Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းကို ၉ ကြိမ်မြောက်ရုံးချိန်း

Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းကို ၉ ကြိမ်မြောက်ရုံးချိန်း
November 14, 2017 Asian Fame

4:28 pm
Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းကို ၉ ကြိမ်မြောက်ရုံးချိန်း

Ko-Swe-Win(မန္တလေး ၊နိုဝင်ဘာ၁၄)

Myanmar Now အယ်ဒီတာချုပ်အပေါ်မန္တလေး မဘသအဖွဲ့ဝင်ဦးကျော်မျိုးရွှေက ဆက်သွယ်ရေး ဥပဒေနဲ့တရားစွဲထားတဲ့အမှုကို ဒီနေ့နိုဝင်ဘာ ၁၄ ရက်မနက်ပိုင်းက ၉ ကြိမ်မြောက်ရုံးချိန်းပြုလုပ်ခဲ့ ပါတယ်။

“တရားလိုကိုစစ်မယ့် ရုံးချိန်းဆိုပေမယ့် တရားလိုဘက်က ကိုဆွေဝင်းကိုပေးထားတဲ့အာမခံရုပ်သိမ်းပေးဖို့ ခရိုင်တရားရုံးတက်တာကို ခရိုင်တရားရုံးက ပလပ်ထားတော့ တရားရုံးတွေရဲ့သဘောအရ အောက်ရုံးကအမှုတွဲကြီးက ခရိုင်ရုံးမှာရောက်နေတယ်၊ ပြီးခဲ့တဲ့ရုံးချိန်းတုန်းကလည်း ဒီအမှုတွဲကြီးက မြို့နယ်တရား ဆီပြန်ရောက်မလာဘူး ဒီနေ့လည်း ပြန်ပို့တာ နောက်ကျလို့ ဦးကျော်မျိုးရွှေကို ရုံးမထုတ်နိုင်ပါဘူး” လို့ ကိုဆွေဝင်းရဲ့ဥပဒေအကြံပေးဦးခင်မောင်မြင့်က ပြောပါတယ်။

တရားလိုဦးကျော်မျိုးရွှေဟာ အစိုးရဖြုတ်ချရေးသပိတ်စခန်း ဦးဆောင်သူဆိုတဲ့စွပ်စွဲချက်နဲ့ ဖမ်းဆီးတရားစွဲ ခံထားရတာဖြစ်ပြီး ခရိုင်အဆင့်အထိ အာမခံ လျှောက်ထားရာမှာလည်း ပယ်ချခံထားရတာကြောင့် ရုံးလုပ်ငန်းကိစ္စအဆင့်ဆင့်ဆောင်ရွက်ပြီးစီးမှသာ ရုံးထုတ်မိန့်ရမှာလို့သိရပါတယ်။

ဒီနေ့ရုံးချိန်းမှုမှာလည်း တရားလိုဦးကျော်မျိုးရွှေ ရောက်မလာတာကြောင့် နောက်တစ်ကြိမ်ရုံးချိန်းထပ်ချိန်းလိုက်ရတယ်လို့သိရပြီး ဒါနဲ့ပတ်သက် လို့လည်း ဦးခင်မောင်မြင့်က အခုလိုပဲပြောပါတယ်။

“ကိုဆွေဝင်းဘက်က အများကြီးနစ်နာမှုတွေ ရှိနေပါတယ်၊ ရန်ကုန်ကနေ အမှုလာရင်ဆိုင်ရတာ ပါ၊ ရုံးချိန်းတစ်ခုမှာ နှစ်ရက်လောက် အလုပ်ပျက်ခံပြီးလာရတာပါ၊ နောက်တစ်ခုက သူ့ရဲ့အလုပ်မှာလည်း တာဝန်တွေရှိနေတာဆိုတော့ အခုလို ဖြစ်နေတာဟာ သူ့အတွက် နစ်နာမှုတွေ ဖြစ်နေရပါတယ် တရားရုံးကတော့ နောက်တစ်ချိန်း မှာ ရုံးထုတ်မိန့်ရအောင်လုပ်ပြီး ဦးစားပေးစစ် သွားပါမယ်လို့တော့ ပြောပါတယ်” လို့ တရားရုံးရဲ့ပြန်ကြားမှုနဲ့ပတ်သက်ပြီး ဦးခင်မောင် မြင့်ကပြောပါတယ်။

ဆရာတော်ဦးဝီရသူအပေါ် အွန်လိုင်းဖေ့စ်ဘုတ်ကနေ ဝေဖန်ခဲ့တာကြောင့် ဦးကျော်မျိုးရွှေရဲ့ တရားစွဲခံထားရတဲ့ ကိုဆွေဝင်းက ရုံးချိန်းတိုင်းတရားရုံး မပျက်မကွက်လာရောက်ခဲ့ ပေမယ့်လည်း ဒီနေ့ရုံးချိန်းအထိ နှစ်ဖက်တွေ့ဆုံ ရင်ဆိုင်ရတဲ့အခြေအနေ မရှိသေးပါဘူး။

၁၀ ကြိမ်မြောက်ရုံးချိန်းကို လာမယ့်နိုဝင်ဘာ ၂၇ ရက် မနက် ၁၀ နာရီမှာပြုလုပ်သွားမှာဖြစ်ပြီး တရားလိုကိုအဓိကစစ်ဆေးမှာဖြစ်တယ်လို့ တရားရုံးဆီကသိရပါတယ်။

News & Photos by စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*