3:20 pm
ပညာရေး ၀န်ထမ်းတွေ အနေနဲ့ ကျောင်းသားတွေ၊ ကျောင်းသားမိဘတွေ၊ ပြည်သူလူထုတွေ ထံကနေ ငွေကြေးကောက်ခံတာတွေ မလုပ်ဖို့၊ လက်ဆောင်ပစ္စည်း လက်ခံတာတွေမလုပ်ဖို့ ပညာရေးဝန်ကြီးဌာနက ညွှန်ကြားစာနဲ့ ထပ်မံအသိပေးလိုက်ပါတယ်။ အလားတူ ညွှန်ကြားစာမျိုးကို ပြီးခဲ့တဲ့ နှစ်တွေကလဲ ထုတ်ပြန်ခဲ့ပြီး၊ အခု ထပ်မံထုတ်ပြန်လိုက်တာဟာ ငွေကြေးကောက်ခံတာတွေ၊ လက်ဆောင်လက်ခံတာတွေ ရှိနေသေးတဲ့ အတွက်ကြောင့်လို့ သိရပါတယ် ပညာရေး ၀န်ကြီးဌာန၊ အခြေခံပညာ ဦးစီးဌာန (နေပြည်တော်)ကနေ နိုဝင်ဘာလ ၁ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ အဲဒီ့ညွှန်ကြားစာကို လက်ရှိမှာတော့ နေပြည်တော် ကောင်စီနယ်မြေ အပါအ၀င် တိုင်းဒေသကြီးနဲ့ ပြည်နယ် ပညာရေးမှူးရုံးများ မှတဆင့် အခြေခံပညာ ကျောင်းအသီးသီးကို ပေးပို့လိုက်ပါပြီ။
ထပ်မံအသိပေးလိုက်တဲ့ ညွှန်ကြားစာထဲမှာ အခြေခံပညာ ကျောင်းတွေနဲ့ ပညာရေးရုံးတွေမှာ ပွဲလမ်းသဘင် လက်မှတ်ရောင်းတာတွေ၊ စာအုပ်စာတမ်းနဲ့ ၀တ်စုံတွေ ရောင်းချတာတွေ မလုပ်ဖို့ကိုပါ ထည့်သွင်း တားမြစ်ထားတာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့လက ကျောင်းအုပ်ဆရာမကြီး တစ်ဦးကို ၂၀၁၇-၁၈ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်အတွင်း ကျောင်းသား၊ ကျောင်းသူ များအား ဗလာစာအုပ်နဲ့ သင်ထောက်ကူစာအုပ်များ ရောင်းချခဲ့မှုနဲ့ ရာထူးမှထုတ်ပယ်ပြီး အထက်တန်းပြဆရာမ သုံးဦးကိုလည်း အလယ်တန်းပြရာထူး သို့ လျှော့ချလိုက်တဲ့ အရေးယူမှုတစ်ခုကို ပညာရေးဝန်ကြီးဌာနက လုပ်ဆောင်ခဲ့ပါတယ်။ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်နိုင်စိုးက ညွှန်ကြားစာထုတ်ပြီး အတန်တန် ပြောထားခဲ့ပြီးကာမှ တားမြစ်ချက်တွေကို လုပ်ဆောင်ကြတဲ့အတွက် အရေးယူရခြင်းဖြစ်တယ်လို့ အရေးယူခဲ့တဲ့အပေါ် ပြောဆိုထားပါတယ်။
PN