3:06 pm
ရန်ကုန်၊စက်တင်ဘာ ၂၆
အူရီဒူးဖုန်းတာဝါတိုင် သန့်ရှင်းရေးဆောင်ရွက်စဉ် ပဒူကောင်တွေကိုက်လို့ တာဝါတိုင်အင်ဂျင်နီယာ ဝန်ထမ်းတစ်ဦး သေဆုံးမှု မွန်ပြည်နယ်မုဒုံမြို့နယ် မှာဖြစ်ပွားခဲ့ပါတယ်။
စက်တင်ဘာ ၂၄ ရက်နေ့ကဖြစ်ပွားခဲ့တဲ့ အဆိုပါဖြစ်စဉ်မှာ သေဆုံးသူဟာ ဖုန်းတာဝါတိုင်သန့်ရှင်းရေးဆောင်ရွက်နေစဉ် ပဒူအုံကို ပျားအုံဟောင်းထင်ပြီး ဝါးလုံးနဲ့သွားထိုးမိရာမှ ပဒူကောင်တွေအုံလိုက်ထွက်ကိုက်တာကြောင့် အဆိပ်တက်ပြီးသေဆုံးခြင်းဖြစ်တယ်လို့ မုဒုံ မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက ရဲအုပ်အောင်သန်းက ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။အခင်းဖြစ်ပွားခဲ့တဲ့ တာဝါတိုင်ကတော့
မုဒုံမြို့နယ် ကွမ်လှာကျေးရွာမှာရှိတာဖြစ်ပါတယ်။ ဒီတာဝါတိုင်မှာ ပဒူအုံရှိပေမယ့် ကျေးရွာနေပြည်သူတွေကို လိုက်ခံကိုက်ခြင်းမရှိခဲ့ဖူးဘူးလို့ သူကဆိုပါတယ်။
ပဒူကောင်တွေကိုက်ခံရပြီး နောက်မှာ ကာယကံရှင်ကို မုဒုံမြို့  နယ်အုပ်ချုပ်ရေးမှူး နဲ့ တာဝန်ရှိသူတွေက သံဖြူဇရပ်မြို့ ပြည်သူ့ဆေးရုံကို အမြန်ပို့ဆောင်ခဲ့ပေမယ့်လည်း ပဒူအဆိပ်ပြင်းထန်တာကြောင့်နေ့လည်တစ်နာရီလောက်မှာပဲ သေဆုံးခဲ့တယ်လို့သိရပါတယ်။
ပဒူအုံကတော့ လက်ရှိအချိန်ထိ ဖုန်းတာဝါတိုင်မှာ ရှိနေသေးတာကြောင့် တာဝါတိုင်အနီးအနားနေသူတွေကို သတိထား ရှောင်ရှားကြဖို့ နှိုးဆော်ထားတယ်လို့သိရပါတယ်။
ပဒူကောင်တစ်ကောင်ရဲ့ အဆိပ်မှာ (Acetyl-choline) ငါးရာခိုင်နှုန်း ပါဝင်နေလျက်ရှိကာ ဦးနှောက်ဆီကို နာကျင်မှု အချက်ပြသင်္ကေတ ပို့လွှတ်ပြီး လူသေစေနိုင်တဲ့ အထိ အန္တရာယ်ပေးနိုင်တဲ့ အင်းဆက်တစ်မျိုး ဖြစ်ပါတယ်။
သီဟ