11:47 am
နေပြည်တော် အောက်တိုဘာ (၃၁)
ယခုနှစ်ဇန်နဝါရီလမှအောက်တိုဘာလ(၂၇)ရက်နေ့အထိ (၁၀)လအတွင်း ရန်ကုန်မန္တလေးအမြန်လမ်းမကြီးပေါ်တွင် သတ်မှတ်ထားသည့် အမြန်နှုန်းထက် ကျော်လွန်မောင်းနှင်သည့် ကားအစီးရေ (၁၂၁၇၂)စီးကို ဖမ်းဆီးအရေးယူခဲ့ကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှုးရုံးမှသိရသည်။
“အမြန်နှုန်းတိုင်းစက်တွေကို မိုဘိုင်းပုံစံနဲ့ဖမ်းတာဖြစ်လို့ ဘယ်နားမှာတော့ ဖမ်းတယ် အရှိန်လျော့မယ် ဘယ်နားတော့ မဖမ်းဘူးဆိုပြီးမောင်းလို့မရပါဘူး၊လမ်းတလျှောက်လုံးကို မိုဘိုင်းပုံစံနဲ့ ကားပေါ်စက်တင်ပြီးဖမ်းနေတာပါ”ဟု နေပြည်တော်အမြန်လမ်းမကြီးရဲတပ်ဖွဲ့ရုံးမှ အကြီးတန်းအရာရှိတစ်ဦးကဆိုသည်။
သတ်မှတ်အမြန်နှုန်းထက်ကျော်လွန်မောင်းနှင့်သည့်ကားများမှာ ယခုဖမ်းဆီးရမိသည့်အရေအတွက်ထက် ပိုများနိုင်ပြီး (၂၄)နာရီလုံးဖမ်းဆီးပါက ယခုအရေအတွက်ထက်နှစ်ဆခန့်ပိုနိုင်သည်ဟု အမြန်လမ်းရဲတပ်ဖွဲ့မှတာဝန်ရှိသူကဆိုသည်။
“စက်တွေက သူအလုပ်လုပ်ချိန် အကန့်အသတ်ရှိပါတယ်၊(၂၄)နာရီသာ အချိန်ပြည့်ဖမ်းရင် အများကြီးပိုလာမှာပါ၊အခုဟာက အချိန်ဆိုင်းနဲ့အလှည့်ကျဖမ်းနေတာပါ၊ဒါကလည်း ကားမောင်းသူအပါအဝင်ခဂီးသည်တွေဘေးကင်းဖို့ဖြစ်ပြီး တိတိကျကျလိုက်နာကြစေလိုပါတယ်”ဟု တာဝန်ရှိသူတစ်ဦးကဆိုသည်။
အမြန်လမ်းမကြီးပေါ်တွင် ယာဉ်အမျိုးအစားအလိုက်မောင်းနှင်ရမည့် သတ်မှတ် အရှိန်နှုန်းများကို ကြေညာထားပြီးဖြစ်သည်။အိမ်စီးကားများအတွက် ကီလို(၁၀၀)၊ ခရီးသည် တင်ဘတ်(စ်)များအတွက် ကီလို(၉၀)၊ လိုက်ထရပ်၊ မီနီထရပ်နှင့်ကုန်တင်ယာဉ်များအားလုံး ကီလို(၆၀)အောက်သာမောင်းနှင်ကြရမည်ဖြစ်သည်။
သတ်မှတ် ကီလိုထက် ကျော်လွန်မောင်းနှင်သည့်ယာဉ်များကို သက်ဆိုင်ရာ တိုးဂိတ်ရှိမြို့နယ်တရားရုံးများတွင် ဒါဏ်ငွေ(၅၀၀၀၀)ကျပ်ပေးဆောင်စေရမည်ဖြစ်သည်။
သတ်မှတ်ထားသော အမြန်နှုန်းထက် အများဆုံးကျော်လွန်မောင်းနှင်ကြသည့်ယာဉ်အမျိုးအစားများမှာ အိမ်စီးကားများနှင့်လိုက်ထရပ်ကားများဖြစ်ကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့ရုံးမှသိရသည်။
အောင်ပြည့်စုံ