ကချင် နဲ့ ရှမ်းမှာ လူသားချင်း စာနာမှု ဆိုင်ရာ အကူအညီပေးရေး အတွက် သွားလာမှုတွေကို ကန့်သတ်ထားကြောင်း OCHA ဆို

ကချင် နဲ့ ရှမ်းမှာ လူသားချင်း စာနာမှု ဆိုင်ရာ အကူအညီပေးရေး အတွက် သွားလာမှုတွေကို ကန့်သတ်ထားကြောင်း OCHA ဆို
October 3, 2017 Asian Fame

2:05 pm
ကချင် နဲ့ ရှမ်းမှာ လူသားချင်း စာနာမှု ဆိုင်ရာ အကူအညီပေးရေး အတွက် သွားလာမှုတွေကို ကန့်သတ်ထားကြောင်း OCHA ဆို

OCHA(မြစ်ကြီးနား ၊ အောက်တိုဘာ ၃)

ကချင်ပြည်နယ် နဲ့ရှမ်းပြည်နယ် ထဲမှာ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးရေး အတွက် သွားလာမှုတွေကို နိုင်ငံတော် အစိုးရက ယခင်လို ခွင့်ပြုပေးခြင်း မရှိဘူးလို့ မြန်မာနိုင်ငံ အခြေစိုက် ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) က ပြောဆိုလိုက်ပါတယ်။

ကုလသမဂ္ဂ အဖွဲ့အစည်းတွေနဲ့အခြား နိုင်ငံတကာ လူသားချင်း စာနာမှုဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့ အစိုးရ ထိန်းချုပ်မှုအောက်ဒေသ၊အစိုးရ ထိန်းချုပ် မှုပြင်ပရှိ ဒေသတွေ မှာရှိတဲ့ နေရပ်စွန့်ခွာ တိမ်းရှောင်သူတွေနဲ့ ပဋိပက္ခကြောင့် ထိခိုက်ခံစားရတဲ့ အခြားသူတွေကို အကူအညီများပေးနိုင်ဖို့ အဆိုပါ ဒေသတွေထံ သွားလာခွင့်ကို ၂ဝ၁၆ ခုနှစ် မေလအထိ ခွင့်ပြုခဲ့ပေးပေမယ့် အခုချိန်မှာတော့ သွားလာခွင့်မရရှိဘူးလို့ OCHA ကဆိုထားပါတယ်။

အခုလို သွားလာခွင့် မပေးတော့တာ ဟာ ၁၅ လကျော်ကြာမြင့်ခဲ့ပြီလို့ OCHA ကဆိုပါတယ်။

ဒါနဲ့ ပတ်သတ်ပြီး ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် ဗမာတိုင်းရင်းသားရေးရာ ၀န်ကြီး ဦးခင်မောင်မြင့်က “အဲ့လိုကြီး လုံးဝပိတ်ထားတာတော့မဟုတ်ပါဘူး။ လုံခြုံရေး အခြေအနေပေါ် မူတည်ပြီး ခွင့်ပြုပေးတာပါ။ ဘယ်ကိုသွားချင်တယ်ဆိုပြီး လာတင်ပြရင် နယ်လုံဝန်ကြီးကနေ ဒေသရဲ့လုံခြုံရေး အခြေအနေပေါ်မူတည်ပြီး သွားလို့ရတဲ့ဒေသ ကို ခွင့်ပြုပေးပါတယ်။ ပူတာအိုဘက် တွေ စစ်ရှောင် စခန်းတွေကိုသွားခွင့်ပေးထား ပါတယ်။ ပြီးတော့ တစ်ချို့နေရာတွေ ကလည်း ဒီကနေ့မှာ သွားလို့ရပေမယ့် နောက်နေ့မှာ သွားလို့ရချင်မှ ရတော့တာ။ ဆဒုံးဘက်က စစ်ရှောင်စခန်း ၊ ကန်ပိုက်တီဘက်တွေ ။ တစ်ချို့ KIA စိုးမိုးတဲ့နေရာတွေ ” လို့ ပြောပါတယ်။

ဒီလို သွားလာခွင့်ပိတ်ထားတဲ့ကာလအတွင်းမှာလည်း ပြည်တွင်းအစိုးရမဟုတ်သော အဖွဲ့အစည်းတွေ၊ လူထုအခြေ ပြုအဖွဲ့အစည်းတွေဟာ ၄င်းတို့ရဲ့ ကွန်ယက်၊ အဆက်အသွယ်တွေကတစ်ဆင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို ဆက်လက်ပေးအပ်လျက်ရှိပြီး၊ ကုလသမဂ္ဂအနေနဲ့ ထိုဒေသရှိ နေရပ်စွန့်ခွာတိမ်းရှောင်သူတွေနဲ့ ထိခိုက်လွယ်သည့်အခြေအနေရှိ အခြားသူတွေရဲ့အခြေအနေ ကို ဆက်လက်အနီးကပ် စောင့်ကြည့်လျက်ရှိတယ်လို့ OCHA က ဆိုပါတယ်။

အစိုးရအနေနဲ့ ကုလသမဂ္ဂ အဖွဲ့အစည်းတွေ၊ နိုင်ငံတကာမှ အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေ၊ သွားလာလှုပ်ရှားမှုတွေနဲ့ စပ်လျဉ်းပြီး တင်းကြပ်တဲ့ကန့်သတ်မှု အသစ်တွေကို ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း ၊ မြို့တွေ အပြင်ဘက်မှာ ရှိတဲ့ နေရပ်စွန့်ခွာ တိမ်းရှောင်သူစခန်းတွေထံ သွားလာခွင့်ကို ဆက်လက် ခွင့်ပြုပေးခြင်း မရှိတော့ဘဲ၊ ခရီးသွားလာခွင့် ခွင့်ပြုချက်တောင်ခံရာမှာလည်း အချိန်များစွာ ကြာမြင့်တဲ့ လုပ်ငန်းဆောင်ရွက်မှုတွေ ရှိနေတယ်လို့ OCHA ကဆိုထားပါတယ်။

Ye Lwin
Photo – OCHA

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*