အဆင့်မြင့်ပညာရေးက ဆရာ/မများ၏ သင်ကြားမှုနှင့်အရည်အသွေးပိုင်းအားနည်းနေဟု အမျိုးသားပညာရေးမူဝါဒကော်မရှင်မှတ်ချက်ပြု

အဆင့်မြင့်ပညာရေးက ဆရာ/မများ၏ သင်ကြားမှုနှင့်အရည်အသွေးပိုင်းအားနည်းနေဟု အမျိုးသားပညာရေးမူဝါဒကော်မရှင်မှတ်ချက်ပြု
November 17, 2017 Asian Fame

7:02 pm
အဆင့်မြင့်ပညာရေးက ဆရာ/မများ၏ သင်ကြားမှုနှင့်အရည်အသွေးပိုင်းအားနည်းနေဟု အမျိုးသားပညာရေးမူဝါဒကော်မရှင်မှတ်ချက်ပြု
1

ပညာရေးကောလိပ်တစ်ခုက ဖွင့်လှစ်သည့် သင်တန်းတစ်ခုသို့ တက်ရောက်နေသူများ

နေပြည်တော်၊ နိုဝင်ဘာ ၁၇

တက္ကသိုလ်ဆရာ/မများ၏ အရည်အသွေးမှာ အားနည်းနေပြီး ထိုထဲတွင် ပညာရေးတက္ကသိုလ်၊ကောလိပ်ကျောင်းများမှ ဆရာ/မ များနှင့် နည်းပညာတက္ကသိုလ်များက ဆရာ/မများက အရေအတွက်အများဆုံးနေကြောင်း အစရှိသည့်အချက်များပါသည့် အစီရင်ခံစာတစ်စောင်ကိုအမျိုးသားပညာရေးမူဝါဒကော်မရှင်က ပြည်ထောင်စုလွှတ်တော်ထံ ယခုရက်ထဲ ရေးသားတင်ပြထားသည်။

ပညာရေးမူဝါဒများကိုအကောင်အထည်ဖော်ဆောင်ရွက်နေကြသည့် ပညာရေးဝန်ကြီးဌာနနှင့်ပညာရေးအဖွဲ့အစည်းများအား အကဲဖြတ်သုံးသပ်ပိုင်ခွင့်နှင့်အကြံဥာဏ်ပေးပိုင်ခွင့်ရှိသည့် ယင်းကော်မရှင်က ၂၀၁၇ ခုနှစ်၊ ဧပြီလမှ အောက်တိုဘာလထိ ၆ လတာကာလအတွင်း လုပ်ငန်း ဆောင်ရွက်ခဲ့သောထိုအစီရင်ခံစာကို ယခုရက်ထဲတင်ခဲ့ခြင်းဖြစ်သည်

ထိုကော်မရှင်သည် နိုင်ငံတော်သမ္မတဦးထင်ကျော်လက်ထက်ကမှ စတင်ဖွဲ့စည်းလိုက်သော ပြည်ထောင်စုလွှတ်တော်ကိုတာဝန်ခံရသည့် သီးသန့်လွတ်လပ်သော ပြည်ထောင်စုအဆင့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။

အစီရင်ခံစာ၏ စာမျက်နှာ (၈၄)၊အခန်း(၆) သုံးသပ်ချက် အပိုင်းအစ၌ အဆင့်မြင့်ပညာရေးအခြေအနေနှင့်စပ်လျဉ်း၍ ဖော်ပြထားရာတွင် အဆင့်မြင့်ပညာရေး၏ စီမံခန့်ခွဲမှု၊သုတေသနမှာ အလွန်အားနည်းနေကြောင်း၊ သင်ကြားရေးနှင့်သင်တန်းအပါအ၀င် ကျောင်းသား/သူများ၏ အရည်အသွေးမှာ အတော်အားနည်းနေကြောင်းနှင့် ဆရာ/မများ၏ အရည်အသွေးမှာ အားနည်းနေကြောင်း ဦးစွာဖော်ပြထားသည်ကိုတွေ့ရသည်။

ဝိဇ္ဇာ/သိပ္ပံ၊နည်းပညာ၊ကွန်ပျူတာ၊ပညာရေးနှင့်ဆေးပညာ စသည့် တက္ကသိုလ်၊ကောလိပ်နှင့်ကျောင်းတစ်ခုခြင်းစီအလိုက် ဆရာ/မ များ၏ အရည်အသွေးနှင့် စပ်လျဉ်းသည့် တွေ့ရှိချက်များ ဆက်လက်ဖော်ပြထားရာတွင် ပညာရေးက ၈၇ ရာခိုင်းနှုန်း၊နည်းပညာက၆၄ရာခိုင်နှုန်း၊ကွန်ပျူတာက၄၈ရာခိုင်နှုန်း၊ဆေးပညာက ၃၀ရာခိုင်နှုန်း၊၀ိဇ္ဇာ/သိပ္ပံဆရာ/မ များက ၂၄ ရာခိုင်နှုန်း အားနည်းနေသည်ဟု ဖော်ပြထားသည်။

သင်ကြားရေးပိုင်းနှင့်သင်တန်းများအပိုင်းနှင့်ပတ်သတ်၍လည်း ကော်မရှင်က ဆေးကျောင်းများ ကသာ အားနည်းမှု ရာခိုင်နှုန်းအနည်းဆုံးဟု ဖော်ပြထားပြီး ကျန်ကျောင်းများ၏ သင်ကြားမှုနှင့်သင်တန်းများက ဆိုးရွားမှုရှိနေကြောင်းပြောဆိုထားသည်။

ထိုသို့ဖော်ပြထားရာတွင် ပညာရေးက ၉၆ရာခိုင်းနှုန်း၊နည်းပညာက၇၃ရာခိုင်နှုန်း၊ကွန်ပျူတာက၇၄ရာခိုင်နှုန်း၊ဆေးပညာက ၆ရာခိုင်နှုန်း၊၀ိဇ္ဇာ/သိပ္ပံဆရာ/မ များက ၅၀ ရာခိုင်နှုန်း ဟု အစီရင်ခံထားသည်။

သုတေသနပိုင်းနှင့် ပတ်သတ်၍မူ ဆေးကျောင်းများအပါအ၀င် ကျန်ကျောင်းအားလုံးလုပ်ဆောင်မှု အားနည်းကြကာ အားနည်းမှုရာခိုင်နှုန်းကို ပညာရေးက ၁၀၀ရာခိုင်းနှုန်း၊နည်းပညာက ၉၄ရာခိုင်နှုန်း၊ကွန်ပျူတာက ၉၈ရာခိုင်နှုန်း၊ဆေးပညာက ၇၅ရာခိုင်နှုန်း၊ ၀ိဇ္ဇာ/သိပ္ပံဆရာ/မ များက ၈၅ ရာခိုင်နှုန်း ဟု အားနည်းနေဟု ဖော်ပြထားသည်။

အမျိုးသားပညာရေးမူဝါဒကော်မရှင်က ထုတ်ပြန်လိုက်သော တက္ကသိုလ်ဆရာ/မ များ၏ အရည်အသွေး၊သင်ကြားနည်းနှင့်ပတ်သတ်၍ မြန်မာနိုင်ငံဆရာ/မများအသင်းချုပ် အတွင်းရေးမှူး ဦးကျော်မင်းခန့်က ”ဆရာ/မတွေရဲ့ အရည်အသွေးနဲ့ သင်ကြားမှု၊ပြီးတော့ သုတေသနပိုင်း ဒါတွေမှာ အားနည်းနေတာတွေကို လက်ခံပါတယ်။ဒါပေမယ့် အဲ့လောက်ထိကြီးလား ဆိုတာကိုတော့ ဘာနဲ့ တိုင်းတာ တာလဲ။ဒါကတော့ မေးခွန်းထုတ်ရမယ်”ဟု ပြောသည်။

အမျိုးသားပညာရေးမူဝါဒကော်မရှင်၏ ၂/၂၀၁၇ အစီရင်ခံစာကို ဆွေးနွေးထောက်ပြကြသည့် လွှတ်တော်ကိုယ်စားလှယ် ၂၀ကျော်က ထိုအစီရင်ခံစာ အပေါ် အလုံးစုံမဟုတ်သော်လည်းကျေနပ်မှု ရှိနေသည်ကိုတွေ့ရသည်။

NLD အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျော်နိုင်က ”ဘသ တစ်သက်တာမှာ တစ်ကြိမ်တစ်ခါမှ မတွေ့ဘူးတဲ့ သုံးသပ်ချက်”ဟု မှတ်ချက်ပြုသည်။

ယင်းအပြင် NLD အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဒေါ်စိန်စိန်ရွှေလတ် ကပါ အစီရင်ခံစာကောင်းတစ်ခုဟု ချီးကျူးခဲ့သည်။

သို့သော်လည်း ဦးကျော်နိုင်က ယနေ့ အခြေခံပညာရေးတွင် တာဝန်ယူနေကြသည့် ဆရာ/မ များသည် အရည်အသွေးပိုင်း၊သင်ကြားမှုပိုင်း၊သုတေသနပိုင်း အစစအရာရာအားနည်းနေသည့် ပညာရေးတက္ကသိုလ်၊ကောလိပ်ကျောင်းများမှ ဆရာ/မ များထံမှ ဆင်းသက်လာ၍
အခြေခံပညာရေးက ဆရာ/မများ၏ အရည်အသွေးပိုင်းကိုပါ မေးခွန်းထုတ်ခဲ့သည်။အစီရင်ခံစာတွင် အခြေခံပညာရေးက ဆရာ/မများ၏ အရည်အသွေးပိုင်းကိုအကဲဖြတ်ထားမှု မပါပေ။

မြန်မာနိုင်ငံဆရာ/မများအသင်းချုပ် အတွင်းရေးမှူး ဦးကျော်မင်းခန့်က တက္ကသိုလ်ဆရာ/မ များ၏ အရည်အသွေး၊သင်ကြားနည်း အားနည်းလာရခြင်းနှင့် ပတ်သတ်၍ (၁) လူမှန်နေရာမှန် မဖြစ်ခြင်း၊(၂)အရည်အသွေးမမှီဘဲ၊၀ါသနာမပါဘဲ လာဘ်ပေးခြင်းဖြင့် ဆရာ/မဖြစ်လာသူများ ရှိနေခြင်း၊ဆရာ/မ များကို သုတေသနများပြုခိုင်းရမည့်အစား မဆိုင်သည့် အခြားအလုပ်များ ဥပမာ အပေါက်စောင့်ခိုင်းသည့်ကိစ္စ တို့ကြောင့် ဖြစ်သည်ဟု သူ့အမြင်ကို ပြောသည်။

MTA

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*