မြန်မာ့မြေထွက်ကျောက်မျက် သယံဇာတ နောင်လာနောင်သားတွေ အတွက် ကျန်အောင် လုပ်တော့မည်

မြန်မာ့မြေထွက်ကျောက်မျက် သယံဇာတ နောင်လာနောင်သားတွေ အတွက် ကျန်အောင် လုပ်တော့မည်
August 28, 2017 Asian Fame

1:53 pm
မြန်မာ့မြေထွက်ကျောက်မျက် သယံဇာတ နောင်လာနောင်သားတွေ အတွက် ကျန်အောင် လုပ်တော့မည်

2(နေပြည်တော် ၊ သြဂုတ် ၂၈)

မြန်မာ့မြေထွက် ကျောက်မျက်ရတနာ ၊တွင်းထွက် သတ္တုသယံဇာတတွေကို အနာဂတ်နိုင်ငံတော် နဲ့ နောင်လာနောင်သားတွေ အရှည် သဖြင့် သုံးဆောင် ခံစားနိုင်ရေး ဆောင်ရွက်ဖို့ ဒီကနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် မှာ အတည်ပြု လိုက်ပြီဖြစ်ပါတယ်။

စေတုတ္တရာ မဲဆန္ဒနယ် အမတ် ဦးကျော်အောင်လွင် တင်သွင်းတဲ့ “နိုင်ငံတော်နှင့် နိုင်ငံသားများ ပိုင်ဆိုင်သည့် ပေါကြွယ် ၀လှသော ကျောက်မျက် ရတနာများနှင့် တွင်းထွက် သတ္တု သယံဇာတများအား အနာဂတ် နိုင်ငံတော်နှင့် နောင်လာနောက်သားများ အရှည်သဖြင့် သုံးဆောင် ခံစားနိုင်ရေးအတွက် စနစ်တကျ တူးဖော်ထုတ်လုပ် ထိန်းသိမ်း စောင့်ရှောက်ပေးပါရန် နိုင်ငံတော် အစိုးရအား တိုက် တွန်းကြောင်း” အဆိုကို ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ ကိုယ်စားလှယ် ၁၆ ဦးကထောက်ခံ ဆွေးနွေးခဲ့ပြီး အဆိုကို အတည်ပြု လိုက်တာဖြစ် ပါတယ်။

ထောက်ခံဆွေးနွေးရာမှာ အများစု အကြံပြုတင်ပြတဲ့ အချက်တွေကတော့ ရတနာနယ်မြေတွေမှာ စက်ယန္တရား သုံးတူးဖော်မှုတွေကို ထိန်းချုပ် ကန့်သတ် တားဆီးဖို့ ၊ လက်ရှိ ပြည်သူ့လွှတ်တော်ကို ရောက်ရှိနေပြီဖြစ်တဲ့ ကျောက်မျက်ဥပဒေကို သေချာ ဆုံးဖြတ်သုံးသပ်ဖို့ ၊ ကျောက်စိမ်း ကို သီးသန့် ဥပဒေတစ်ရပ် အနေနဲ့ရေးဆွဲဖို့ စတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။

ဒါနဲ့ပတ်သတ်ပြီး သယံဇာတ နဲ့သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီးဌာနက လည်း အဆိုကို ထောက်ခံကြောင်းနဲ့ အတည်ပြုပေး ဖို့ လွှတ်တော်ကို တိုက်တွန်းပြောဆိုခဲ့ပါတယ်။

နောက်မှာတော့ အဆိုကို ကန့်ကွက်သူ မရှိတာကြောင့် အတည်ပြု လိုက်ကြပါတယ်။

အဆိုတင်သွင်းသူ ဦးကျော်အောင်လွင်က အဆို တင်သွင်းစဉ်အခါက “ဒီသယံဇာတတွေ ကို မည်သူတွေ ခံစား သုံးဆောင်နေပါ သလဲ အဖြေ ရှာရမှာပါ။ သယံဇာတ စီမံခန့်ခွဲမှု အစီရင်ခံရဲ့ သယံဇာတ အထွက်ဆုံး ၅၈ နိုင်ငံမှာ အဆင့် ၅၈ ဖြစ်နေပါတယ်။ ၂၀၁၄ တစ်နှစ် တည်း တရားဝင် ကျောက်စိမ်း တူးဖော်တ်မှု US ဒေါ်လာသန်းထောင်ပေါင်း ၃၁ ရှိတယ်လို့ နိုင်ငံတကာစောင့်ကြည့်ရေး အဖွဲ့ တစ်ခုက ခန့်မှန်းထားတာတွေ့ရပါတယ်။

ဟောင်ကောင်မှာ ၂၀၁၄ ခုနှစ်က လေလံဆွဲ ၀ယ်ယူခဲ့တဲ့ ကျောက်စိမ်း ၂၇ လုံးနဲ့ သီကုံးထားတဲ့လည်ဆွဲဟာ US ဒေါ်လာ ၂၇.၄၄ သန်း မြန်မာငွေ သိန်းပေါင်း သုံးသိန်းခုနှစ်သောင်းကျော် နဲ့ စံချိန်တင်ရောင်းချခဲ့တာကို ကြည့်ရင် အဖိုးတန် ကျောက်စိမ်းတွေ ၇၀ ရာခိုင်နှုန်းလောက် ပြည်ပကိုမှောင်ခို ထွက်နေတယ်ဆိုတာ ခန့်မှန်းလို့ရပါတယ်” လို့ ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ကျောက်စိမ်း ထွက်ရှိရာနေရာတွေ ကတော့ ကချင်ပြည်နယ်မှာ လုံးခင်း ၊ ဖားကန့် ၊ မိုးညှင်းမြို့နယ် က မော်ဟန် ၊ စစ်ကိုင်း တိုင်းဒေသကြီးက မော်လူးနဲ့ ခန္ဒီး စတဲ့ ဒေသတွေဖြစ်တယ် လို့သိရပါတယ်။

လုံးခင်းဖားကန့် ရတနာနယ်မြေ အဖြစ်သတ်မှတ်ထားတဲ့ ဧရိယာဟာ ၁၇၄၄၇၅၇ ဧကရှိတယ် လို့ သိရပါတယ်။ ဒီထဲမှာ ပုဂ္ဂလိက ကုမ္ပဏီ ၅၂၂ ခုအတွက် ချထားပေးတဲ့ လုပ်ကွက်ပေါင်း ၅၀၇၀ ကွက် အကျယ် အ၀န်း ၅၀၇၀ ဧကရှိကြောင်း ၊ကျောက်နီ လုပ်ကွက် ချထားပေးတဲ့ ကုမ္ပဏီ ၆ ခု အတွက် ၁၇ ဧက ရှိကြောင်း ၊ အကျိုးတူ ကုမ္ပဏီ ၁၆၂ ခုနဲ့ အကျိုးတူ လုပ်ကွက် ၂၂၄ ကွက် ချထားပေးတဲ့ ဧရိယာကတော့ ၈၆၇၃ ဧကဖြစ်ကြောင်း သိရပါတယ်။

အခုချိန်မှာလုပ်ကွက်သက်တမ်းတွေ လစဉ်နဲ့အလိုက် ကုန်ဆုံးနေတဲ့ အတွက် ဒီလောက်တော့မရှိလောက်တော့ပါဘူုး။

စိုင်းလမင်း ၊ ရဲလွင်

Comments (0)

Leave a reply

Your email address will not be published. Required fields are marked *

*