“နာဂတွေရဲ့အိမ်မက် ခရီးနီးသလား….ဝေးသလား…..”

“နာဂတွေရဲ့အိမ်မက် ခရီးနီးသလား….ဝေးသလား…..”
November 12, 2017 Asian Fame

7:57 pm
“နာဂတွေရဲ့အိမ်မက် ခရီးနီးသလား….ဝေးသလား…..”

23517995_1600080856702540_2947001626118234948_n

နိုင်ငံလုံးဆိုင်ရာပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ကို လက်မှတ်မရေးထိုးဘဲ ၊ ငြိမ်းချမ်းရေးပွဲတွေကို လေ့လာသူအဖြစ်သာ တက်ရောက်ခဲ့တဲ့ NSCN-K ဆိုတဲ့ နာဂတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ရှိပါတယ်။ သူတို့နဲ့ မြန်မာအစိုးရကြားမှာ ဒီကနေ့ အချိန်ထိကို တိုက်ပွဲတစ်စုံတစ်ရာ ဖြစ်ပွားမှုမရှိခဲ့ပါဘူး။

နာဂလက်နက်ကိုင်အဖွဲ့နဲ့ပတ်သတ်လို့ရှင်းပြရရင် မြန်မာဘက်အခြမ်းမှာ ဌာနချုပ်ထားပြီး လှုပ်ရှားတဲ့ NSCN-K ဆိုတဲ့ လက်နက်ကိုင်ရှိပြီး အိန္ဒိယဘက်အခြမ်းမှာတော့ အိန္ဒိယနိုင်ငံဘက်မှာ ဌာနချုပ်ထားပြီးလှုပ်ရှားတဲ့ NSCN-IM ဆိုတဲ့ အဖွဲ့ရှိပါတယ်။ NSCN-IM ဟာ အရင်က NSCN-K နဲ့တစ်ဖွဲ့တည်းဖြစ်ပြီး နောက်ပိုင်း နိုင်ငံရေးအယူအဆ မတူညီမှုနဲ့ ခွဲထွက်သွားတဲ့အဖွဲ့ဖြစ်ပါတယ်။ အဖွဲ့အစည်းနာမည်ကတော့ NSCN ဖြစ်ပြီး နာဂတွေရဲ့သမ္မတဖြစ်သူ ကပ်ပလန် ကို အစွဲပြုပြီးတော့ NSCN-K လို့ ခေါ်ကြပါတယ်။ အလားတူ အိန္ဒိယဘက်မှာလှုပ်ရှားတဲ့ NSCN ကလည်း သူတို့ရဲ့ သမ္မတဖြစ်သူ မြွေဘာနဲ့အိုက်စက် တို့ကို အစွဲပြုပြီး NSCN-IM လို့ခေါ်ပါတယ်။

NSCN-IM ရဲ့ အိမ်မက်နဲ့ ဦးတည်ချက်ကတော့ အိန္ဒိယဘက်အခြမ်းမှာရှိတဲ့ Naga Land နယ်မြေကို အိန္ဒိယဘက်ကနေခွဲထုတ်ပြီး နာဂနိုင်ငံတော်ထူထောင်ဖို့ဖြစ်ပါတယ်။

NSCN-K ရဲ့ အိမ်မက်နဲ့ ဦးတည်ချက်ကတော့ မြန်မာဘက်က နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ လေရှီး ၊ လဟယ် ၊ နန်းယွန်း သုံးမြို့နယ်နဲ့ အိန္ဒိယနိုင်ငံဘက်က Naga Land ၊အိန္ဒိယအရှေ့မြောက် မဏိပူရ ၊ အာသံပြည်အထက်ပိုင်းတို့ကို ခွဲထုတ် အတူပေါင်းစည်းပြီး နာဂနိုင်ငံတော်အဖြစ်တည်ထောင်လိုတာဖြစ်ပါတယ်။

ဒါကြောင့် နာဂအသီးသီးကြားထဲမှာလည်း အယူအဆ၀ါဒကွဲလွဲတဲ့ နိုင်ငံရေးပြဿနာတွေရှိနေပါတယ်။

NSCN မှာ ကိုယ်ပိုင်သမ္မတ ၊ ကိုယ်ပိုင်ဝန်ကြီးဌာနတွေနဲ့ အသီးသီးဖွဲ့စည်းထားပါတယ်။ ဒါတွေနဲ့ပတ်သတ်လို့ နာဂတွေရဲ့နိင်ငံရေးအခြေအနေကိုသိရဖို့ ၊ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ နာဂတွေရဲ့ အခမ်းကဏ္ဍ အခြေအနေတွေကိုသိရဖို့ NSCN-K ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးဖြစ်သူ သာသနာရေးဝန်ကြီး ဦးကျော်ဝမ်းစိန်ကို ပေါ်ပြူလာနယူးစ်က သွားရောက်တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

မေး။ ။ အခုမကြာခင်မှာကျင်းပတော့မယ့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ တတိယအကြိမ်အတွက် NSCN-K အနေနဲ့ ပြင်ဆင်ထားမှုအပိုင်းတွေရှိပါသလား။
ဖြေ။ ။ NCA အနေနဲ့ပတ်သတ်လို့တော့ ကျွန်တော်တို့ကို လေ့လာသူအနေနဲ့ ဖိတ်လို့ရှိရင် တက်ရောက်သွားဖို့ရှိပါတယ်။ ဒါပေမဲ့ NCA ကိုလက်မှတ်ထိုးဖို့တော့မဖြစ်နိုင်သေးပါဘူး။ နာဂလူမျိုးတွေရဲ့နိုင်ငံရေးအြေ
ခအနေအရ NCA လက်မှတ်ရေးထိုးမယ့်လမ်းကြောင်းတော့ မမြင်သေးပါဘူး။ ဒီအခြေအနေတွေအားလုံးကလည်း မြန်မာနဲ့ အိန္ဒိယ၂ နိင်ငံနဲ့အတူညှိနှိုင်းမှရမှာ။ ကျွန်တော်တို့ အနေနဲ့ NCA စာချုပ်ကိုလက်မှတ်မ
ထိုးလို့ ပြီးတော့ တစ်ခြားလက်နက်ကိုင်တွေအားလုံး NCA စာချုပ်ကို လက်မှတ်ထိုးသွားလို့ လည်း ကျွန်တော်တို့က တိုက်ပွဲတွေတိုက်မှာမဟုတ်ပါဘူး။

မေး ။ ။ NSCN-K အနေနဲ့ အိန္ဒိယဘက်အခြမ်းမှာရှိတဲ့ NAGA LAND နယ်မြေကို တောင်းထားတယ်လို့ သိရပါတယ်။ အဲ့ဒီဘက်ကအခြေအနေအသေးစိတ်ကိုလည်းရှင်းပြပေးပါဦး။
ဖြေ ။ ။ ကျွန်တော်တို့က အိန္ဒိယဘက်မှာရှိတဲ့ ကျွန်တော်တို့ဘိုးဘေးတွေ နေထိုင်ခဲ့တဲ့ အတိုင်းအတာအရပဲတောင်းတာပါ။ အိန္ဒိယအရှေ့မြောက် မဏိပူရ ၊ ပြီးတော့ Naga Land State အာရိုနာဂျာ ၊ ပြီးတော့
အာသံပြည်အထက်ပိုင်း အဲ့ဒီမှာ နာဂတွေနေထိုင်တယ်ပေါ့နော်။ အဲ့ဒါကိုပဲတောင်းတာပါ။ မြန်မာနိုင်ငံဘက်မှာတော့ နာဂတွေနေထိုင်တဲ့ လေရှီး ၊ လဟယ် ၊ နန်းယွန်း စတဲ့ ဒေသတွေကို နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်
ရဒေသအဖြစ်သတ်မှတ်ပေးခဲ့တယ်ပေါ့နော်။

မေး ။ ။ ပြီးခဲ့တဲ့ ဒုတိယအကြိမ်ညီလာခံမှာတော့ ခွဲထွက်ခွင့်ကိစ္စက အငြင်းပွားစရာဖြစ်ပွားခဲ့တယ်ပေါ့နော်။ နာဂ အနေနဲ့ရောခွဲထွက်ခွင့်တောင်းဖို့ရှိပါသလား။
ဖြေ ။ ။ ကျွန်တော်တို့နာဂအနေနဲ့ဆိုရင်တော့ ခွဲထွက်ခွင့်ပေးသင့်တယ်လို့ ယုံကြည်တယ်။ ဘာလို့လဲဆိုတော့ အိန္ဒိယ ၊ မြန်မာ လွတ်လပ်ရေးမရခင်တုန်းက ဒီနေရာမှာ နာဂတွေပဲရှိခဲ့တယ်။ ကျွန်တော်တို့ ရည်ရွ
ယ်ချက်ကလည်း နာဂတွေအားလုံးစုပေါင်းပြီးနေထိုင်ဖို့ပေါ့နော်။ ခွဲထွက်ခွင့်ပေးရင်ပေါ့နော်။ ပေးရင်လည်း ကျွန်တော်တို့က မြန်မာနဲ့အိန္ဒိယကို သူစိမ်းလုပ်သွားမယ်လို့ မရည်ရွယ်ဘူး။ ညီအကိုတွေလိုနေသွားဖို့ပါပဲ။

မေး ။ ။ ဒီအခြေအနေတွေအားလုံးအတွက်ကြိုတင်ပြင်ဆင်ထားတာများရှိပါသလား။
ဖြေ ။ ။ မြန်မာနိုင်ငံရဲ့နိုင်ငံရေးပုံစံအရကြည့်ရင်ပင်လုံညီလာခံလုပ်ခဲ့တယ်ပေါ့နော်။ နောက် လွှတ်လပ်ရေးရတယ်။ နောက်ပိုင်းဖြစ်လာတဲ့လက်နက်ကိုင်တွေဟာ ကိုယ့်မြေကိုယ်ကာကွယ်ဖို့ လုပ်ခဲ့တယ်ပေါ့နော်။
တစ်ချို့ကတော့ စီးပွားေးအရပါမှာပေါ့နော်။ သုံးသပ်တာကတော့ မြန်မာနိုင်ငံအရကြည့်ရင် နာဂအခြေအနေကို တစ်ခြားလက်နက်ကိုင်တွေနဲ့တော့တိုင်းတာလို့မရပါဘူး။ လက်ရှိနာဂနိုင်ငံရေးအနေအထားအရလည်း
လက်နက်နဲ့တိုက်ြ့ပီးတောင်းယူလို့တော့မရဘူး။ စားပွဲပေါ်မှာပဲဆွေးနွေးရမှာ ။လက်နက်ကိုင်ခြင်းကတော့ လူမျိုးစုတစ်ခုမှာ ကျောရိုးတစ်ခုပါပဲ။ ဥပမာပြောရရင် အိမ်ထောင်စုတစ်ခုမှာ ဓါးတစ်လက်မရှိရင် တော
င်ယာလဲလုပ်မရဘူး ၊ ထင်းလည်းခုတ်မရဘူး အဲ့ပုံစံပါပဲ။

မေး။ ။ NSCN-K အနေနဲ့ မြန်မာနဲ့တော့ တိုက်ပွဲဖြစ်ပွားတာလုံးဝမရှိခဲ့ဘူးပေါ့နော်။ အဓိကလှုပ်ရှားတာကလည်း အိန္ဒိယဘက်အခြမ်းမှာဆိုတော့ လက်ရှိ နာဂတွေရဲ့တောင်းဆိုမှုနဲ့ အိန္ဒိယကြားဘယ်လိုအခြေအနေ
ရှိပါသလဲ။
ဖြေ ။ ။ အိန္ဒိယနဲ့ NSCN-K နဲ့ကတော့ ၂နှစ်အတွင်း တိုက်ပွဲပေါင်း ၁၇ ကြိမ်လောက်ဖြစ်ပွားခဲ့တယ်ပေါ့နော်။ အစတုန်းက အိန္ဒိယနဲ့ အပစ်အခတ်ရပ်စဲရေးလုပ်ပြီး သွားနေတုန်း မြန်မာအစိုးရနဲ့လည်း ကျွန်တော်တို့ အပစ်အခတ်ရပ်စဲရေးလုပ်လိုက်တယ်ပေါ့နော်။ အဲ့ဒီနောက်မှာ အိန္ဒိယဘက်က ပြန်လာတိုက်တယ်။ ၂၀၁၂ ခုနှစ် ဧပြီ ၉ ရက်နေ့ကစပြီး တိုက်ပွဲတွေပြန်ဖြစ်လာတာ အခုထိပဲ။ အိန္ဒိယကတော့ ကျွန်တော်တို့ ဒီ Naga Land ကို ပြည်နယ်သတ်မှတ်ပေးထားပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရအဆင့်ထက် နည်းနည်းလေးသာတဲ့အခြေအနေကိုပေးထားတယ်ပေါ့နော်။ ဒါပေမဲ့ ကျွန်တော်တို့က ဘိုးဘေးတွေနေထိုင်ခဲ့တဲ့ မဏီပူရ ၊ အာသံ အဲ့ဒီဘက်တွေနဲ့ နာဂလန်းနဲ့ မြန်မာဘက်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ၃ မြို့နယ်လုံးကို ပေါင်းပြီး နာဂတွေစုပေါင်းနေထိုင်ချင်တာပါ။

မေး။ ။စောစောက ၀န်ကြီးအနေနဲ့ ပြောခဲ့ပါတယ်။ မြန်မာ ၊အိန္ဒိယ ၊ နာဂ သုံးပွင့်ဆိုင် ဖြေရှင်းမှ နာဂတွေရဲ့ နိုင်ငံရေးအိမ်မက်က အဖြေထွက်မှာလို့ ။ ဒီတော့ သုံးပွင့်ဆိုင်ဖို့ တောင်းဆိုဖူးတာများရှိပါသလား။
ဖြေ ။ ။ မတောင်းဆိုဖူးပါဘူး။ လောလောဆယ်တော့စောပါသေးတယ်။ ကျွန်တော်တို့ဘက်ကို ဘာကြောင့်လဲဘာလဲ ဆိုတဲ့ မေးခွန်းပြန်လာရင် ကျွန်တော်တို့ဘက်က ရပ်တည်နိုင်ဖို့ အကြောင်းအရင်းမရှိသေးဘူး။ ပြောရရင်တော့ ကျွန်တော်တို့ဘက်ကအဆင်သင့်မဖြစ်သေးပါဘူး။

မေး ။ ။ နာဂ လက်နက်ကိုင်အဖွဲ့ NSCN-K အနေနဲ့ ခုဆိုရင် ရပ်တည်လာတာ သက်တမ်း နှစ်ပေါင်း ၆၀ ကျော်ပြီပေါ့နော်။ အဓိကစီးပွားရေးဘာစီးပွားရေးနဲ့ရပ်တည်လဲ ပြောခွင့်ရှိရင်ပြောပြပေးပါ။
ဖြေ။ ။ စီးပွားရေးအခြေခံရယ်လို့တော့မရှိပါဘူး။ နာဂလူထုအပေါ်ပဲအခြေခံထားတယ်။ ကျွန်တော်တို့မှာ နာရအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးကော်မတီဆိုတာရှိပါတယ်။ ခုထိတော့ စီးပွားရေးရယ်လို့ ဘာမှမရှိသေးဘူး။

မေး။ ။ နောက်ဆုံးမေးခွန်းပါ။ နာဂတွေရဲ့ အိမ်မက်က နီးပြီလားခင်ဗျ။
ဖြေ။ ။ ဝေးဆဲပဲ။ နာဂတွေရဲ့ အခုရပ်တည်နေတဲ့ နိုင်ငံရေးက ပညာရှင်တွေ ပညာတက်တွေ ထွက်လာဖို့လိုပါတယ်။ နာဂနိုင်ငံရေးအခြေအနေက တော်တော်လေးရှုပ်တယ်။ အများကြီးသွားရဦးမယ်။ လောလောဆယ်တော့ ဝေးတုန်းပါပဲ။

မေး။ ။ ဖြည့်စွက်ပြောချင်တာ များရှိရင် ပြောပြပေးပါ။
ဖြေ။ ။ ပြောချင်တာကတော့ ကျွန်တော်တို့အနေနဲ့ NCA ကိုလက်မှတ်မထိုးနိုင်တဲ့အကြောင်းအရင်းက မြန်မာနိုင်ငံတော်အစိုးရဦးဆောင်နေတာကို ပေကပ်ပြီး သွားမလုပ်နိုင်တာမဟုတ်ပါဘူး။ သူတို့လုပ်တာကိုလည်း မှန်တယ်ဆိုတာလက်ခံပါတယ်။ သိပါတယ်။ ဒါပေမဲ့ နာဂတွေရဲ့ နိုင်ငံရေးအခြေအနေအရကို အဆင်မပြေတာပါ။ ဒါကြောင့် သုံးပွင့်ဆိုင်မှသာဖြစ်မှာ။

ရဲလွင် တွေ့ဆုံမေးမြန်းသည်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*