ဆိုမာလီယာ၏ အဆိုးဆုံးအကြမ်းဖက်လုပ်ရပ် မိုဂါဒစ်ရှူး ထရပ်ကားဗုံး လူ၅၀၀ခန့်  သေကျေဒဏ်ရာရ
ဆိုမာလီယာ၏ အဆိုးဆုံးအကြမ်းဖက်လုပ်ရပ် မိုဂါဒစ်ရှူး ထရပ်ကားဗုံး လူ၅၀၀ခန့်  သေကျေဒဏ်ရာရ
October 17, 2017 Fame Asian
2:54 pm
ဆိုမာလီယာ၏ အဆိုးဆုံးအကြမ်းဖက်လုပ်ရပ် မိုဂါဒစ်ရှူး ထရပ်ကားဗုံး လူ၅၀၀ခန့်  သေကျေဒဏ်ရာရ
22548828_1575399095837383_7038089791768678657_o
သတင်း – ဂျေဆန်ဘာခ့် (အာဖရိကသတင်းထောက်)
စနေနေ့ ကဖြစ်ပွါးခဲ့သောဖြစ်ရပ်တွင်၊ ကီလိုဂရမ်ရာချီ၍လေးသော စစ်သုံးအဆင့်နှင့် လက်လုပ်အဆင့်ဖေါက်ခွဲရေးပစ္စည်းများတင်ဆောင်ထားသည့် ထရပ်ကားတစ်စီး ပါဝင် ခဲ့သည်။ အဆိုပါဖြစ်ရပ်တွင် သေဆုံးသူဦးရေမှာ တနင်္ဂနွေနေ့ အထိ ၂၇၆ဦး ရှိကြောင်း အေပီသတင်းဌာနက ပြောကြားခဲ့သည်။ (တနင်္လာနေ့ နံနက်တွင် ဆိုမာလီ ပြန်ကြားရေး ၀န်ကြီးက သေဆုံးသူ ၂၇၆ဦး၊ ဒဏ်ရာရသူအနည်းဆုံး ၃၀၀ ရှိကြောင်းကြေငြာခဲ့သည်။ သည်အာမင်း အရေးပေါ်သူနာပြုအဖွဲ့ ၏ဒါရိုက်တာဖြစ်သူ အက်ဘ်ဒီကာဒီ အက်ဘ်ဒီရာမန် ကမူ ပေါက်ကွဲမှုအတွင်း လူ၃၀၀ သေဆုံးရကြောင်း၎င်းတို့ အဖွဲ့ အစည်းလုပ်ငန်းမှ အတည်ပြုသည်ဟု ပြောကြားခဲ့သည်။) သို့ ရာတွင် မြို့ လယ်၌် မီတာရာပေါင်းများစွာက ပြန့် ကျဲသွားသည့် အပျက်အစီးများမှ အလောင်းများ နောက်ထပ်တူးဖေါ်ရရှိသဖြင့် သေဆုံးသူအရေအတွက်မှာ ထို့ ထက်ပို၍ တိုးလာစရာရှိပေသည်။
မြေပေါ်ရှိ ကယ်ဆယ်ရေးလုပ်သားများအဆိုအရ ပေါက်ကွဲမှုကြီးမှ ထွက်ပေါ် လာသော ပြင်းအားကြီးအပူရှိန်ကြောင့် သေဆုံးသူများစွာ၏ ကြွင်းကျန်သော ရုပ်အပိုင်းအစများအား ရှာမတွေ့ နိုင်တော့ပြီဖြစ်သောကြောင့် သေဆုံးသူဦးရေကို အတိအကျသတ်မှတ်ရန် ခဲယဉ်းပေသည်။
ဆိုမာလီယာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် မိုက်ကယ်ကီတင်က ဤလုပ်ရပ်ကို အလွန်စက်ဆုပ်ဘွယ်ရာ လုပ်ရပ်ဟု ဆိုခဲ့သည်။
ဆိုမာလီယာနိုင်ငံဆိုင်ရာ အမေရိကန်မစ်ရှင် (သံတမန်အသိုင်းအ၀ိုင်း) ကလည်း “ဤသူရဲဘောကြောင်သော လုပ်ရပ်သည် ဆိုမာလီယာနိုင်ငံနှင့် အာဖရိကန်ယူနီယံ အပေါင်းအပါနိုင်ငံများက  အကြမ်းဖက်မှုကိုဆန့် ကျင်နှိမ်နင်းနေခြင်းအပေါ် အမေရိကန်က အားပေးကူညီနေခြင်းကို ပိုမိုအားတက်စေရာရောက်သည်”  ဟုဆိုသည်။
(အမေရိကန်သမ္မတ)ထရမ့်ပ်အစိုးရအဖွဲ့ နှင့် မကြာမီက ရွေးကောက်တင်မြှောက်ခံ ဆိုမာလီယာသမ္မတ တို့ က အာလ်ရှာဘာ့ဘ်အဖွဲ့ အစည်းအပေါ် စစ်ရေးအရ ထပ်မံ နှိပ်ကွပ်ရန် ကြေငြာခဲ့ကြပြီးနောက် ၄င်းအဖွဲ့ အစည်းက ယခုနှစ်အတွင်း အကြမ်းဖက် တိုက်ခိုက်မှုများကို တိုးမြှင့်ရန် ကျိန်ဆိုခဲ့ကြသည်။
တနင်္ဂနွေနေ့ က မိုဂါဒစ်ရှူး၌ ထောင်ပေါင်းများစွာသော လူများက သွေးလှူရန် တန်းစီ စောင့်ဆိုင်းနေကြချိန်တွင် ဆရာဝန်များက ပြင်းထန်စွာ ဒဏ်ရာရထားသူပေါင်း များစွာကို ကြိုးစားပမ်းစား ကုသကြရသည်။
ကယ်ဆယ်ရေးလုပ်သားများက တနင်္ဂနွေနေ့ ညည့်နက်ချိန်အထိ အသက်ရှင်ကျန် နေသေးသော ဒဏ်ရာရသူများကို တူးဖေါ်ရှာဖွေနေကြဆဲရှိသည်။ ရာပေါင်းများစွာသော လူအုပ်ကြီးက လမ်းပေါ်ထွက်၍ ဤအကြမ်းဖက်လုပ်ရပ်ကို ဆန့် ကျင်ကြောင်း ဆန္ဒပြခဲ့ ကြသည်။
မိုဂါဒစ်ရှူးမြို့ ကြီးသည် လတ်တလောနှစ်များအတွင်း ဗုံးခွဲတိုက်ခိုက်မှုများစွာကို ခံရခဲ့ပြီး ဖြစ်သည်။ သို့ သော်၊ ယခုဖြစ်ခဲ့သည့် အကြမ်းဖက်လုပ်ရပ်လောက် ပြင်းထန် ဆိုးရွား အသေအပျောက်များခြင်း မရှိခဲ့ပေ။
ဆိုမာလီယာ နိုင်ငံခြားရေးဝန်ကြီးဌာနကို ပစ်မှတ်ထားသည်ဟု ယူဆရသော ဤဗုံးကို ထရပ်ကားတစ်စီးအတွင်း သိုဝှက်ထားခဲ့ပြီး လူထူထပ်သော လမ်းပေါ်ရှိ ဟိုတယ်တစ်ခုအနီး ပေါက်ကွဲခဲ့ခြင်းဖြစ်ကာ ၄င်းအဆောက်အဦနှင့်တကွ အခြား အဆောက်အဦများစွာကို ပြိုကျပျက်စီးစေခဲ့သည်။
ဆိုမာလီအစိုးရနှင့်နီးစပ်ရာ အသိုင်းအ၀န်းမှလာသော သတင်းများအရ အဆိုပါ ထရပ်ကားကို စစ်ဆေးရေးဂိတ်၌ ရပ်ဆိုင်းခံထားရကြောင်း၊ ကားကို ရှာဖွေစစ်ဆေးခါနီးတွင် ကားမောင်းသမားက ရုတ်တရက်စက်နှိုးအရှိန်တင်ကာ အကာအရံတခုကို ချိုးဖျက် ဖြတ်သန်းပြီးနောက် ပေါက်ကွဲခဲ့ကြောင်း၊ ထိုလုပ်ရပ်ကြောင့် အနီးတွင် ရပ်ထားသော လောင်စာတင်ကားတစီးကို မီးထလောင်စေခဲ့ပြီး အဆမတန်ကြီးမားသော မီးလုံး မီးတောက်ကြီး ဖြစ်စေခဲ့ကြောင်း ဆို၏။
တနင်္ဂနွေနေ့ လယ်တွင် လူနာတင်ယာဉ်များ၏ ဥသြသံများက မြို့ တော်အတွင်း ပဲ့တင် ထပ်လျက်ရှိပြီး၊ မှင်သက်မိနေသော မိသားစုများမှာ အကျိုးအပဲ့ပုံများနှင့် ကားပျက် များကြား လျှောက်သွားကာ ပျောက်ဆုံးနေသော သားချင်းဆွေမျိုးများကို ရှာဖွေလျက် ရှိခဲ့ကြသည်။ လူအများမှာ အပျက်အစီးပုံများအတွင်း လက်ဗလာဖြင့်တူးဖေါ်နေကြကာ၊ ရုပ်အလောင်း များကို စောင်များဖြင့် ဖြစ်သလိုလုပ်ထားရသော ထမ်းစင်များနှင့် သယ်ကြရသည်။
“မိုဂါဒစ်ရှူးမှာ ပထမဆုံး တုန့် ပြန်လုပ်ဆောင်ပေးရတဲ့ အဖွဲ့ အနေနဲ့ အတွေ့ အကြုံ ဆယ်နှစ် ရှိပါပြီ၊ ကျွန်တော်တို့ ဒါမျိုး တစ်ခါမှ မကြုံဘူးသေးပါဘူး” ဟု သည်အာမင်း အရေးပေါ်သူနာပြုအဖွဲ့ က လူမှုကွန်ယက်တခုဖြစ်သော တွစ်တာတွင် ဖေါ်ပြခဲ့သည်။
အကြမ်းဖက်မှုတွင် ခင်ပွန်းဖြစ်သူသေဆုံးခဲ့ရသော၊ ကလေး လေးယောက်မိခင် ဇိုင်နာ့ရှာရစ်ဖ်က “ဘာမှမပြောနိုင်တော့ဘူး။ ဘာမှကို မရှိတော့ဘူး။” ဟုဆိုသည်။ သူမသည် သွေးကြောဒဏ်ရာရခင်ပွန်းသည်အား ကယ်တင်ရန် ဆရာဝန်များက နာရီပေါင်းများစွာကြာအောင် လုံးပမ်းပြီးနောက် သေဆုံးသွားကြောင်း ကြေငြာလိုက်သည့် ဆေးရုံတစ်ခုအပြင်တွင် ထိုင်နေခဲ့သည်။
သားဖြစ်သူသေဆုံးခဲ့ရသော အသက် ၃၆နှစ်အရွယ် မူနာဟာ့ဂ်ျဆိုသူက “ ဒီနေ့  ကျွန်တော်ချစ်ရတဲ့ သားကို ဆုံးရှုံးရတယ်၊ ညှင်းပန်းနှိပ်စက်သူတွေက ကျွန်တော့်သား အသက်ကိုယူသွားပါပြီ။ ကျွန်တော်သူတို့ ကို မုန်းတယ်။ ဒီ စိတ်ထိခိုက်စရာ ပေါက်ကွဲမှုကြီးမှာ ချစ်ရတဲ့သူတွေ သေဆုံးသွားရတဲ့ မိသားစုတွေကို အလာဟ်က စိတ်ရှည်သည်းခံနိုင်မှု ပေးတော်မူပါ။ တစ်နေ့ မှာ အလာဟ်က ဒီ ဆိုးယုတ်လှတဲ့လုပ်ရပ်ကို ဖန်တီးသူတွေအပေါ်မှာ သူ့ ရဲ့ တရားစီရင်မှု ဆောင်ကျဉ်းလာပါစေလို့ ဆုတောင်းပါတယ်။” ဟု ပြောခဲ့သည်။
ဒေသတွင်း စီးပွားရေးသမားတစ်ဦးဖြစ်သူ အလီနူး အဘ်ဒီက “ဒီကိစ္စနဲ့ ပတ်သက်လို့  ကြံ့ကြံ့ခံနိုင်စရာဘာမှမရှိဘူး။ လူတွေ ရာပေါင်းများစွားအသတ်ခံလိုက်ရတဲ့အချိန်မှာ ‘ငါတို့  ကြံ့ကြံ့ခံနိုင်စွမ်း ရှိတယ်ကွ’ လို့ ခင်ဗျား ဘယ်လိုလုပ်ပြောနိုင်တော့မလဲ။ ကျွန်တော်တို့  စုပေါင်းလုပ်ဆောင်ကြဘို့ လိုပြီး ဒီရူးသွပ်မှုကြီးအတွက် အဖြေရှာဘို့ လိုပါတယ်။” ဟု သူကဆိုသည်။
ဆိုမာလီသမ္မတ မိုဟာမက် အဗ္ဗဒူလာဟီ မိုဟာမက်က နိုင်ငံတ၀ှန်းဝမ်းနည်းကြောင်း အထိမ်းအမှတ် သုံးရက် ကြေငြာပေးခဲ့ပြီး ဆေးရုံများက ဒဏ်ရာရသူများအတွက် သွေးလှူဒါန်းရန် တောင်းခံကြခြင်းကို တုန့် ပြန်နေသည့် ထောင်ပေါင်းများစွာသော လူများနှင့်အတူပူးပေါင်းပါဝင်ခဲ့သည်။ ၄င်းက “ဆိုမာလီ ပြည်သူအပေါင်းတို့  လာရောက် လှူဒါန်းကြရန် မေတ္တာရပ်ခံပါတယ်” ဟု ပြောကြားခဲ့သည်။
ဖေဖေါ်ဝါရီလက အာဏာရခဲ့သော မိုဟာမက်က အာလ်ရှာဘာ့ဘ် အဖွဲ့ အစည်းကို တိုင်းပြည်မှ ရှင်းထုတ်မည်ဟု ကျိန်ဆိုခဲ့ပြီးဖြစ်သည်။ သူသည် အမေရိကန်ကကူညီနေသည့် အရှိန်အဟုန်တိုးမြှင့်တိုက်ခိုက်နှိမ်နင်းမှုကို တောင့်ခံထားသည့် သောင်းကျန်းသူများအရေး၊ ငတ်မွတ်ခေါင်းပါးမှုအရေး တို့ နှင့်အတူ ကြီးမားသော ပြဿနာများနှင့် ရင်ဆိုင်နေရသည်။
မက်ဒီနာဆေးရုံ၏ ညွှန်ကြားရေးမှူး ဒေါက်တာမိုဟာမက်က သူ၏၀န်ထမ်းများမှာ သေဆုံးသူများရော၊ ဒဏ်ရာရသူများကြောင့်ပါ အလွန်အမင်းခံစားနေကြရပြီ ဟုဆိုသည်။
၎င်းက ဒါဟာ သိပ်ဆိုးရွား ကြောက်စရာကောင်းလှပါတယ်။ အရင်တုန်းက ဖြစ်ခဲ့သမျှတွေနဲ့  တူကိုမတူပါဘူး ဟုဆိုသည်။
၂၀၁၁ခုနှစ်မှစ၍ အယ်လ်ခိုင်ဒါအဖွဲ့ ၏ မိတ်ဘက်ဖြစ်ခဲ့သော အယ်လ်ရှာဘာ့ဘ် အဖွဲ့ သည် ယခုအကြမ်းဘက်တိုက်ခိုက်မှုကို ၄င်းတို့ ၏ လက်ချက်ဖြစ်ကြောင်း ထုတ်ဖေါ်မပြော သေးပေ။
သို့ သော်၊ ၄င်းတို့ ၏သမိုင်းတွင် မိုဂါဒစ်ရှူးတွင် အရပ်ဘက်အဖွဲ့ အစည်းများကို ပစ်မှတ် ထားကာ ဗုံးခွဲ တိုက်ခိုက်ခဲ့သော လုပ်ရပ်များရှိခဲ့ဘူးသည်။ ထို့ အပြင်၊ သာမန် ဆိုမာလီ ပြည်သူများအကြား အကြီးအကျယ်မျက်နှာပျက်ရမည့် လုပ်ရပ်များကို ၄င်းတို့ ၏ လက်ချက်ဟု ၀န်မခံပဲရှောင်လွှဲခဲ့ခြင်းများ ရှိခဲ့သည်။
ဆိုမာလီအစိုးရ၀န်ထမ်းများက အယ်လ်ရှာဘာ့ဘ်အဖွဲ့ သည် ဆိုမာလီပြည်သူများ၊ မိခင်များ၊ ဖခင်များ နှင့် ကလေးများ၏ အသက်ကို လုံးဝဂရုမစိုက် ဟုဆိုသည်။
ဝန်ကြီးချုပ် ဟာဆန်အလီခိုင်ရီက “သူတို့ က မိုဂါဒစ်ရှူးက လူနေအထူထပ်ဆုံးနေရာကို ပစ်မှတ်ထားပြီး အရပ်သားတွေပဲ သတ်ဖြတ်သွားတာ” ဟု ဆိုသည်။
ပြန်ကြားရေးဝန်ကြီး အဘ်ဒီရာမန် အိုမာအိုစမန်က ပေါက်ကွဲမှုသည် ဤမြို့ ၌ ဖြစ်ခဲ့ သမျှတွင် အကြီးဆုံးဖြစ်ကြောင်း၊ စိတ်မကောင်းစရာ နေ့ တစ်နေ့ ဖြစ်ကြောင်း၊ ၄င်းတို့  (အယ်လ်ရှာဘာ့ဘ်အဖွဲ့ ) မည်မျှရက်စက်ကြမ်းကြုတ်သည်ကိုပြခြင်းဖြစ်ကြောင်း၊ ၄င်းတို့  ကို ဆန့် ကျင်တိုက်ခိုက်ရန် မိမိတို့ စည်းလုံးရန်လိုအပ်ကြောင်း ပြောခဲ့သည်။
ဆိုမာလီအစိုးရအဖွဲ့ နှင့်အတူ အလုပ်လုပ်နေသော အနောက်နိုင်ငံမှ ကျွမ်းကျင် ပညာရှင်တစ်ဦးက ဗုံးဖေါက်ခွဲမှုသည် နိုင်ငံခြားရေးဝန်ကြီးရုံးကို ပစ်မှတ်ထားကြောင်း၊ အယ်လ်ရှာဘာ့ဘ်အဖွဲ့ သည် ၄င်းတို့ ၏ဖေါက်ခွဲမှုက ဤမျှလောက် ပျက်စီးစေလိမ့်မည်ဟု မျှော်လင့်ထားပုံမရကြောင်း ပြောကြားခဲ့သည်။ ထိုဗုံးသည် လောင်စာသယ်ယာဉ်နားတွင် ပေါက်ကွဲသည်မှာ အလွန့် အလွန်ဆိုးရွားသော ကံကြမ္မာပင်ဖြစ်ကြောင်း ၄င်းက ဆက်ပြောခဲ့သည်။
ထောက်လှမ်းရေးများက စစ်သုံးအဆင့်ရှိ ဖေါက်ခွဲရေးပစ္စည်းများ ရရှိနိုင်သည့် နေရာကို စုံစမ်းကြပေလိမ့်မည်။ သတင်းရပ်ကွက်တစ်ခုက ၄င်းပစ္စည်းများသည် ဝေဖန်မှုများစွာ ခံနေရသော အာဖရိကန်ယူနီယံ ငြိမ်းချမ်းရေးမစ်ရှင် (အမ်မီဆွမ်) ထံမှခိုးယူခံခဲ့ရခြင်း ဖြစ်မည်ဟု ဆိုသည်။ ၄င်းမစ်ရှင်သည် ဆိုမာလီနိုင်ငံအတွင်း တပ်အင်အား ၂၀,၀၀၀ ရှိသည်။
ယခုနှစ်အတွင်း အမေရိကန်စစ်တပ်က ဒရုန်းဖြင့်တိုက်ခိုက်မှုရော အခြားတိုက်ခိုက်မှု များဖြင့် အယ်လ်ရှာဘာ့ဘ်အား တိုက်ခိုက်ခြင်းများကို တိုးမြှင့်ခဲ့သည်။ ထို့ ပြင် ယခုနှစ်ဦးပိုင်းက အမေရိကန်အထူးတပ်ဖွဲ့ ဝင်တစ်ဦးမှာ ဤတိုက်ပွဲများအတွင်း ကျဆုံးခဲ့ရသည်။ ၁၉၉၃ခုနှစ်ကဖြစ်ပွားခဲ့သည့် ဘလက်ဟော့ခ်ဖြစ်ရပ်ပြီးနောက် အာဖရိကတွင် ပထမဆုံးအမေရိကန်တပ်သား ကျဆုံးရမှုဖြစ်သည်။
  • PPWD
Comments (0)
Leave a reply
Your email address will not be published. Required fields are marked *
*