားကန့် ၊ ဟုမ္မလင်းရှိ တရားမဝင်ရွှေမှော် များမှ ဘက်ဟိုးယာဉ် ၁၂ စီးကို ပိုင်ရှင်မဲ့အဖြစ်သိမ်းဆည်း
November 20, 2017 Asian Fame

3:26 pm
ဖားကန့် ၊ ဟုမ္မလင်းရှိ တရားမဝင်ရွှေမှော် များမှ ဘက်ဟိုးယာဉ် ၁၂ စီးကို ပိုင်ရှင်မဲ့အဖြစ်သိမ်းဆည်း

1ဖားကန့် ၊ နိုဝင်ဘာ ၂၀

ဖားကန့်မြို့နယ်နဲ့ ဟုမ္မလင်းမြို့နယ်ထဲက တရားမ၀င်ရွှေမှော်တွေမှာ အသုံးပြုနေတဲ့ ဘတ်ဟိုးယာဉ် ၁၂ စီးကို တပ်မတော်အပါအ၀င်ပူးပေါင်းအဖွဲ့တွေက နိုဝင်ဘာ ၁၈ ၊ ၁၉ ရက်နေ့တွေမှာ ပိုင်ရှင်မဲ့ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။

နိုဝင်ဘာလ ၁၈ ရက်နေ့ မှာ ရတခလရ (၂၅၄) က တပ်မတော်သားတွေ ၊ ရတခလရ(၂၅၁) မှ တပ်မတော်သားတွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ ဖားကန့်မြို့နယ်၊ ဆယ်ဇင်းကျေးရွာအုပ်စု အရှေ့တောင်ဘက် (၃)မိုင်ခန့်အကွာ ဟုမ္မလင်းမြို့နယ်၊ နန့်စလောင်း မှော်လုပ်ကွက်အတွင်းမှာရှိတဲ့ တရားမဝင် ရွှေတူးဖော်တဲ့ ဘက်ဟိုးယာဉ် (၄)စီး ကို ပိုင်ရှင်မဲ့အဖြစ် ဖမ်းဆီးခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ဆိုပါတယ်။ အလားတူ နိုဝင်ဘာလ ၁၉ ရက်နေ့မှာ နန့်စလောင်း မှော်လုပ်ကွက်အတွင်းက နောက်ထပ်ဘက်ဟိုးယာဉ် (၃)စီး ၊ ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာအုပ်စု၊ ချမ်းသာကုန်းကျေးရွာမှာရှိတဲ့ ဘက်ဟိုးယာဉ်(၅)စီး ကို ထပ်မံပိုင်ရှင်မဲ့အဖြစ်ဖမ်းဆီးခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနကဆိုပါတယ်။

အားလုံးပေါင်း ဘက်ဟိုးယာဉ်(၁၂)စီးဖြစ်ပြီး လက်ရှိမှာ ဆယ်ဇင်းအခြေပြု ရတခလရ (၂၇၄)မှာ ထိန်းသိမ်းထားရှိတယ်လို့ ဆိုထားပါတယ်။ ကချင်ပြည်နယ် ၊ စစ်ကိုင်းတိုင်းနဲ့ကချင်ပြည်နယ်အစပ် စတဲ့ နေရာတွေမှာရျှိတဲ့ ရွှေနဲ့ပယင်းမှော်တွေကို အစိုးရက တရားဝင်လုပ်ကွက်ချပေးထားတာမျိုး မရှိသေးပါဘူး။ ယခင် ကချပေးထားခဲ့တဲ့ လုပ်ကွက်တွေဟာလည်းသက်တမ်းကုန်လို့ ခုချိန်မှာအားလုံးရပ်နားထားပြီဖြစ်ပါတယ်။ ဒါပေမဲ့ မှော်လုပ်ကွက်တွေမှာ တရားမ၀င်ခိုးဝင်လုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေ ၊ တစ်နိုင်တစ်ပိုင်းလုပ်ကွက်တွေရှိနေပါတယ်။

အခုလို ဘတ်ဟိုးတွေကို လိုက်လံဖမ်းဆီးနေတဲ့ကိစ္စနဲ့ပတ်သတ်ပြီး ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာအနီးနား တာမခန်မှော် ဒေသခံတစ်ဦးက “ကျွန်တော်တို့ဘက်ကိုတော့မရောက်လာသေးဘူး။ ဆယ်ဇင်းဘက်မှာဖမ်းခံလိုက်ရတယ်ကြားတယ်။ ကျွန်တော်တို့ဒေသမှာရှိတဲ့ ဘတ်ဟိုးက ဖားကန့်လောက်မများပါဘူးဗျာ။ ပြီးတော့ ဒီမှာတရားမ၀င်လုပ်တယ်ဆိုတာ အခုမှမဟုတ်ဘူး။ ခုလိုလုပ်တော့ ကောင်းကောင်းမလုပ်ရဲဘူးပေါ့ဗျာ ။ အကုန်လုံးကိုကြောက်နေရတယ် ” လို့ ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

ဒီလိုတရားမ၀င် ၀င်ရောက်လုပ်ကိုင်နေရတဲ့အတွက် အဖွဲ့အစည်းအသီးသီးကို လိုင်းကြေးသဘောမျိုးပေးပြီးလုပ်နေရတယ်လို့လည်း ကချင်ပြည်နယ်အတွင်းက ရွှေမှော်တစ်ခုက မှော်လုပ်ငန်းရှင်တွေက ပြောနေကြတယ်လို့ သိရပါတယ်။

YL

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*