တနိုင်းလမ်းပိုင်းယနေ့ ပြန်လည်သွားလာလို့ရနေ

တနိုင်းလမ်းပိုင်းယနေ့ ပြန်လည်သွားလာလို့ရနေ
September 25, 2017 Fame Asian

6:20 pm
တနိုင်းလမ်းပိုင်းယနေ့ ပြန်လည်သွားလာလို့ရနေ
 တနိုင်းလမ်းပိုင်း ဒွန်ဘန်တွင် ယာဉ်များရပ်တန့်စောင့်ဆိုင်းနေစဉ်

တနိုင်းလမ်းပိုင်း ဒွန်ဘန်တွင် ယာဉ်များရပ်တန့်စောင့်ဆိုင်းနေစဉ်

တနိုင်း ၊ စက်တင်ဘာ ၂၅

ဆက်ကြေးကောက်မှု ၊ လက်နက်ကြီးပစ်မှုတွေကြောင့် လမ်းပိုင်းပိတ်ဆို့မှုတွေဖြစ်ပွားခဲ့တဲ့ ကချင်ပြည်နယ် တနိုင်းလမ်းပိုင်းဟာ ဒီကနေ့ မှာတော့ ယာဉ်သွားလာမှုတွေ ပြန်လည်ပြုလုပ်နေပြီလို့ သိရပါတယ်။

စက်တင်ဘာ ၂၄ ရက်နေ့ မနေ့ညနေအထိကို ဒီလမ်းပိုင်းထဲက ကွမ်စိုင်ယမ်ကျေးရွာနားမှာ လက်နက်ကြီး ၈ လုံးလောက် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ၊ ကားလမ်းပိုင်းမှာ ဆက်ကြေးကောက်မှု တွေကြောင့် ယာဉ်အစီးရေ ရာကျော်ပိတ်ဆို့ခဲ့တယ်လို့ အဆိုပါဒေသကိုသွားရောက်ခဲ့တဲ့ ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင့်စိုးထံက နေသိရပါတယ်။

ဒီကနေ့ မနက် ၇ နာရီနောက်ပိုင်းမှာတော့အဆိုပါ လမ်းဟာပြန်လည်ပွင့်သွားခဲ့ပြီး ကားအစီးရေ ၂၀၀ လောက် ပြန်လည်ဆင်းလာခဲ့တယ်လို့ ဒေသခံတွေဆီဆက်သွယ်မေးမြန်းမှုတွေအပေါ် ဦးတင့်စိုးရပြန်လည်ပြောကြားပါတယ်။

“လမ်းမှာ ဆက်ကြေးကောက်တာတွေရှိမရှိတော့မသိသေးဘူး။ ဒါပေမဲ့ ဆက်ကြေးကောက်တဲ့အဖွဲ့တွေ ရှိသေးတယ်လို့ သိရတယ်။ ဒီကနေ့တစ်နေ့လုံးကတော့ တိုက်ပွဲဖြစ်တဲ့အသံမကြားမိဘူး။ ပိတ်နေတဲ့ကားတွေဆင်းလာတယ်။ ပြန်တက်သွားတဲ့ကားတွေလည်းရှိတယ်” လို့ ဦးတင့်စိုးကဆိုပါတယ်။

မနေ့ကတော့ ကွမ်စိုင်ယမ်ကျေးရွာထဲကို လက်နက်ကြီးကျမှုတွေကြောင့်အိမ်ထောင်စု ၁၀၀ကျော်နဲ့ လူဦးရေ ၄၀၀ ကျော်လောက်ဟာ တစ်မိုင်ခရီးလောက်ဝေးတဲ့ လ၀ါးကျေးရွာကို ခေတ္တတိမ်းရှောင်သွားခဲ့ပြီးဒီကနေ့အထိ လ၀ါးကျေးရွာက ဘုန်းကြီးကျောင်း ၊ ဘုရားကျောင်းတွေမှာ နေထိုင်နေတယ်လို့ သိရပါတယ်။

လမ်းပိုင်းပြန်ပွင့်နေပေမယ့် တစ်ချို့နေရာတွေမှာ သွားလာဖို့ စောင့်ဆိုင်းရတာတွေရှိသေးတယ်လို့လည်းသိရပါတယ်။

ဒါနဲ့ပတ်သတ်ပြီး လိုင်းပိုင်းပိတ်ဆို့မှုအဓိကဖြစ်ပေါ်ခဲ့တဲ့ လမ်းပိုင်း မန်ပန် ကျေးရွာ ဒေသခံတစ်ဦးကိုဆက်သွယ်မေးမြန်းရာမှာတော့ တိုက်ပွဲဖြစ်မှုတွေဒီကနေ့မရှိကြောင့်နဲ့ လမ်းပိုင်းတွေပြန်ပွင့်သွားပြီဖြစ်ကြောင်း၊ ယာဉ်အစီးရေအနည်းငယ်သာ ကျန်တော့ကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။

ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၂) ဦးဒါရှီလဆိုင်းက “မနေ့ကတော့ အဲ့ဒီဘက်မှာ ဆက်ကြေးကောက်တာနဲ့ ဒီဘက်ကလည်း လမ်းပိုင်းကိုပိတ်လိုက်တယ်။ ဒီကနေ့တော့သွားလာမှုအဆင်ပြေတယ်ကြားပါတယ်” လို့ ပြောပါတယ်။

ယခုဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့ဧရိယာဟာဆိုရင် ယခင်ကားမိုင်းမြို့နယ်ထဲမှာပါရှိတာဖြစ်ပြီး အခုတော့ ဖားကန့်မြို့နယ်ထဲမှာပါရှိနေတာဖြစ်ပါတယ်။ပြီးခဲ့တဲ့ ရက်ပိုင်းတွေကလည်း အဆိုပါဒေသမှာ တပ်မတော်နဲ့ KIA ကြားထိတွေ့တိုက်ပွဲဖြစ်ပွားမှုတွေ မကြာခနဆိုသလိုဖြစ်ပွားခဲ့ပါသေးတယ်။

YL

Photo Credit — Koko Opar FB

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*