10:51 am

(နေပြည်တော် ၊ အောက်တိုဘာ ၉)
မလေးရှားသို့ calling visa ကျပြီး မသွားတော့သည့် အလုပ်သမား ၅၀၀၀ ပတ်ဝန်းကျင်အတွက် အစားထိုးအလုပ်သမားစေလွှတ်သွားမည်ဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်ကိစ္စနှင့် ပတ်သတ်၍ မလေးရှားနိုင်ငံ အတွင်းဖြစ်ပေါ် လာသော အခြေအနေ တစ်ချို့ကြောင့် မြန်မာလုပ်သားများ မလေးရှားသို့ သွားရောက်ခွင့် ပိတ်ထား ခဲ့ပြီးနောက်ပိုင်း မကြာသေးခင်က အချိန်က Calling Visa ကျပြီး အလုပ်သမားများကို အစိုးရက ပြန်လည်ခွင့်ပြုပေး ခဲ့သည်။
သို့သော် Calling Visa ကျပြီးသားအလုပ်သမား ၈၀၀၀ ခန့်တွင် ၂၀၀၀ ကျော်ခန့်သာ သွားရောက်ခဲ့ပြီး ကျန်အလုပ်သမား များမှာ မသွားရောက်ဖြစ်တော့သည့် အတွက် အဆိုပါ အလုပ်သမားများနေရာတွင် အလုပ်သမား အသစ်ဖြင့် အစားထိုးစေလွှတ်သွားမည်ဖြစ်ကြောင်း မြန်မာပြည်ပ အလုပ်အကိုင် ၀န်ဆောင်မှုလုပ်ငန်းရှင်များအသင်း MOEAF မှသိရသည်။
MOEAF မှ တာဝန်ရှိသူ တစ်ဦးက ” အစိုးရဘက် ကတော့ ခွင့်ပြုပေးလိုက်ပြီ။ ဒီတော့ စုစုပေါင်း အလုပ်သမားက ၅၀၀၀ ကျော်လောက်ရှိမယ်ထင်တယ်။ သူတို့အတွက်ကို မလေးရှားမှာရှိတဲ့ သံရုံးကို Cancellation လုပ်ပြီး အစားထိုးစေလွှတ်ခွင့်တောင်းရမယ်။ ပိတ်ထားတဲ့ကာလကြာသွားတော့ တစ်ချို့က မသွားတော့ဘူး။ တစ်ချို့ကြတော့ အောက်လမ်းက ထွက်တဲ့သူတွေကလည်း ထွက်သွားကြပြီ ” ဟု ဆိုသည်။
ပြီးခဲ့သည့်လပိုင်းကပင် အဆိုပါ calling visa ကျြ့ပီးသားအလုပ်သမား ၈၀၀၀ ခန့်ထဲမှ ပထမ အသုတ်အနေဖြင့် အလုပ်သမားအချို့ကို လွှတ်ခဲ့ပြီဖြစ်သည်။
calling visa ကျပြီးသား အလုပ်သမားများကို မလေးရှားသို့ ပြန်လည်စေလွှတ် ခွင့်ပြုထားသော်လည်း အလုပ်သမား အသစ် သွားရောက်ခြင်းကိုမူ အစိုးရက ယနေ့ထိ ပိတ်ထားဆဲဖြစ်သည်။
မည်သည့်အချိန် တွင်ပြန်လည် ဖွင့်ပေးမည်ဟူသည် ကိုလည်း အစိုးရမှ ယနေ့တိုင် ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။
ရခိုင်ပြည်နယ် အရေး ကိစ္စနှင့် ပတ်သတ်၍ မလေးနိုင်ငံရှိ မြန်မာနိုင်ငံသားများ လုံခြုံရေးအတွက် အထူး သတိပြုနေထိုင်ကြရန် သတိပေးစာကို မြန်မာသံရုံးက ထုတ်ပြန် သတိပေးထားမှု များလည်းရှိခဲ့သည်။
YL