၂၀၀၈အခြေခံဥပဒေကိုဖျက်သိမ်းပြီး အသစ်ရေးဆွဲနိုင်ရေးပြည်သူများပါဝင်ကြရန် ရွှေဝါရောင်သံဃာတော်များတိုက်တွန်း

၂၀၀၈အခြေခံဥပဒေကိုဖျက်သိမ်းပြီး အသစ်ရေးဆွဲနိုင်ရေးပြည်သူများပါဝင်ကြရန် ရွှေဝါရောင်သံဃာတော်များတိုက်တွန်း
September 25, 2017 Fame Asian

3:39 pm
၂၀၀၈အခြေခံဥပဒေကိုဖျက်သိမ်းပြီး အသစ်ရေးဆွဲနိုင်ရေးပြည်သူများပါဝင်ကြရန် ရွှေဝါရောင်သံဃာတော်များတိုက်တွန်း

a

မန္တလေး၊စက်တင်ဘာ၂၅

ရွှေဝါရောင်သံဃာ့လှုပ်ရှားမှု ၁၀ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို မန္တလေးမြို့မှာလည်း ဒီနေ့မနက်ပိုင်းက ကျင်းပပြုလုပ်သွားခဲ့ပါတယ်။

ရန်ကုန် နဲ့ မန္တလေး တစ်သီးတစ်သန့်ဆီကျင်းပပြုလုပ်မယ့် အစား ရန်ကုန်မှာပဲ အကျယ်တစ်ဝင့်ကျင်းပပြုလုပ်လိုက် ကြတယ်လို့သိရပြီး မန္တလေးမြို့ရဲ့ ရွှေဝါရောင်လှုပ်ရှားမှု ၁၀ နှစ်ပြည့်အခမ်းအနားကို မနက်ပိုင်း အရုဏ်ဆွမ်း
ကပ်လှူဒါန်းခြင်းအစီအစဉ် နေ့ဆွမ်းကပ်လှူခြင်းအစီအစဉ် အမှတ်တရအထိမ်းအမှတ်မိန့်ကြားခြင်းအစီအစဉ်တွေနဲ့ ကျင်းပပြုလုပ်ခဲ့ကြတာပါ။

b

“လူထုလိုအပ်တဲ့ ဆင်းရဲခြင်းလွတ်ငြိမ်းကြောင်းမှာ လူထုနဲ့ အတူရှိနေမယ်။ ၁၀ နှစ်ပြည့်ကနေ လာမယ့်နှစ်တွေအထိ လူထုနဲ့အတူ ရှိနေမှာပါ။ ဒါကြောင့်မို့လို့လည်း ဒီအခမ်းအ နားတွေလုပ်နေတာပါ” လို့ ဒီနေ့အခမ်းအနားပြုလုပ်ရတဲ့ရည်ရွယ်ချက်တစ်ချို့နဲ့ပတ်သက်ပြီး ရွှေဝါရောင်သံဃာ့ကွန်ရက် အထက်မြန်မာပြည်မှ ဆရာတော်ဦးဇာနေယျာဘိဝံသက ပေါ်ပြူလာနယူးစ်ကိုပြောပါတယ်။

၂၀၀၇ စက်တင်ဘာအစောပိုင်းကဖြစ်ပွားခဲ့တဲ့ ပခုက္ကူမြို့က အာဏာရှင်အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှုဟာရက်ပိုင်းအတွင်းမှာပဲ မြန်မာနိုင်ငံမြိုးကြီးတွေဆီ ကူးစက်ခဲ့ ပြီး စက်တင်ဘာ ၂၅ ရက်မှာတော့ ရန်ကုန်မြို့မှာ အာဏာရှင်ဆန့်ကျင်ရေး သံဃာ့လှုပ်ရှားမှုအသွင်တစ်ရပ် အဖြစ် ရောက်ရှိခဲ့ပါတယ်။

ဒီလှုပ်ရှားမှုမှာ သံဃာတော်တွေအများဆုံးဦးဆောင်ခဲ့တာ ဖြစ်ပြီး နောက်ဆက်တွဲအနေနဲ့တော့ သံဃာတော်တွေကို ဆွမ်းကပ်လှူဒွန်းကြသူတွေအပါအ၀င် ရဟန်းရှင်လူ တော်တော်များများ ဒီမိုကရေစီအရေးအတွက် အသက်ပေးခဲ့ရပါတယ်။

“အခုအချိန်ဟာ မျှော်လင့်ချက်ရဲ့အရုဏ်ဦးကာလလို့ပဲပြော ရမှာပါ ပြည်သူတစ်ရပ်လုံး စည်းစည်းလုံးလုံးညီညီညွတ်ညွတ်နဲ့ ချီတက်ကြမယ်ဆိုရင် လိုချင်တဲ့ပန်းတိုင် မလွဲမသွေရောက်ရမှာပါ ဒါတွေကိုဘုန်း ကြီးတို့က ဘုန်းကြီးတို့တတ်နိုင်တဲ့စကားတွေနဲ့ ပြည်သူကို
အသိပေးနေတာပါ” လို့လည်း ဆရာတော်ကမိန့်ဆိုပါတယ်။

ရွှေဝါရောင်သံဃာတော်တွေရဲ့ စုစည်းညီညွတ်မှုနဲ့ ဘယ်လိုအစိုးရလက်ထက်မှာပဲဖြစ်ဖြစ် ပြည်သူဘက်ကပဲ ရပ်တည်ဆောင်ရွက်သွားမှာလို့သိရပြီး ဒါနဲ့ပတ်သက်လို့ လည်း မန္တလေးမြို့က မြ၀တီဆရာတော်ဦးအရိယာဝံသာဘိဝံသဆရာတော်က “ရွှေဝါရောင်တွေအားကောင်းဖို့လိုတယ် ရွှေဝါရောင်တွေ အားကောင်းမှ အဖျက်အမှောင့်လုပ်နေတဲ့ရဟန်းတွေ ခေါင်းမထောင်နိုင်မှာ ရွှေဝါရောင်သံဃာတွေအနေနဲ့ စုစု စည်းစည်း ညီညီညွတ်ညွတ်နဲ့ တိုင်းပြည်အတွက် လိုအပ် တဲ့အချိန်တိုင်း ပြည်သူဘက်က မားမားရပ်ပေးရမယ်လို့ပဲ
ဘုန်းကြီးကပြောလိုပါတယ်”လို့ ပေါ်ပြူလာနယူးစ်နဲ့တွေ့ဆုံစဉ်မိန့်ပါတယ်။

အခမ်းအနားအပြီးမှာတော့ ရွှေဝါရောင်သံဃာ့ကွန်ရက် အထက်မြန်မာပြည်က ကြေညာချက်တစ်စောင် ထုတ်ပြန် ခဲ့ပြီး အဲဒီကြေညာချက်မှာ

၁။ မျက်မှောက်မြန်မာ့နိုင်ငံရေးဖြစ်စဉ်များအရ အရပ်သား အစိုးရအနေဖြင့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို ကြိုး ပမ်းဆောင်ရွက်လျက်ရှိသော်လည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကြောင့် အကျပ်အတည်းများနှင့်သာ ရင်ဆိုင် ကြုံတွေ့လျက်ရှိနေပြီး စိန်ခေါ်မှုများကို ကျော်လွှားနိုင်ဖို့ ကြိုးစားအားထုတ်နေသည်ကို တွေ့မြင်ရပါသည်။

၂။ ၂၀၀၈ အခြေခံဥပဒေဥပဒေအရ တပ်မတော်၏ အဖက်ဖက်မှလွှမ်းမိုးချုပ်ကိုင်ထားမှုကြောင့် အမျိုးသားပြန် လည်ရင်ကြားစေ့ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးတို့မှာ ပိုမိုအလှမ်းကွာဝေးလာပြီး အထွေထွေအကျပ်အတည်းများဖြင့် ရင်ဆိုင်ကြုံတွေ့ရလျက်ရှိနေပါသည်။

၃။ သို့ဖြစ်ပါ၍ (က) တိုင်းပြည်နှင့်ပြည်သူလူထု၏ အကျိုးစီးပွားကို အစဉ်တစ်စိုက်ရှေ့ရှုဆောင်ရွက်လျက်ရှိသော လက်ရှိပြည်သူ့အစိုးရအနေဖြင့် အမျိုးသားရင်ကြားစေ့ရေး ခိုင်မာစွာဖြစ်ပေါ်လာဖို့အတွက် ပို၍ပြတ်သားသော ပို၍ လက်တွေ့ကျသော အစီအစဉ်သစ်များ
ချမှတ်ဆောင်ရွက် သွားရန် ပြည်သူ့အစိုးရအား ရွှေဝါရောင်သံဃာတော်များ မှ တိုက်တွန်းလိုက်သည်။

(ခ) ပြည်သူ့အကျိုးစီးပွားကို အခြေခံထား၍ တပ်မတော်ဖက်မှ လည်း အခြေခံဥပဒေအသစ်ပြန်လည်ရေးဆွဲနိုင်ရေးအ တွက် နိုင်ငံရေးအရ စေ့စပ်ညှိနှိုင်းမှုကို လက်ခံဆောင်ရွက် သွားရန် တပ်မတော်အား ရွှေဝါရောင်သံဃာတော်များမှ တိုက်တွန်းလိုက်သည်။

(ဂ)၂၀၀၈ အခြေခံဥပဒေကို တစ်နည်းနည်းဖြင့်ဖျက်သိမ်းပြီး အခြေခံဥပဒေအသစ်ပြန် လည်ရေးဆွဲနိုင်ရေးအတွက် ပြည်သူလူထုတစ်ရပ်လုံးမှ နိုင်ငံရေးအသိဖြင့် ပါဝင်ကြိုးပမ်းဆောက်ရွက်သွားရန် ရွှေဝါရောက်သံဃာတော်များမှ တိုက်တွန်းလိုက်ပါသည်။

ဖော်ပြပါတိုက်တွန်းချက်များအား ပြည်သူ့အစိုးရနှင့်တပ်မ တော် တို့မှ ပြည်သူတို့ရင်ဆိုင်ကြုံတွေ့နေရသော အထွေထွေအကျပ်အတည်းများမှ လွတ်မြောက်နိုင်ရေး ရှေးရှုပြီး ရွှေဝါရောင်သံဃာတော်များ၏ တိုက်တွန်းချက် များကို အလေးအနက်ထားအမြန်ဆုံး
ဆောင်ရွက်ကြရန် ထပ်မံတိုက်တွန်းလိုက်သည် လို့ဖော်ပြပါရှိပါတယ်။

၂၀၀၇ စက်တင်ဘာ ၅ ရက်က မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့ကစခဲ့တဲ့ မြန်မာ့ဒီမိုကရေစီအရေးအတွက် သံဃာ့လှုပ်ရှားမှုဟာ စက်တင်ဘာ ၂၅ ရက်နောက်ပိုင်း မှာ နိုင်ငံအနှံ့အပြားပြန့်နှံ့ရောက်ရှိခဲ့ပြီး ရန်ကုန် နဲ့ မန္တလေး အထူးသဖြင့် ရန်ကုန်မြို့မှာ လှုပ်ရှားမှုအရှိန်မြင့်တက်လာ ရာကနေ ရဟန်းရှင်လူသံဃာတွေ ဒီမိုကရေစီအရေးအတွက် အသက်ပေးဆပ်ခဲ့ရပါတယ်။

News by စောထွေး

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*