4:44 pm
(ရန်ကုန် ၊ စက်တင်ဘာ ၂၆)
အခွန်ဆောင်ဖို့ ပျက်ကွက်သူတွေကို ငွေဒဏ်တပ်အရေးယူတာတွေ လုပ်နေတယ်လို့ ပြည်တွင်း အခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်ကပြောပါတယ်။
လက်ရှိအချိန်အထိတော့ သူတို့တွေကို တရားစွဲဆိုတာမျိုးတွေတော့ မရှိသေးဘူးလို့လည်းသူက ပြောပါတယ်။
လက်ရှိအစိုးရလက်ထက်မှာ အခွန်ရရှိမှုက ယခင်အစိုးရထက်စာရင် သိသိသာသာ ပိုရနေပါတယ်။
ဖုန်းဘေတွေကနေရတဲ့ အခွန်တွေကြောင့် အခုလို ပိုတိုးလာနေသလို၊အခွန်ဆောင်သူတွေ ပိုများသွားတာကြောင့်လည်း ပိုတိုးနေတာလို့ ညွှန်ချုပ်ဆီက သိရပါတယ်။
ပြည်တွင်းအခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က “အခွန်နဲ့ပတ်သက်ပြီးတော့ အခွန်မဆောင်နိုင်တဲ့သူတွေကို နှစ်စဉ်ဒဏ်ရိုက်ပါတယ်၊ အရေးယူတဲ့ ပုဒ်မတွေကတော့ အများကြီးပါ ၊ အခွန်ကြေငြာစာကို မတင်သွင်းရင် ဒဏ်တပ်ရိုက်ခံရတာရှိတယ်၊
လစဉ်အခွန်ဆောင်ရမှာကို အခွန်မဆောင်ရင် ဒဏ်တပ်ရိုက်ခံရတာရှိတယ်၊ ၃လစာအခွန်မပေးရင် ဒဏ်တပ်ရိုက်ခံရတာရှိတယ်၊ နှစ်ချုပ် အစီရင်ခံစာ မတင်သွင်းဘူးဆိုရင် ဒဏ်တပ်ရိုက်တာတွေရှိတယ်၊ အခွန်ပေးသွင်းရမယ့်အချိန် ကျော်သွားရင် ဒဏ်ရိုက်တာတွေ
ဒီလိုမျိုး တွေရှိတယ်”လို့ ဆိုပါတယ်။
စားသောက်ဆိုင်တွေအနေနဲ့လည်း အခွန်ပေးသွင်းဖို့ပျက်ကွက်ရင်ဒဏ်ကြေးပေးဆောင် ရမယ်လို့လည်း သူကထပ်ဆိုပါတယ်။
“စားသောက်ဆိုင်တွေမှာဆိုရင်လည်း အခွန်နဲ့ပတ်သက်ပြီး လိုက်နာရမယ့်အချက်တွေရှိတယ် ၊ အများကြီးပဲ အရေးယူခဲ့တယ် ၊ အခွန်ပေးဖို့ ၁ကြိမ်ပျက်ကွက်တာရှိတယ် ၊ ၂ကြိမ်ပျက်တာရှိတယ် ၊
တချို့ဆို ၃ကြိမ်နဲ့ အထက်ကို ပျက်ကွက်တာရှိတယ် အဲလိုကျရင်အရေးယူ ဒဏ်ရိုက်တယ် ၊ အများကြီးရှိတယ်”လို့လည်းသူကဆိုပါတယ်။
စိုင်းလမင်း