ပြည်ပမှတင်သွင်းသည့် ဆေးဝါးများအပေါ် အရည်အသွေး စစ်ဆေးမှု လုံးဝလျော့ပေါ့ပေးမည် မဟုတ်

ပြည်ပမှတင်သွင်းသည့် ဆေးဝါးများအပေါ် အရည်အသွေး စစ်ဆေးမှု လုံးဝလျော့ပေါ့ပေးမည် မဟုတ်
October 17, 2017 Asian Fame

11:49 am
ပြည်ပမှတင်သွင်းသည့် ဆေးဝါးများအပေါ် အရည်အသွေး စစ်ဆေးမှု လုံးဝလျော့ပေါ့ပေးမည် မဟုတ်

drug(နေပြည်တော် ၊ အောက်တိုဘာ ၁၇)

ပြည်ပကတင်သွင်း လာတဲ့ဆေးဝါးတွေ အရည်အသွေး ပြည့်ဝခြင်းရှိ/မရှိ စစ်ဆေးခြင်းကို လုံးဝလျော့ပေါ့ပေးမှာ မဟုတ်ဘူးလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောပါတယ်။

ဒီကနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ မင်းလှ မဲဆန္ဒနယ် ကိုယ်စားလှယ် ဒေါက်တာ ဦးသန်းအောင်စိုး မေးမြန်းတဲ့ ပြည်ပကနေ တင်သွင်းတဲ့ ဆေးတွေ တင်သွင်းခွင့်ရဖို့ ကြာမြင့်ချိန် လျော့နည်းအောင် ဆောင်ရွက်ပေးနိုင်မှုရှိ/ မရှိ မေးခွန်းအပေါ် ၀န်ကြီးက အခုလိုပြောကြား ခဲ့တာဖြစ်ပါတယ်။

မေးခွန်းမေးမြန်းတဲ့ ကိုယ်စားလှယ်က ဆေးဝါးတွေ တင်သွင်းခွင့် ကြာမြင့်တာတွေဖြစ်တဲ့အခါ ဆေးပြတ်ခံလို့ မရတဲ့ ဝေဒနာရှင်တွေဟာ ဆေးတွေကို ဈေးနှုန်းကြီးမြင့်စွာ ၀ယ်ယူသုံးစွဲရကြောင်းဆိုပါတယ်။

ဒီအပေါ်မှာ ပြည်ထောင်စုဝန်ကြီးက “ပြည်ပက တင်သွင်းလာတဲ့ဆေးဝါးတွေ အချိန်ကြာမြင့်မှု မရှိအောင်အချိန်စောအောင် လုပ်မလား ။ ဒါမှမဟုတ် အရေအသွေးပြည့်တဲ့အစားအသောက်နဲ့ဆေးဝါးကိုယူမလား မေးခွန်းရှိပါတယ်။ မြန်အောင်လုပ်လို့ရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့သေချာလုပ်ပါတယ်” လို့ ဆိုပါတယ်။

ကြာတယ်ဆိုတဲ့ ကိစ္စဟာလည်း ဆေးဝါးကုမ္ပဏီတွေက တင်ပြတဲ့အခါလိုအပ်တဲ့စာရွက်စာတမ်းမစုံမလင်ဖြစ်တာတွေကြောင့်ကြာရတာဖြစ်တယ်လို့ ၀န်ကြီးကဆိုပါတယ်။

လက်ရှိမှာ ဆေးဝါးအသစ်ဆိုရင် မှတ်ပုံတင်ဖို့ အချိန် ၉လကြာပြီး သက်တမ်းတိုးဖို့ အချိန် ၃ လကြာတယ်လို့ သိရပါတယ်။

“စာရွက်စာတမ်းတွေမပြည့်စုံလို့သာကြာခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ဘက်က တင်းတင်းကြပ်ကြပ် ကိုင်ပါတယ် ။ ဘာလို့လဲဆိုတော့ တစ်ခုခုဖြစ်ရင်ကျွန်တော့တို့ဆီမှာ တာဝန်ကြီးပါတယ်။ ကျွန်တော်တို့ဘက်က လုံးဝမလျော့ပါဘူး။ ပြည်သူတွေ ဒုက္ခရောက်မှာစိုးလို့ပါ” လို့ ပြည်ထောင်စုဝန်ကြီး ကထပ်လောင်းဆိုပါတယ်။

ဆက်လက်ပြီး ဒေါက်တာ ဦးသန်းအောင်စိုး မေးမြန်းထားတဲ့ မြန်မာနိုင်ငံမှာ အစားအသောက် စစ်ဆေးခြင်းအတွက် အယူခံဓာတ်ခွဲခန်း သတ်မှတ် ဖွင့်လှစ်ထားခြင်း ရှိ၊ မရှိမေးခွန်းနဲ့ပတ်သတ်လို့ ၀န်ကြီးက
မြန်မာနိုင်ငံမှာ အစားအသောက်နဲ့ဆေးဝါးစစ်ဆေးဖို့ ဓါတ်ခွဲခန်း ၁၈ ခုရှိကြောင်း ဆိုပါတယ်။

ဝန်ကြီးဌာနအနေနဲ့ ရန်ကုန် ၊ မန္တလေး ၊ နေပြည်တော် တို့မှာ တစ်ခုစီရှိကြောင်း ၊ အမျိုသားကျန်းမာရေးဓါတ်ခွဲခန်း ၊ လုပ်ငန်းခွင်ကျန်းမာရေးဓါတ်ခွဲခန်း ၊ တက္ကသိုလ်သုတေသနဓါတ်ခွဲခန်း ၊ အမျိုးသားစံချိန်စံညွှန်းအရေးအသွေးဓါတ်ခွဲခန်းစသဖြင့် ဖြစ်ကြောင်း ၊ ဒါ့အပြင် စီးပွားကူးသန်းဝန်ကြီးဌာန ၊ သယံဇာတ၀န်ကြီးဌာန တို့မှာလည်းရှိကြောင်း ဒီဓါတ်ခွဲခန်းတွေဟာ တစ်ခုနဲ့တစ်ခု အားသာချက်တွေရှိကြောင်း ၀န်ကြီးကဆိုပါတယ်။

အစားအသောက်နမူနာတွေကိုစစ်ဆေးလို့ ပြဿနာတစ်စုံတစ်ရာပေါ်ပေါက်ခဲ့ရင်၊ ကာယကံရှင်ကမကျေနပ်လို့ရင် မြန်မာနိုင်ငံအစားအသောက်ဆေးဝါးအာဏာပိုင်အဖွဲ့ ရဲ့ အမိန့်ကြော်ညာစာနဲ့ ဒီဓါတ်ခွဲခန်း ၁၈ ခုထဲကတစ်ခုမှာပြန်စစ်ဆေးလို့ရတယ်လို့ ပြည်ထောင်စုဝန်ကြီးက မေးခွန်းအပေါ်ဖြေကြားခဲ့ပါတယ်။

ဒေါက်တာသန်းအောင်စိုးမေးမြန်းထားတဲ့ တရားဝင် တင်သွင်းတဲ့ဆေးဝါးတွေရဲ့ စံချိန်စံညွှန်းနဲ့အာနိသင်လျော့နည်းခြင်းတွေ တွေ့ရှိရင် မည်ကဲ့သို့ အရေးယူခြင်း၊ ပြည်ပ ကုမ္ပဏီတွေကို တရားစွဲဆိုခြင်းတွေ ရှိ၊ မရှိမေးခွန်းကိုလည်း ၀န်ကြီးကထပ်မံဖြေကြားခဲ့ပါတယ်။

အလားတူကိစ္စမျိုးဖြစ်ခဲ့ရင် ဈေးကွက်ကရုပ်သိမ်းခြင်း မှတ်ပုံတင်သက်တမ်းတိုးငြင်းပယ်ခြင်း ပြည်ပကုမ္ပဏီကိုအကြောင်းကြားပြီးတင်သွင်းခွင့်ပိတ်ခြင်း စတာတွေဆောင်ရွက်တယ်လို့ ၀န်ကြီးကဆိုပါတယ်။

ဒီလိုကိစ္စမျိုးတွေဖြစ်ခဲ့လို့ အရေးယူခဲ့တဲ့ ဆေးဝါး ၂၀၁၆ ခုနှစ်အတွင်းမှာ ၈ မျိုးရှိခဲ့တယ်လို့ သူကထပ်လောင်းဆိုပါတယ်။

ဒီဆေးတွေကတော့ အိန္ဒိယ ၊ ကိုရီးယား ၊ တရုတ် စတဲ့နိုင်ငံတွေကတင်သွင်းတဲ့ဆေးဖြစ်ပြီး ပြည်တွင်းမှာလည်း ပိတ်ပင်အရေးယူခဲ့တဲ့ဆေးဝါး ၉၉ မျိုးရှိတယ်လို့ သိရပါတယ်။

YL ၊SLM

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*