“တစ်ပတ်ရစ်ကား(ညာမောင်း)တွေ နိဂုံးချုပ်ချိန်ရောက်ခဲ့ပြီ”

“တစ်ပတ်ရစ်ကား(ညာမောင်း)တွေ နိဂုံးချုပ်ချိန်ရောက်ခဲ့ပြီ”
September 18, 2017 Fame Asian

2:45 pm
“တစ်ပတ်ရစ်ကား(ညာမောင်း)တွေ နိဂုံးချုပ်ချိန်ရောက်ခဲ့ပြီ”

 

graph

ရန်ကုန် ၊ စက်တင်ဘာ ၁၈

၂၀၁၈မော်တော်ယာဉ်တင်သွင်းခွင့်မူဝါဒအသစ်က ရက်ပိုင်းအတွင်းမှာထွက်လာတော့မှာဖြစ်ပြီး မော်တော်ယာဉ် မူဝါဒအသစ်မှာတော့ ဘယ်မောင်းအမျိုးအစားကားတွေကိုဘဲ ဦးစားပေးတင်သွင်းခွင့် ပြုဖို့စီစဉ်နေတာဖြစ်လို့ ညာမောင်းကားတွေတင်သွင်းဖို့ ခက်ခဲပြီးကုန်ကျစာရိတ်ပိုများတဲ့အခြေအနေကို ရောက်သွားပါပြီ။ပြည်တွင်းက အသုံးပြုနေတဲ့ လမ်းစနစ်နဲ့လိုက်လျောညီထွေဖြစ်စေမယ့် ဘယ်မောင်းကားတွေကိုဘဲ လာမယ့်နှစ်မော်တော်ယာဉ်တင်သွင်းခွင့် အတွက်ဦးစားပေးထားလို့ တစ်ပတ်ရစ်(ညာမောင်း)ကားတွေ တင်သွင်းခွင့်က နိဂုံးချုပ်ခဲ့ပြီလို့ ပြောရတော့မှာပါ။

ပြည်တွင်းကားလောကမှာ အသုံးအများဆုံးစကားတစ်ခုရှိပါတယ်။အဲဒါကတော့ “ဂျပန်ကားကွ၊အနှစ်(၂၀) လောက်အေးဆေး”ဆိုတာပါ။ဒါကတော့ ကားအရောင်းအ၀ယ်လုပ်နေသူတိုင်နဲ့ ကားဝယ်စီးကြမယ့်သူတိုင်းလို လို ကြားနေရကျစကားတစ်ခွန်းဖြစ်ပါတယ်။ဒါပေမယ့်လည်း လာမယ့်နှစ်မှာတော့ “ဂျပန်ကားကွ”ဆိုတဲ့စကားကို ကြားရဖို့အခြေအနေမမြင်တော့ပါဘူး။ဘာကြောင့်လဲဆိုရင်ဆယ်စုနှစ်တစ်ခုကြာ ဂျပန်တစ်ပတ်ရစ်ကား (ညာမောင်း)တွေစီးနေကြတဲ့အခြေအနေက လာမယ့်နှစ်ကစပြီးရပ်သွားခဲ့ပြီဖြစ်ပါတယ်။ပြည်တွင်းမှာဘဲ တပ်ဆင်ထုတ်လုပ်ဖို့ ဂျပန်နိုင်ငံက ကားကုမ္မဏီတွေနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေ ညှိနှိုင်းနေကြပြီး တစ်ပတ်ရစ် ညာမောင်းကားတွေအစား ကားအသစ်ဘယ်မောင်းတွေကိုဘဲ ပြည်တွင်းမှာတပ်ဆင်ထုတ်လုပ် ကြတော့မှာဖြစ်ပါတယ်။ဒါကြောင့် ပြည်တွင်းမှာတပ်ဆင်တဲ့ ဘယ်မောင်းကားအသစ်တွေကိုဘဲ လာမယ့်နှစ်တွေမှာ လမ်းတွေပေါ်တွေ့ရဖို့ရှိနေပြီး ဂျပန်ကစီးပြီးသား တစ်ပတ်ရစ်(ညာမောင်း)တွေအတွက်တော့ နိဂုံးချုပ်သွားခဲ့ပါပြီ။

“ဘယ်မောင်းနဲ့ညာမောင်း ဘာတွေကွာခြားသွားမလဲ”

ကားလောကမှာ ပြောနေကြတဲ့ဘယ်မောင်းနဲ့ညာမောင်း ဘာကွာလဲမေးရင်အဖြေကရှင်းရှင်းလေးပါဘဲ။ ကားရဲ့ဘယ်ဖက်မှာမောင်းနှင်ရရင်ဘယ်မောင်းဖြစ်ပြီး၊ညာဖက်မှာမောင်းနှင်ရရင်ညာမောင်းပါ။ဒါပေမယ့် အဲဒီနှစ်ခုရဲ့ အကျိုးသက်ရောက်မှုရှိပုံကတော့ အများကြီးကွာခြားပါတယ်။အဓိကအားဖြင့် တိုင်းပြည်ရဲ့ လမ်းစနစ်ပေါ်မူတည်ပြီး ဘယ်မောင်းကားနဲ့ညာမောင်းကားရဲ့ အကျိုးသက်ရောက်ပုံကကွာခြားပါတယ်။ ပြည်တွင်းမှာ အသုံးပြုနေတဲ့လမ်းစနစ်က လက်ယာကပ်မောင်းဖြစ်ပါတယ်။ကားတွေအားလုံးဟာ လက်ယာဖက် ကပ်မောင်းရတာဖြစ်လို့ ရှေ့ယာဉ်ကိုကျော်တတ်သည်ဖြစ်စေ လမ်းအကွေ့တွေမှာ ဖြစ်စေ ညာမောင်းကားတွေ ထက် ဘယ်မောင်းကားတွေက ပိုပြီးမြင်ကွင်းကိုရှင်းလင်းစွာမြင်တွေ့နိုင်တဲ့အတွက် အန္တရယ်ကင်းနိုင်ပါတယ်။ ဒါကြောင့်မို့လည်း ၂၀၁၅ မော်တော်ယာဉ်ဥပဒေအရ ညာမောင်းကားတွေထက် လမ်းစနစ်နဲ့လိုက်လျောညီထွေ ဖြစ်စေတဲ့ ဘယ်မောင်းကားတွေကိုဘဲတင်သွင်းဖို့ စီစဉ်လာကြတာဖြစ်ပါတယ်။

“လာမယ့်နှစ်ကားဈေးကွက်က ဘယ်လိုဖြစ်လာမလဲ”

အခုလိုမျိုး ပုံမှန်တင်သွင်းနေကြဖြစ်တဲ့ တစ်ပတ်ရစ်ညာမောင်းဂျပန်ကားတွေအစား ဘယ်မောင်းကားအသစ် တွေဦးစားပေးတင်သွင်းခွင့်ပြုမယ့်အခြေအနေမှာ ကားဈေးကွက် ဘယ်လိုဖြစ်မယ်ဆိုတာကို ကားလောကသား တွေအပါအ၀င် တစ်ပိုင်တစ်နိုင်ကားဝယ်စီးသူတွေအားလုံးကစိတ်ဝင်တစားစောင့်ကြည့်နေကြပါတယ်။

ညာမောင်းကားတွေ တင်သွင်းခွင့်ခက်ခဲသွားမှာဖြစ်လို့ ဈေးကွက်အတွင်းမှာရှိနေပြီးသား တစ်ပတ်ရစ် ညာမောင်းကားလေးတွေရဲ့ဈေးနှုန်းက တတ်ရိပ်ပြနေပါတယ်။ဘယ်မောင်းကားတွေကိုသာတင်သွင်းခွင့် ပြုခဲ့မယ်ဆိုရင် ပြည်တွင်းကားဝယ်သူတွေအတွက် ဈေးနှုန်းကြီးမြင့်ပြီး ဆီစားနှုန်းပိုတဲ့ ဥရောပနိုင်ငံထုတ်ကား တွေကိုရွေးချယ်မလား၊တရုတ်နဲ့ကိုရီးယားနိုင်ငံထုတ်ကားတွေကိုရွေးချယ်မလားဆိုတာ စဉ်းစားရမှာပါ။ကားဝယ် စီးမယ့် လူအများစုက ကားတစ်စီးအတွက် သိန်းတစ်ရာဝန်းကျင်သာသုံးစွဲဖို့ဆန္ဒရှိနေကြတာဖြစ်လို့ ဥရောပနိုင်ငံ ထုတ်ဘယ်မောင်းကားတွေ ကိုစီးနင်းဖို့တော့ တိုင်းပြည်ရဲ့ လက်ရှိစီးပွားရေးအခြေအနေနဲ့လူအများစုအတွက် လက်လှမ်းမမီသေးတာကို တွေ့ရမှာပါ။တရုတ်နဲ့ကိုရီးယားနိုင်ငံထုတ် ဘယ်မောင်းကားတွေကိုရွေးချယ်ဝယ်ယူ နိုင်တယ်ဆိုပေမယ့်လဲအဲဒီကားတွေရဲ့ ဈေးနှုန်းက အိမ်စီးကားတွေဆိုရင် တစ်စီးကိုသိန်းနှစ်ရာဝန်းကျင်ကနေ စတင်တာဖြစ်ပါတယ်။ဒါကြောင့် လက်ရှိဈေးကွက်ထဲမှာရှိပြီးသား ညာမောင်းကားတွေရဲ့ဈေးနှုန်းက ကားအမျိုးအစားနဲ့ မော်ဒယ်ကိုလိုက်ပြီး ဈေးတတ်လာနိုင်တယ်လို့ ကားဈေးကွက် ကျွမ်းကျင်သူတွေက သုံးသပ် ထားကြပါတယ်။

ပြည်တွင်းမှာတပ်ဆင်ထုတ်လုပ်ဖို့ ဂျပန်ကားစက်ရုံ အချို့တာဆူနေပေမယ့်လည်း ဈေးနှုန်းအားဖြင့်တော့ ကားအသစ်တစ်စီးကို သိန်းနှစ်ရာအထက်မှာရှိနေတဲ့အတွက် ညာမောင်းတစ်ပတ်ရစ်ဂျပန်ကားတွေဈေးကွက် ကရှေ့နှစ်ထဲမှာပန်းပန်လျက်ဘဲရှိနေအုံးမှာပါ။ပြည်တွင်းက သုံးစွဲသူတွေအနေနဲ့လည်း အသုံးပြုရတာအသား ကျနေပြီး အပိုပစ္စည်းလွယ်ကူနေတဲ့ တစ်ပတ်ရစ်ကားတွေကို လက်ရှိအချိန်ထိတော့ ပြည်တွင်းထုတ်ကားတွေ ထက်ပိုမိုကြိုက်နှစ်သက်နေဆဲဆိုတာ ငြင်းလို့မရတဲ့အချက်တစ်ခုဖြစ်ပါတယ်။အရင်က ပြည်တွင်းမှာ ကားတွေ ထုတ်ခဲ့ဖူးပြီး ကြာရှည်မခံတဲ့ အရည်အသွေးနဲ့ကားအခြေအနေတွေကိုလည်း ကားဝယ်မယ့်သူတွေက ထည့်သွင်းစဉ်းစားနေကြလို့ ပြည်တွင်းမှာSKD/CKDစနစ်နဲ့ထုတ်မယ့်ကားတွေအတွက် အရည်အသွေးပိုင်းကို အထူးဦးစားပေးပြီး ဂျပန်နိုင်ငံရဲ့ စံနှုန်းတွေအတိုင်းဖြစ်နိုင်အောင် ထုတ်လုပ်ကြဖို့လိုအပ်နေပါတယ်။

ဒီအကြောင်းတွေကြောင့် လာမယ့်နှစ်မှာဘယ်မောင်းတွေဘဲဈေးကွက်အတွင်းမှာ ရှိလာမှာဖြစ်ပေမယ့် ရှိနေပြီး သားညာမောင်းကားတွေကတော့ အတတ်ဈေးနဲ့ဘဲအရောင်းအ၀ယ်ဖြစ်နေအုံးမယ်လို့ ကားလောကအတွင်းမှာ သုံးသပ်ဝေဖန်ထားပါတယ်။

“ကားရေစီးကြောင်းအပြောင်းအလဲ”

ကားဈေးကွက်အတွင်းမှာ ဂျပန်ကားတွေရဲ့ စိုးမိုးခဲ့မှုက ၂၀၁၀ကားတင်သွင်းခွင့်ရေစီးကြောင်းအပြောင်းအလဲ မတိုင်ခင်ထဲကရှိနေခဲ့တာဖြစ်ပြီး ကားတင်သွင်းခွင့်တွေကို အတားအဆီးတွေလျှော့လိုက်တဲ့ ၂၀၁၀နောက်ပိုင်း မှာတော့ ဂျပန်ညာမောင်းတစ်ပတ်ရစ်တွေက ပြည်တွင်းကို အလုံးအရင်းနဲ့ဝင်ရောက်လာပါတော့တယ်။အရင်က ကားတစ်စီးကို သိန်းတစ်ထောင်ကျော်ပေးစီးရတဲ့အခြေအနေကနေ ကားတစ်စီးကို သိန်းရာဂဏန်းလောက်နဲ့ ၀ယ်နိုင်တဲ့အခြေအနေဖြစ်သွားလို့ လူလတ်တန်းစားတွေအပါအ၀င် ပြည်တွင်းမှာ ကားအသုံးပြုနိုင်သူ အရေအတွက်ကလည်းအာစီယံဒေသတွင်းမှာအရှိန်အဟုန်နဲ့ တိုးတတ်လာတဲ့နိုင်ငံတစ်ခု အဖြစ်ရောက် လာခဲ့ပါတယ်။

အစိုးရအပြောင်းအလဲဖြစ်ပြီးတဲ့နောက်၂၀၁၅နောက်ပိုင်းမှာတော့ ရန်ကုန်မှာယာဉ်ကြောပိတ်ဆို့မှု အခြေအနေ အပါအ၀င် ပြည်ပသွင်းကုန် မူဝါဒပြောင်းလဲမှုတွေကြောင့် ကားတင်သွင်းခွင့်အချို့ကို ပြန်လည် တင်းကြပ်ခဲ့ပါတယ်။ဒါကြောင့်အဲဒီအချိန်ကကစပြီး ပြည်တွင်းကားဈေးကွက်အခြေအနေက အတတ်ပိုင်းကို တရိပ်ရိပ် ပြလာခဲ့ပါတယ်။အစိုးရသစ်အနေနဲ့ ပြည်ပကကားတင်သွင်းခွင့်အစား ပြည်တွင်းမှာ ကားကုမ္မဏီတွေ ကိုလာရောက်ဖွင့်လှစ်ပြီး SKD/CKD စနစ်တွေနဲ့တပ်ဆင်ထုတ်လုပ်ဖို့ ဦးစားပေးလာတဲ့ အရိပ်အယောင်တွေ မြင်လာရပါတယ်။ပြည်ပနိုင်ငံတွေကနေ တစ်ပတ်ရစ်ကားတွေတင်သွင်းနေမှုအစားပြည်တွင်းမှာတပ်ဆင် ထုတ်လုပ်ခြင်းအားဖြင့် ပြည်တွင်းလုပ်သားတွေအတွက်အလုပ်အကိုင်အခွင့်အလမ်းတွေရလာမှာဖြစ်သလို ကားအသုံးပြုသူတွေကိုလည်း အသစ်စက်စက်ကားတွေ ၀ယ်ယူနိုင်မယ့်အခြေအနေတစ်ခုဖြစ်အောင် အစိုးရ ကဖန်တီးလုပ်ဆောင်နေတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်။

ဒီလိုကားရေးစီးကြောင်းအပြောင်းအလဲက ၀မ်းမြောက်ဝမ်းသာကြိုဆိုကြရမှာဖြစ်ပြီး လူလတ်တန်းစာတွေ အတွက်ကိုလည်း တစ်ပတ်ရစ်ကားဈေနှုန်းတွေနဲ့ ပြည်တွင်းထုတ်ကားအသစ်တွေဝယ်စီးနိုင်အောင် အစိုးရ အပိုင်းက အခွန်အခသတ်မှတ်ချက်တွေ လျှော့ချပေးဖို့လိုအပ်ပါတယ်။

နိဂုံးချုပ်အနေနဲ့တော့ ဂျပန်နိုင်ငံထုတ် လူကြိုက်များနေတဲ့ တစ်ပတ်ရစ်ကား(ညာမောင်း)တွေကို ၀ယ်ယူမယ်ဆိုရင် အခုချိန်ကအသင့်တော်ဆုံးဖြစ်ပါလိမ့်မယ်။ကားတင်သွင်းခွင့်မူဝါဒထွက်လာပြီးရင်တော့ ညာမောင်းကားတွေဈေးက အခုလက်ရှိဈေးနှုန်းတွေထက် ပိုတတ်သွားဖို့ရှိနေပါတယ်။ရှေ့နှစ်ထဲမှာ ဘယ်မောင်းကားတွေကို ဘဲတင်သွင်းနိုင်တော့မယ့်အခြေအနေဖြစ်နေလို့ သိန်းတစ်ရာဝန်းကျင်နဲ့ ကးတစ်စီး ၀ယ်စီးနိုင်ဖို့ ခက်ခဲတဲ့ အနေအထားတစ်ခုကို ရောက်သွားတော့မှာပါ။ လက်ရှိကားဈေးကွက် အပြောင်းအလဲတွေကြောင့်ကားဝယ်စီးဖို့ ရည်ရွယ်နေသူတွေအတွက် ကားအသစ်နဲ့တစ်ပတ်ရစ် ကြားမှာ ဘာကိုရွေးချယ်ကြမလဲဆိုတာ ဝေခွဲရခက်တဲ့ အခြေအနေတစ်ခုလဲဖြစ်နေပါတယ်။

အောင်ပြည့်စုံ

 

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*