ပြည်ထောင်စု အစိုးရထံမှ လျှပ်စစ် တစ်ယူနစ် ၅၇ ကျပ်နဲ့ ဝယ်ပြီး ပြည်သူကို အနိမ့်ဆုံး တစ်ယူနစ် ၃၅ ကျပ်နှုန်း နဲ့ ပြန်ရောင်းနေဟု ရန်ကုန်တိုင်း အစိုးရပြော

ပြည်ထောင်စု အစိုးရထံမှ လျှပ်စစ် တစ်ယူနစ် ၅၇ ကျပ်နဲ့ ဝယ်ပြီး ပြည်သူကို အနိမ့်ဆုံး တစ်ယူနစ် ၃၅ ကျပ်နှုန်း နဲ့ ပြန်ရောင်းနေဟု ရန်ကုန်တိုင်း အစိုးရပြော
November 7, 2017 Asian Fame

4:31 pm
ပြည်ထောင်စု အစိုးရထံမှ လျှပ်စစ် တစ်ယူနစ် ၅၇ ကျပ်နဲ့ ဝယ်ပြီး ပြည်သူကို အနိမ့်ဆုံး တစ်ယူနစ် ၃၅ ကျပ်နှုန်း နဲ့ ပြန်ရောင်းနေဟု ရန်ကုန်တိုင်း အစိုးရပြော

electricity(ရန်ကုန် ၊ နိုဝင်ဘာ ၇)

ရန်ကုန်တိုင်းလျှပ်စစ် ဓါတ်အားပေးရေး ကော်ပိုရေရှင်းက ပြည်ထောင်စု အစိုးရမှ လျှပ်စစ်ဓါတ်အား တစ်ယူနစ်လျှင် ၅၇ ကျပ် နဲ့ ဝယ်ယူပြီး အများပြည်သူကို အနိမ့်ဆုံး အိမ်သုံးတစ်ယူနစ် ၃၅ ကျပ်နှုန်းနဲ့ ပြန်ရောင်းပေးနေတာဖြစ်တယ် လို့ ရန်ကုန်ုတိုင်းဒေသကြီး အစိုးရအဖွဲ့ ကပြောပါတယ်။

လက်ရှိမှာ ရန်ကုန်လျှပ်စစ် ဓါတ်အားပေးရေး ကော်ပိုရေရှင်းဟာ အိမ်သုံးလျှပ်စစ် သုံးစွဲခများအနေနဲ့ ၁ ယူနစ်မှ ၁၀၀ ယူနစ်အထိကို တစ်ယူနစ် ၃၅ ကျပ်နှုန်း၊ ၁၀၁ ယူနစ်မှ ၂၀၀ ယူနစ်အထိကို တစ်ယူနစ် ၄၀ ကျပ် ၊ ၂၀၁ ယူနစ်မှ အထက်ကို ၅၀ ကျပ်နှုန်းနဲ့ ကောက်ခံရောင်းချနေပြီးတော့ ၊ စက်မှုလုပ်ငန်းများကိုတော့ ၁ ယူနစ်မှ ၅၀၀ ယူနစ်အထိ တစ်ယူနစ် ၇၅ ကျပ်၊ ၅၀၁ ယူနစ်မှ ၁၀၀၀၀ ယူနစ်အထိ တစ်ယူနစ် ၁၀၀ ကျပ် ၊ ၁၀၀၀၁ ယူနစ်မှ ၅၀၀၀၀ ယူနစ်အထိ တစ်ယူနစ် ၁၂၅ ကျပ် ၊ ၅၀၀၀၁ ယူနစ်မှ ၂၀၀၀၀၀ ယူနစ်အထိ တစ်ယူနစ်၁၅၀ ကျပ်နှုန်းတို့ နဲ့ ပြန်လည်ဖြန့် ဖြူးရောင်းချနေတယ်လို့ ရန်ကုန်ုတိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ လျှပ်စစ်၊ စက်မှုလက်မှုနဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန၀န်ကြီး ဒေါ်နီလာကျော်က ဒီကနေ့ ပြုလုပ်တဲ့ တိုင်းလွှတ်တော်မှာပြောပါတယ်။

ဝန်ကြီးဟာ သုံးခွမြို့ နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးနေ၀င်းမေးမြန်းတဲ့ ”ပြည်သူလူထုကို ရောင်းချနေတဲ့နှုန်းထားကို သိရှိလိုကြောင်း၊ ယခင်နှုန်းထားများအတိုင်း လျှပ်စစ်ဓါတ်အားသုံးစွဲနေရတဲ့အတွက် ဈေးနှုန်းပြင်ဆင်ပေးဖို့ အစီအစဉ်ရှိမရှိ” မေးခွန်းနဲ့ ပတ်သတ်
လို့ ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။

လျှပ်စစ်ဓါတ်အားသုံးစွဲခ ဈေးနှူန်းပြန်လည်ပြင်ဆင်မှုကိုတော့ ပြည်ထောင်စုဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိတယ်လို့ သူမကပြောပါတယ်။ ဒါ့အပြင် လာမယ့်နွေရာသီမှာ မီးပြတ်မှုလျော့နည်းစေဖို့ သဘာဝဓါတ်ငွေ့ နဲ့ ဒီဇယ် နှစ်မျိုးသုံး ဓါတ်အားပေးစက်တွေ အရေးပေါ် အသုံးပြုနိုင်ဖို့ စီစဉ်ထားရှိတယ်လို့  ဒေါ်နီလာကျော်ကပြောပါတယ်။

”လာမယ့် ဇန်န၀ါရီ ဖေဖော်ဝါရီလတွေမှာ သာကေတက လျှပ်စစ်ဓါတ်အားပေး စက်ရုံကနေ ၁၀၆ မဂ္ဂါဝပ်ထွက်ရှိပါမယ် ၊ သထုံက သဘာဝ ဓါတ်ငွေ့ သုံးလျှပ်စစ် ဓါတ်အားပေးစက်ရုံက ၁၀၈ မဂ္ဂါဝပ်ထပ်မံထွက်ရှိပါမယ် မြင်းခြံ သဘာဝဓါတ်ငွေ သုံးလျှပ်စစ် ဓါတ်အားပေးစက်ရုံက ၂၂၅ မဂ္ဂါဝပ်ထွက်ရှိပြီးတော့ ကျွန်မတို့ အနေနဲ့ ၄၃၉ မဂ္ဂါဝပ်ထက်မံ ထွက်ရှိလာမှာဖြစ်ပါတယ်” လို့ နွေရာသီအတွက်အစီအစဉ်ကိုထုတ်ဖော်ပြောပါတယ်။

”အခု မိုးရာသီကုန်လို့ ဆောင်းဥတုမကုန်မီ နွေဦးရာသီ ရောက်လာမှာဖြစ်ပါတယ် ရေအားလျှပ်စစ်က မိုးဥတုမှာတောင် ခနခန ဓါတ်အားပြတ်တောက်မှုဖြစ်ပေါ်နေတာဖြစ်ပါတယ် နွေဥတုမှာ စက်မှုလုပ်ငန်းရှင်များနဲ့ ပြည်သူများက လျှပ်စစ်ဓါတ်အားတွေ လုံးဝပြတ်တောက်သွားမယ့် အခြေအနေတွေ ဖြစ်ပေါ်လာမှာ ကို စိုးရိမ်နေကြပါတယ် ” လို့ မေးခွန်းမေးမြန်းခဲ့တဲ့ လွှတ်တော် ကိုယ်စားလှယ် ဦးနေ၀င်းက ပြောပါတယ်။

ပြည်ထောင်စု အစိုးရရဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးမှုမှာ ထုတ်လုပ်မှု ကနေဖြန့်ဖြူးမှု အဆင့်အထိ ကိုးဆယ့် နှစ်ကျပ် အသားတင် အရင်းရှိနေလို့ အနိမ့်ဆုံး တစ်ယူနစ်လျှင် သုံးဆယ့် ငါးကျပ်နှုန်းနဲ့  ပြည်သူ များကို ပေးရောင်းနေမှုကြောင့် တစ်ယူနစ်ရောင်း တိုင်းနိုင်ငံဘဏ္ဍာမှာ နှစ်ဆယ့်သုံးကျပ် အရှုံးပေါ် နေတယ်လို့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာန၊ ပြည်ထောင်စုဒုတိယဝန်ကြီး ဒေါက်တာ ထွန်းနိုင်က မတ်လ ၃ ရက်နေ့ က ကုန်သည်စက်မှု အသင်းချုပ်ရုံးမှာ ပြောကြားထားသလို သြဂုတ်လ ၁၆ ရက်နေ့ ကလည်း ၂၀၃၀ ခုနှစ်မှာ မြန်မာတစ်နိုင်ငံ လုံး လျှပ်စစ်ဓာတ်အား ရရှိရေး အတွက် ကမ္ဘာ့ဘဏ်ရဲ့ ချေးငွေ အမေရိကန်ဒေါ်လာ သန်း (၃၁၀) နဲ့ အမျိုးသား လျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း (NEP) ကို အဆင့်(၄) ဆင့်သတ်မှတ်ပြီး ဆောင်ရွက်လျက်တယ်လို့ ပြောထားပါတယ်။

လက်ရှိကောက်ခံနေတဲ့ လျှပ်စစ်မီတာခနှုန်းထား များကိုလည်း အသေးစိတ် တွက်ချက်မှု များပြုလုပ်နေပြီး တစ်လအတွင်း လွှတ်တော်သို့တင်ပြ အတည်ပြုချက် ရယူသွားရန်စီစဉ်နေတယ် လို့ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနမှ စက်တင်ဘာလ ၁၅ ရက်နေ့ က နေပြည်တော်မှာ သတင်းထောက်များကို ပြောထားပါတယ်။ပြောဆိုထားမှုမှာတော့ ပြင်ဆင်မယ်လို့ သာပြောပြီး တိုးမယ်လို့ မပြောဘူးလို့ ဆိုထားပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာတော့ လျှပ်စစ်ဓါတ်အားသိန်းသုံးစွဲသူဟာ သိန်းတစ်ထောင့်နှစ်ရာခန့် ရှိနေပြီး လျှပ်စစ်မီးမရသေးသူအရေအတွက်ဟာ ရပြီးသူများထက် များပြားနေတာဖြစ်ပါတယ်။

ဖြိုးထက်အောင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*