ဒုတိယသမ္မတ ဦးမြင့်ဆွေ မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များနှင့် ဒသမအကြိမ် ပုံမှန်တွေ့ဆုံ ဆွေးနွေးပွဲအခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြား

ဒုတိယသမ္မတ ဦးမြင့်ဆွေ မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များနှင့် ဒသမအကြိမ် ပုံမှန်တွေ့ဆုံ ဆွေးနွေးပွဲအခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြား
September 25, 2017 Asian Fame

10:31 am
ဒုတိယသမ္မတ ဦးမြင့်ဆွေ မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များနှင့် ဒသမအကြိမ် ပုံမှန်တွေ့ဆုံ ဆွေးနွေးပွဲအခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြား

Meeting(ရန်ကုန်၊ စက်တင်ဘာ ၂၃)

ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကော်မတီသည် မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များနှင့် ဒသမ အကြိမ် ပုံမှန်တွေ့ဆုံပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် အစည်းအဝေးခန်းမ၌ကျင်းပရာ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေ တက်ရောက် အမှာစကား ပြောကြားသည်။

]တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာဖေမြင့်၊ ဦးခင်မောင်ချို၊ ဒေါက်တာသန်းမြင့်နှင့် ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဒုတိယ၀န်ကြီးများဖြစ်ကြသည့် ဦးအောင်ထူး၊ ဦးဝင်းမော်ထွန်းနှင့် ဦးမောင်မောင်ဝင်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံ စက်မှုကုန်ထုတ်လုပ်သူများအသင်း၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံ စာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်း၊ မြန်မာနိုင်ငံပရိဘောဂစက်မှုလက်မှုအသင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

21764928_1555755551135071_455116106035554900_nပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီအစည်းအဝေးကို နှစ်လလျှင် တစ်ကြိမ် ကျင်းပခဲ့ရာ စုစုပေါင်း ၄ ကြိမ်ရှိပြီဖြစ်ပြီး မဏ္ဍိုင် ၅ ရပ်ကို တာဝန်ယူ ဆောင်ရွက်ကြသည့် သက်ဆိုင်ရာလုပ်ငန်းကော်မတီများ ၏အစည်းအဝေးများကို တစ်လ လျှင်တစ်ကြိမ် ကျင်းပခဲ့ရာ စုစုပေါင်း ၄၆ ကြိမ်ရှိပြီ ဖြစ်ပါကြောင်း၊ လုပ်ငန်း ကော်မတီများမှ တာဝန်ရှိသူများအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့သွားရောက်၍ လုပ်ငန်းရှင်များ တွေ့ကြုံနေရသည့် အခက်အခဲများကို တွေ့ဆုံဖြေရှင်း ဆောင်ရွက်ပေးလျက် ရှိပါ ကြောင်း၊ ပုဂ္ဂလိကအခန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို လက်တွေ့ နယ်ပယ်တွင် ပိုမို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်လျှက်ရှိပါကြောင်း၊ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုအနေဖြင့် ယခုနှစ် သြဂုတ်လကုန်အထိ အမေရိကန်ဒေါ်လာ ၃ ဒသမ ၉ ဘီလီယံခန့်ရှိပြီး ယခင်နှစ် ကာလတူတွင် အမေရိကန်ဒေါ်လာ ၁ ဘီလီယံနီးပါး သာရှိသဖြင့် နှိုင်းယှဉ်ပါက ယခင်နှစ်ထက် ၂ ဒဿမ ၉ ဘီလီယံခန့် တိုးတက်လာသည်ကို တွေ့မြင်ကြရမည်ဖြစ်ပါကြောင်း၊

ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်ဖွံ့ဖြိုးပြီး တည်ငြိမ်အေးချမ်းသည့် နေရာဒေသများတွင် ဆောင်ရွက်ရုံမျှမက ဖွံ့ဖြိုးမှုအားနည်းပြီး တည်ငြိမ်အေးချမ်းမှုမရှိသည့် နေရာ ဒေသများတွင်လည်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ သို့မှသာ အဆိုပါဒေသတွင် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိပြီး ၀င်ငွေတိုးလာမည်ဖြစ် ပါကြောင်း၊

ဥပမာအနေဖြင့် ရခိုင်ပြည်နယ် မောင်တော ဒေသ ကညင်ချောင်း ကုန်သွယ်ရေးဇုန် ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် နိုင်ငံတော်အနေဖြင့် ပံ့ပိုးကူညီဆောင်ရွက်နေသကဲ့သို့ သက်ဆိုင်ရာဒေသခံပုဂ္ဂလိက လုပ်ငန်းရှင်များက လည်းရင်းနှီးမြုပ်နှံမှုများထည့်ဝင်ဆောင်ရွက်နေသည်ကိုတွေ့ရှိရပါ ကြောင်း၊

ပြည်တွင်း ပြည်ပရင်းနှီးမြုပ်နှံမှုများ ထပ်မံဝင်ရောက်နိုင်ရေးကိုလည်း ၀ိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါ ကြောင်း၊ သို့မှသာဒေသတွင်း တည်ငြိမ်အေးချမ်းရေးအတွက်လည်းများစွာ အထောက်အကူပြုနိုင် မည်ဖြစ်ပါကြောင်း၊ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တစ်နိုင်ငံ လုံးကွက်လပ် မကျန်အောင် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရင်းနှီးမြုပ်နှံမှုဥပဒေကိုပြင်ဆင်ခဲ့ပါကြောင်း၊ ပြည်တွင်းပြည်ပ ရင်းနှီးမြုပ်နှံမှုများ များစွာဝင်ရောက်လာစေရန်အတွက် ရည်ရွယ်၍ အခွန်နှုန်းထားများ ပြောင်းလဲပြင်ဆင်သတ်မှတ်ခဲ့ရာ ဖွံ့ဖြိုးမှုနည်းပါးသည့်ဒေသများ၌ ၇ နှစ်၊ အသင့်အတင့် ဖွံ့ဖြိုးသည့် ဒေသများ၌ ၅ နှစ်နှင့် ဖွံ့ဖြိုးပြီးသည့်ဒေသများ၌ ၃ နှစ် အခွန်ကောက်ခံမှု ကင်းလွတ်ခွင့်ပေးထားပါကြောင်း၊ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ရာတွင် တစ်နိုင်ငံလုံးအချိုးညီညီ မျှမျှတတ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍတို့ ပိုမိုပူးပေါင်းဆောင်ရွက်သွားရန် လိုအပ် မည်ဖြစ်ပါကြောင်း၊

21762244_1555756541134972_3202397241928958593_n

ယနေ့ တွေ့ဆုံဆွေးနွေးပွဲတွင် ဆွေးနွေးမည့်ကဏ္ဍများနှင့် သက်ဆိုင်သည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ၀န်ကြီးများနှင့် လုပ်ငန်းကော်မတီများမှတာဝန်ရှိသူများ တက်ရောက်လျှက်ရှိရာ ကဏ္ဍအလိုက် ဆွေးနွေးမည့်သူများအနေဖြင့် ပုဂ္ဂလိကတစ်ဦးချင်း အခက်အခဲများကို ဦးစားပေးဆွေးနွေးခြင်းထက် အဖွဲ့အစည်း၊ အသင်းအဖွဲ့တစ်ခုလုံးကို ကိုယ်စားပြု၍ ထိရောက်စွာ ဆွေးနွေးကြရန် လိုအပ်မည်ဖြစ်ပါ ကြောင်း ပြောကြားသည်။

ထို့နောက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုနှင့် တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း တို့က ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍအလိုက်လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စပ်လျဉ်း၍ အကြံပြုဆွေးနွေးတင်ပြပြီး မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်း၊ မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများအသင်း၊ မြန်မာနိုင်ငံပရိဘောဂစက်မှု လက်မှုအသင်း၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ စစ်ကိုင်းတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်း ဆွေးနွေးတင်ပြကြရာ ဒုတိယသမ္မတ၊ ပြည်ထောင်စုဝန်ကြီးများ ၊ ဒုတိယ၀န်ကြီးများနှင့် တာဝန်ရှိသူများ က ပေါင်းစပ်ညှိနှိုင်းဖြေရှင်းပေးကြသည်။

မြန်မာနိုင်ငံစာပေထုတ်ဝေသူနှင့်ဖြန့်ချိသူများအသင်း ဥက္ကဋ္ဌ ဒေါက်တာသာထွန်းဦး စာပေထုတ်ဝေမှုနှင့်ဖြန့်ချိမှုကဏ္ဍ နှင့်ပတ်သက်၍ အောက်ပါအတိုင်းတင်ပြဆွေးနွေးခဲ့ကြောင်းသိရသည်။

– မြန်မာ့စာဖတ်ပရိတ်သတ်များအကြား Social Media အသုံးပြုမှု ပျံ့နှံ့လာမှုကြောင့် စာပေဖတ်ရှုမှုများ နည်းပါးလာသည့်အတွက် နိုင်ငံတကာတွင် အားပေးလုပ်ဆောင်နေသကဲ့သို့ အစိုးရမှ အားပေး ထောက်ပံမှုများ ပြုလုပ်ပေးပါရန်

– စာပေလောကတွင် တွေ့ကြုံနေရသော မူပိုင်ခွင့်ဆိုင်ရာ ပြဿနာများအား ဖြေရှင်းပေးရန်

– စာအုပ်တန်ဖိုးများ လျော့နည်းသက်သာမှ စာပေဖတ်ရှုသူများ တိုးပွားလာနိုင်မည်ဖြစ်၍ စာအုပ်များ ရောင်းချမှု၊ တင်ပို့မှုများပြုလုပ်ရာတွင် ကုန်သွယ်ခွန် အခွန်အခများကို ကင်းလွတ် (သို့) လျော့ချမှုများ ပြုပေးရန်

– နယ်စာဖတ်ပရိသတ်များအတွက် စာတိုက်များမှ တစ်ဆင့် စာအုပ်များကို ပို့ဆောင်ခ သက်သာစွာဖြင့် လွယ်ကူစွာ တင်ပို့နိုင်အောင် ဆောင်ရွက်ပေးပါရန် တင်ပြခဲ့သည်။

ယင်းနောက် ဒုတိယသမ္မတ ဦးမြင့်ဆွေက နိဂုံးချုပ် အမှာစကားပြောကြားပြီး တွေ့ဆုံပွဲ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*